Tuesday, March 31, 2020

မန္တလေးမှ VOM အယ်ဒီတာချုပ်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီး

မန္တလေးမှ VOM အယ်ဒီတာချုပ်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီး
31-Mar-2020

မန္တလေး၊ မတ် ၃၁

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် မကြာသေးမီက ကြေညာထားသော AA အဖွဲ့ကို ဆက်သွယ်အင်တာဗျူးကာ သတင်းထုတ်လုပ်မှုဖြင့် မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုး(ခ)ကိုနေမျိုးလင်းကို ယမန်နေ့ ညပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

AA ပြောရေးဆိုခွင့်ရှိသူနှင့် မတ် ၂၇ ရက်က အင်တာဗျူးကို ထုတ်လွှင့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်ဝင်းက တရားလိုပြုလုပ်ကာ မန္တလေးမြို့ အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊ ၅၂(က) တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးခံရသော အယ်ဒီတာချုပ် ဦးနေလင်း(ခ)ဦးနေမျိုးလင်းကို ချမ်းမြသာစည် တရားရုံး၌ မတ်လ ၃၁ ရက်နံနက်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂ (က) ဖြင့် ချုပ်မိန့်ရမန်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်၊ တရားရုံးသတင်းပြန်ကြားရေး အရာရှိမြို့နယ်တရားသူကြီး ဦးကျော်စွာလင်း ကပြောသည်။
Voice Of Myanmar သတင်းဌာနတွင် မတ်လ ၂၇ ရက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားပြီ ခေါင်းစဉ်ဖြင့် AA အကြမ်းဖက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခဖြင့် ဆက်သွယ်မေးမြန်းချက်ဆိုသည့် သတင်းဖေါ်ပြမှု အပေါ် အကြမ်ဖက်တိုက်ဖျက်ဥပဒေဖြင့် ချုပ်ရက်ရမန်(စတင် တရားစွဲဆိုခဲ့ခြင်း)တောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်စွာလင်းက ဆက်လက်ရှင်းပြသည်။

"တရားလိုက မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှုးခင်မောင်ဝင်း ပါ။ မတ်လ ၃၀ ရက် မှ ဧပြီ ၉ ရက်အထိ ချုပ်ရက်ပေးထားပါတယ်။ ဒီကနေ့လုပ်ငန်းစဉ်က ဒါပါပဲ" ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသည့်ညတွင် အဆက်အသွယ်လုံးဝမရရှိပဲ ယနေ့( မတ်လ ၃၁ ရက်နေ့ )နံနက်ပိုင်းတွင် နေအိမ်အပေါ်ထပ် တိုက်ခန်းရှိ VOM သတင်းဋ္ဌာနရုံးခန်းမှ သက်သေခံပစ္စည်းများလာရောက်သိမ်းဆည်းသည့်အချိန်မှသာ ခဏတွေ့ဆုံခဲ့ရပြီး ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ချုပ်မိန့်ရမန်ယူခဲ့ခြင်းဖြစ်ကြောင်း ဦးနေလင်း၏ဇနီးဖြစ်သူ မဇာနည်မာန်က ပြောသည်။

မတ်လ ၃၀ ရက်နေ့ ည ၉ နာရီကျော်တွင် ဦးနေလင်းနေထိုင်ရာ ချမ်းမြသာစည်မြို့နယ် ၊ ဘိုအိမ်တန်းတိုက်ခန်းသို့ မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ဝင်များ (စစစ) နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရန်အတွက်ဟုဆိုကာ လာရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မဇာနည်မာန်က ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) သည် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်ပြီး ပုဒ်မ ၅၂(က)သည် ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၁၀ နှစ် အထိ အမိန့်ချမှတ်အရေးယူနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးသည့် ရွာသူကြီး ဓားဖြင့်အထိုးခံရ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးသည့် ရွာသူကြီး ဓားဖြင့်အထိုးခံရ
31-Mar-2020
ကျိုင်းတုံ၊မတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် ဟိုနားအောက်ရွာတွင် မတ္လ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးသည့် ရွာသူကြီးတစ်ဦး ဓားဖြင့်အထိုးခံရကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်ဆွေက ပြောကြားသည်။ 

"ရွာသူကြီးနဲ့ဆယ်အိမ်ခေါင်းက ဒီရောဂါနဲ့ပတ်သက်ပြီး ညအိပ်ညည့်နေ ဧည့်သည်တွေလာရင် အကြောင်းကြားပေးဖို့ လိုက်ပြောချိန်မှာ သူ့အိမ်ထဲအထိ ဝင်ပြောရမလားဆိုပြီး ဓားနဲ့ထိုးတာလို့သိရတယ်။တရားခံကိုတော့ ဒီမနက် ၁၁ နာရီကျော်မှာ ဖမ်းမိခဲ့တယ်"ဟု၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ရွာသူကြီး ဦးအောင်မြင့်သန်း(၅၅ နှစ်)သည် ယာဘက်ဝမ်းဗိုက်ဘေး ၄ လက်မခန့် ပွန်းခြစ်ဒဏ်ရာနှင့်နောက်ကျောဝဲဘက်လက်ပြင် ၁ လက်မခန့်ပြတ်ရှဒဏ်ရာ ရရွိခဲ့၍ ဦးအောင်ဝင်း(၅၇ နှစ်)ကို (ပ)၂၆၂/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၃၃ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

မောင်တောတွင် မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိ

မောင်တောတွင် မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိ
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး သုံးဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာနှင့် မင်္ဂလာညွန့် ကျေးရွာနေ ဒိုင်းနက်လူမျိုး ရွာသား ၁၂ ဦးသည် မတ်လ ၃၀ ရက်နေ့နံနက်ပိုင်းက အမဲလိုက်ရန် ခမောင်းဆိပ်ကျေးရွာမှ မော်တော်ဆိုင်ကယ်လေးစီးဖြင့် ထွက်ခွာခဲ့ရာ ခမောင်းဆိပ်-အောင်ဇူကားလမ်းဘေး၌ မော်တော်ဆိုင်ကယ်များကို ရပ်တန့်၍ လမ်းလျှောက်သွားစဉ် လှိုင်သီချောင်းတံတားနှင့် ပေ ၂၀ ခန့်အကွာသို့ အရောက်၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရွာသားနှစ်ဦးသေဆုံးပြီး သုံးဦးမိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထိလူနာများသည် ခမောင်းဆိပ်ကျေးရွာရှိ နယ်မြေခံတပ်သို့ ရောက်ရှိလာရာ တပ်မတော်သားများက လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ကြောင်းလည်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့ထံမှ လက်နက်များသိမ်းဆည်း

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့ထံမှ လက်နက်များသိမ်းဆည်း
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တပ်မတော်ကထိန်းသိမ်းခဲ့သည့် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့ထံမှ လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ် လ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ အနီးတစ်ဝိုက်တွင် မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမှု နှင့်ပတ်သက်၍ တပ်မတော်က ကောင်းခါး ပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်ထိန်းသိမ်းခဲ့ပြီး လက်နက်များပါ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့ထံမှ မတ်လ ၂၉ ရက်နေ့အထိ လက်နက်မျိုးစုံ ၁၅၈၅ လက်၊ ကျည်မျိုးစုံ ၅၀၈,၉၃၇  တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၀၉၅ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အနီးတစ်ဝိုက်ဒေသများမှ တရားမဝင် မူးယစ်ဆေးဝါးအမြောက်အမြား သုံးကြိမ်တိုင်တိုင် ဖော်ထုတ်ရှင်းလင်းသိမ်းဆည်းရမိခြင်း၊ ဖြစ်စဉ်များတွင် ဖမ်းဆီးရမိတရားခံများနှင့် ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ တာဝန်ရှိသူအချို့ ပတ်သက်ဆက်စပ်နေခြင်းနှင့် တာဝန်ရှိနေခြင်း စသည့်အချက်များကြောင့် တပ်မတော်ကတာဝန်ရှိသူများကို ညှိနှိုင်းကာ လက်နက်အပ်နှံစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့အနေနှင့် သာမန်အရပ်သားအဖြစ်သာ ရေရှည်တရားဝင်စီးပွားရေးလုပ်ငန်းများအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးထူထောင် လုပ်ကိုင်ဆောင်ရွက်လိုခြင်း၊ ရှိပြီးကုမ္ပဏီများဖြင့် နိုင်ငံတော်ကခွင့်ပြုသည့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။                          

ကပ်ရောဂါ ဖြစ်ပွားနေချိန် စစ်ပွဲများ ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများ ပူးတွဲကြေငြာ

ကပ်ရောဂါ ဖြစ်ပွားနေချိန် စစ်ပွဲများ ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများ ပူးတွဲကြေငြာ

မင်းသစ္စာခိုင် (မတ်လ ၃၁)

Covid-19 (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စစ်ပွဲများအားလုံးအပစ်အခတ်ရပ်စဲကြပါရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အာစီယံအဖွဲ့ဝင် အစိုးရများကို တိုက်တွန်းချက်အပေါ် အရပ်ဘက်ပြည်သူအဖွဲ့အစည်းများ၏ ပူးတွဲကြေငြာချက်ကို မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အရပ်ဖက်အဖွဲ့အစည်း ၂၆၆ ဖွဲ့က ပူးပေါင်းပါဝင်သော ကြေငြာချက်တွင်  အစိုးရအနေဖြင့် လူသားလုံခြုံရေးနှင့် ပဋိပက္ခဖြစ်တန်ခြေအသိသတိကို အခြေခံမူများအဖြင့် ကျင့်သုံးကာ လူ့အခွင့်အရေးဥပဒေများ၊ စံချိန်စံညွှန်းများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ရန်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသမှ ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများ၊ နိုင်ငံမဲ့များ၊ နေရပ်စွန့်ခွာသူများ မသန်စွန်းများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အစရှိသည့် ရပ်ရွာပြည်သူများအား ရောဂါကြောင့် ပို၍ ထိခိုက်နိုင်ပုံကို အလေးနက်သတိထားဆောင်ရွက်ရန်ဟု ဖော်ပြပါရှိသည်။

“လက်ရှိမှာ ရခိုင်တို့ ရှမ်းပြည်နယ်တို့ စစ်ပွဲရှိနေတယ်လို့ ကြားရတာပေါ့။ ဒီလိုအချိန်မျိုးမှာ စစ်ပွဲတွေ ရပ်တန့်စေချင်တာပေါ့။ အတိဒုက္ခရောက်တဲ့သူတွေကလည်း စစ်ကိုပဲ ရှောင်ရမှာလား။ ရောဂါဘေးကို ကာကွယ်ရမှာလားဆိုတဲ့ဟာကို တော်တော်လေး ရှုပ်ထွေးတဲ့အချိန်ဖြစ်နေတာပေါ့။ အခုအချိန်မှာ စစ်ပွဲဆိုတာထက် Covid ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို အဓိကထားစေချင်တယ်” ဟု ထုတ်ပြန်ကြေငြာချက် ပြောရေးဆိုခွင့် တာဝန်ခံ ကိုသတိုးအောင် ပြောသည်။

လက်ရှိအချိန်တွင် စစ်ဆင်ရေးတိုးမြှင့်လာမည်ကို မလိုလားပါကြောင်းနှင့် မည်သည့်ဒေသကိုမဆို စစ်ပွဲတွေ ရပ်ဆိုင်းပေးရန် တောင်းဆိုပါကြောင်း သူကဆက်ပြောပါသည်။

တိုးတက်သော နိုင်ငံများတွင်လည်း Covid-19 ကို တုန့်ပြန်နိုင်ရန် ကြိုးစားနေချိန်တွင် ပြင်ဆင်မှုနှင့် ထောက်ကူပြပစ္စည်းအားနည်းသော မြန်မာနိုင်ငံတွင် ရောဂါကပ်ဘေးဆိုးရွားမည်ကို ပြည်သူအများ စိုးရိမ်လျက်ရှိသည်။

ကပ်ဘေးကို ထိန်းချုပ်ရန် လိုအပ်သော အလုပ်မှန်သမျှကို အရှိန်အဟုန်မြှင့်ပြီး အများနှင့်အတူ ရင်ဆိုင်နေရသော ယခုပြဿနာကို ဖြေရှင်းရန် ကောင်းမွန်ထိရောက်သော အဖြေရှာကြရန် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားသည်။

“လက်ရှိအနေအထားမှ ဒီရောဂါက အရေးကြီးတဲ့အချိန်ဖြစ်တယ်။ အစိုးရအနေနဲ့ စစ်ဘက်ဆိုင်ရာကိစ္စမှာ အပစ်အခတ်ရပ်စဲထားဖို့ သင့်တယ်။ စစ်ပွဲဆက်ဖြစ်နေမယ်ဆိုရေင် အစိုးရရော၊ တပ်မတော်ရော တိုင်းရင်းသားဘက်ကရော ဒီရောဂါအပေါ်မှာ ဘယ်လိုမှ စီမံခန့်ခွဲနိုင်မှာမဟုတ်ဘူး။ စီးပွားရေး၊ ဖွံ့ဖြိုးရေးအပိုင်းရော ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် စစ်ပွဲတွေ ရပ်စဲထားရမယ်” ဟု မွန်အမျိုးသမီးအစည်းအရုံး MWO ဥက္ကဋ္ဌ မိကွန်းချမ်းနွန်က ပြောသည်။

စစ်ပွဲများ ရပ်စဲပြီး Covid-19 ရောဂါကာကွယ်ရေးအတွက် စနစ်တကျ တုန့်ပြန်ပြီး အလေးထားဆောင်ရွက်ရန်နှင့် လက်ရှိအကျပ်တည်းကာလတွင်ပင် စစ်ဆင်ရေးတိုးမြင့်လာမည်ကို စိုးရိမ်ကြောင်း သူမက ဆက်ပြောသည်။

UNHCR ၏အဆိုအရ ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှ၌ စစ်ပွဲများကြောင့် ဒုက္ခရောက်ကြသူ ၃.၃၇ သန်း ခန့်မှန်းခြေ ၁.၄၆ သန်းက ဒုက္ခသည်များဖြစ်ကြကြောင်း၊ နိုင်ငံတစ်ခုခုတွင် ခိုလှုံခွင့်တောင်းခံသူ ၇၅,၀၀၀ ခန့်ရှိပြီး ၁.၁၇ သန်းမှာ နိုင်ငံမဲ့များဖြစ်ကြပြီး နေရပ်စွန့်ခွာသူ (၆၆၀,၀၀၀) ကျော်ရှိကြောင်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

http://burmese.monnews.org/2020/03/31/%e1%80%80%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94/

COVID-19 ကူးစက်ရောဂါ ကာလအတွင်း အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ တိုက်တွန်းချက်အား လိုက်နာကြရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

COVID-19 ကူးစက်ရောဂါ ကာလအတွင်း အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ တိုက်တွန်းချက်အား လိုက်နာကြရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
PUBLISHED 31 MARCH 2020
 
 မင်းနိုင်စိုး

COVID-19 ကူးစက်ရောဂါကာလ အတွင်း အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ တိုက်တွန်းချက်အား လိုက်နာကြရန် မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်း ၃၀၀ ကျော်က မတ် ၃၀ ရက် တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုသည်။
COVID-19 ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှ နိုင်ငံများတွင် လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင် ရေးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်က စစ်ပွဲများအားလုံး အပစ်အ ခတ်ရပ်စဲကြရန် အာဆီယံအဖွဲ့ဝင်အစိုးရ များကို တိုက်တွန်းထားပြီး COVID-19 ရောဂါထိန်းချုပ်ရေးတွင် အာရုံစိုက်နိုင်ရန် အတွက် အဆိုပါ တိုက်တွန်းချက်အား လိုက် နာရန် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က မတ် ၃၀ ရက် တွင် ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခြင်းဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင် လက်ရှိဖြစ်ပွားနေဆဲ တိုက်ပွဲများမှာ ဖိလစ်ပိုင်နှင့် မင်ဒါနာအိုတွင် လည်းကောင်း၊ အင်ဒိုနီးရှား ရှိ အနောက်ပါပူဝါတွင်လည်းကောင်း၊ ထိုင်း နိုင်ငံတောင်ပိုင်းတွင်လည်းကောင်း၊ မြန်မာ နိုင်ငံ၏ တိုင်းရင်းသားပြည်နယ်များတွင် လည်းကောင်း တွေ့ရှိရသည်ဟု အရပ်ဘက် အဖွဲ့အစည်းများ၏ ကြေညာချက်၌ ပါရှိသည်။
UNHCR ၏ အဆိုအရ ၂၀၁၇ ခုနှစ် တွင် အရှေ့တောင်အာရှ၌ စစ်ပွဲကြောင့် အတိဒုက္ခရောက်ကြရသူပေါင်း ၃ ဒသမ ၃၇ သန်းရှိပြီး ခန့်မှန်းခြေ ၁ ဒသမ ၄၆ သန်းမှာ ဒုက္ခသည်များဖြစ်ကြောင်း၊ နိုင်ငံတစ်ခုခုတွင်  ခိုလှုံခွင့်တောင်းခံလိုက်ရသူများမှာ ၇၄၄၁၆ ဦးရှိကြောင်း၊ ၁ ဒသမ ၁၇ သန်းမှာ နိုင်ငံမဲ့ များနှင့် ၆၆၅၀၅၁ ဦးမှာ နေရပ်စွန့်ခွာရသူ များဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
COVID-19 က အကျပ်အတည်း ကြောင့် ဖြစ်လာသော ရွှေ့ပြောင်းနေထိုင်ကြ ရခြင်းကိုကိုင်တွယ်ရာတွင် အစိုးရများ၏ စွမ်းဆောင်ရည်ကိုလည်းကောင်း၊ ယင်းတို့ ၏ ကပ်ဘေးတုံ့ပြန် ဆောင်ရွက်နိုင်ပုံကို လည်းကောင်း စမ်းသပ်နေသည်မှာ မငြင်း နိုင်ကြောင်း အရပ်ဘက် ပြည်သူ့အဖွဲ့အ စည်းများက ကြေညာသည်။
အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသော နေရာများနှင့် နိုင်ငံရေး မတည်ငြိမ်သော နေ ရာများမှ ရပ်ရွာပြည်သူများ၊ စီးပွားရေးနိမ့်ကျ ပြီး လူမှုရေးအရင်းအမြစ်များလည်း ယိုင်နဲ့ နေသော နေရာများမှ လူမှုဘဝများသည် ရောဂါကြောင့် ယခုပို၍ပင် ထိလွယ်ခိုက် လွယ်ဖြစ်ကာ လက်ရှိပဋိပက္ခများကို ပိုမိုဆိုး ရွားစေခြင်း သို့မဟုတ် ပဋိပက္ခအသစ်များ ပေါ်ပေါက်လာခြင်းတို့ ဖြစ်လာမည်ကို များ စွာစိုးရိမ်ပူပန်ကြောင်း ယခုကြေညာချက် တွင် ပါရှိသည်။
ထို့ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအ တာဖြင့် အပစ်အခတ် ရပ်စဲရေးမှာ ပညာ သတိရှိသော ခြေလှမ်းဖြစ်ရုံသာမက ကျင့် ဝတ်သီလအရ လိုအပ်သဖြင့် စောင့်ကိုစောင့် ထိန်းရမည် ဖြစ်ကြောင်း၊ကပ်ရောဂါဘေးကို ထိန်းချုပ်နိုင်ရန် လိုအပ်သောအလုပ်မှန် သမျှကို အရှိန်အဟုန်မြှင့်ပြီး အများနှင့်အတူ ရင်ဆိုင်နေရသော ယခုပြဿနာကို ဖြေရှင်း ရန် ကောင်းမွန်ထိရောက်သော အဖြေရှာ ကြရပါမည်ဖြစ်ကြောင်း ယခု ကြေညာချက် တွင် ဖော်ပြသည်။
အပစ်အခတ်ရပ်စဲလိုက်ပါက လူသား ချင်း စာနာမှုဆိုင်ရာ အထောက်အကူများမှာ ချိနဲ့သောရပ်ရွာလူ့အသိုက်အမြုံများသို့ ရောက်ရှိလာနိုင်ပြီး လက်နက်ဖြင့် မပစ် မခတ်ရဘဲ အရေးပေါ်အခြေအနေအတွက် ညှိနှိုင်းအဖြေရှာနိုင်ကာ ပူးပေါင်းဆောင် ရွက်နိုင်သည့် အခင်းအကျင်းကို လမ်းမလွဲ စေဘဲ ဖွင့်လှစ်နိုင်ကြမည်ဖြစ်ကြောင်း အရပ် ဘက်ပြည်သူ့အဖွဲ့အစည်းများက ကြေညာ သည်။
လူသားချင်းစာနာမှု အကူအညီပေး ရေးလမ်းကြောင်းများ ဖော်ထုတ်နိုင်ရေးနှင့် အကူအညီများသယ်ပို့နိုင်ရေး၊ အထူးသဖြင့် ကျန်းမာရေး ပညာပေးလုပ်ငန်းများနှင့် ကျန်း မာရေး စောင့်ရှောက်မှုများကို ပဋိပက္ခဖြစ်ရာ အရပ်မှ ဒေသခံများထံပေးနိုင်ရန် မိမိတို့ တပ်များဘက်ကစ၍ အပစ်အခတ်ရပ်စဲရေး ကို ချက်ချင်းကြေညာပေးရန် အရပ်ဘက် ပြည်သူ့အဖွဲ့အစည်းများက တောင်းဆိုသည်။
အစိုးရအစီအမံများနှင့် လုံခြုံရေးလုပ် ငန်းများကို ကပ်ဘေးတုံ့ပြန်ရေး အစီအစဉ် များတွင် ထည့်သွင်းဆောင်ရွက်ရာတွင် တည်ဆဲနိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အ ညီ ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရအနေ ဖြင့် အရေးပေါ်အခြေအနေကို ကြေညာရာ တွင်လည်းကောင်း၊ ရပ်ရွာများကို ရောဂါ မကူးစက်စေရေးအတွက် သီးခြားကန့်ထား ရာတွင်လည်းကောင်း၊ တစ်နေရာမှ တစ်နေ ရာသို့ အသွားအလာ ဖြတ်တောက်ရာတွင် လည်းကောင်း လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်များကို ထိခိုက်စေခြင်းမဖြစ်အောင် ဆောင် ရွက်ပေးရန်လည်း ၎င်းင်းတို့က တောင်းဆိုသည်။
ကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်ရာတွင် လူတိုင်းလုံခြုံရေးကို အရေးပေးဆောင်ရွက်ရ မည်ဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးလုပ် သားတို့တွင် လိုအပ်သော အကာအကွယ်များ နှင့် ကိရိယာများ လုံလောက်စွာရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်နက် များနှင့် စစ်တိုက်ရန်အတွက် သုံးစွဲနေသော ဘဏ္ဍာများကို ကျန်းမာရေးကဏ္ဍသို့ ပြောင်း ရွှေ့သုံးစွဲရမည်ကြောင်းလည်း ယခုကြေညာ ချက်တွင် တောင်းဆိုခဲ့သည်။       

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့အား လက်ခံထားခြင်းမပြုရန် KIAအဖွဲ့အား တပ်မတော် သတိပေး

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့အား လက်ခံထားခြင်းမပြုရန် KIAအဖွဲ့အား တပ်မတော် သတိပေး
PUBLISHED 31 MARCH 2020
 
မင်းနိုင်စိုး

အစိုးရအဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသော ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အား လက်ခံထားခြင်းမပြုရန် ကချင်လက်နက်ကိုင်အ ဖွဲ့ (KIA) အား တပ်မတော်က သတိပေး ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၃ ရက်နှင့် ၂၉ ရက် တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) တို့ တွေ့ဆုံခဲ့ပြီးနောက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက PCG အဖွဲ့မှ တစ်ဆင့်KIA အဖွဲ့အား သတိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတိပေးချက်တွင်  AA အဖွဲ့ ကို တပ်မတော်က စစ်ရေးအရ တိုက်ခိုက်သည့်  အခါ KIA အဖွဲ့သည်လည်း တိုက်ခိုက်ခံရ နိုင်ကြောင်း အချက်ပါဝင်သည်ဟု သိရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဓိက ကတော့ ကျွန်တော်တို့ အကြမ်းဖက်ဥပဒေ အရ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပတ်သက် မှုရှိရင် အားပေးမှုရှိရင် ဒါက အကြမ်းဖက် ဥပဒေနဲ့ အကျုံးဝင်တာပဲ ဖြစ်ပါတယ်။ ဒါ ကြောင့်မို့ သတိပေးရခြင်း ဖြစ်ပါလိမ့်မယ်။ ခုနက ပြောသလိုဟာမျိုးတော့ ဒါတွေကို တော့ ကျွန်တော်တို့ ကြိုတင်သတိပေးရ ပါလိမ့်မယ်” ဟု ပြောကြားသည်။
ထိုသို့ ကြိုတင်သတိပေးရာတွင် အ ကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာခြင်းခံရသောအဖွဲ့အား လက်ခံခြင်း သာမက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ် စေ အားပေးခြင်းများ၊ လှုံ့ဆော်ခြင်းများသည် လည်း အကြမ်းဖက်ဥပဒေအရ အကျုံးဝင် ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောကြားသည်။
“ဒီအကြမ်းဖက်ဥပဒေက အကြမ်းဖက် အဖွဲ့နဲ့ ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့လို့ ကြေညာခံထားရပြီးရင် အဲဒီအဖွဲ့နဲ့ပတ် သက်ပြီး လက်ခံတာလောက်ပဲ မဟုတ်ဘူး။ သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း အားပေးတာတွေ၊ တိုက် ရိုက်သွယ်ဝိုက်၍သော်လည်းကောင်း လှုံ့ ဆော်တာတွေရှိရင်တောင်မှ အကြမ်းဖက် ဥပဒေနဲ့ အကျုံးဝင်ပါတယ်။ ဒါကြောင့်မို့ သတိပေးခြင်း ဖြစ်ပါလိမ့်မယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်ဘက်က AA အဖွဲ့အား လက်ခံထားမှုနှင့်ပတ်သက်၍ KIA ဌာနချုပ်အား တိုက်ခိုက်ခံရနိုင်သည်ဟူသော သတိ ပေးချက်နှင့်ပတ်သက်၍ PCG အဖွဲ့ဝင် ဦး ဆန်းအောင်အား ဆက်သွယ်မေးမြန်းရာ တွင် တစ်ဖက်အဖွဲ့အစည်း၏ အမြင်ကိုလည်း အလေးထားရသည့်အတွက် လက်ရှိ အချိန်တွင် ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။
သို့သော်လည်း မတ် ၂၉ ရက်တွင် PCG အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလမိုင်ဂွန်ဂျာ က တပ်မတော်၏ အဆိုပါ သတိပေးချက် နှင့်ပတ်သက်၍ သတင်းမီဒီယာအချို့အား ပြောကြားထားပြီးဖြစ်သည်။
အစိုးရအ နေဖြင့် AA အဖွဲ့အား အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အတွက် ၎င်းအဖွဲ့အား လက်ခံထားပါက KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် KIA ထိန်းချုပ် မှုအောက်ရှိ မိုင်ဂျာယန်တို့ကို တပ်မတော်က တိုက်ခိုက်နိုင်သည်ဟု သတိ ပေးခဲ့ဟု ၎င်း၏ပြောဆိုမှုအရ သိရသည်။
KIA ၊ AA၊ TNLA နှင့်  MNDAA တို့သည် အစိုးရနှင့် Bilateral စာချုပ် လက် မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ထားသော်လည်း ပြေလည် မှုမရရှိသေးဘဲ လက်ရှိအချိန်တွင်လည်း COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် တွေ့ ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တပ်မတော် နှင့် AA တို့၏ တိုက်ပွဲများတွင် AA အဖွဲ့၏ ဆောင်ရွက်ချက်များသည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်း စိမ်အား ထိခိုက်စေသည်ဟုဆို ကာ အစိုးရက မတ် ၂၃ ရက်တွင် AA အဖွဲ့ အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့သည်။               

AA ကို လက်မခံရန် တောင်းဆိုချက် မှန်ကန်သော ဖြေရှင်းချက်မဟုတ်ဟု KIO တုန့်ပြန်

AA ကို လက်မခံရန် တောင်းဆိုချက် မှန်ကန်သော ဖြေရှင်းချက်မဟုတ်ဟု KIO တုန့်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်။
တပ်မတော်က ရက္ခိုင့်တပ်တော် AA ကို ဆက်လက် လက်ခံထားပါက လိုင်ဇာကို တိုက်ခိုက်မည်ဟု ပြောဆိုချက်သည် ပြည်တွင်း ပဋိပက္ခဖြေရှင်းရာတွင် မှန်ကန်သော ဖြေရှင်းချက် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အကြောင်းပြန်ခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “AA တွေကို အခုလို မျိုးပုံစံနဲ့ပေါ့ စစ်ရေးနဲ့ ဖြေရှင်းတာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ကျနော်တို့က သဘောထား က အဲလို ရှိပါတယ် ဆိုပြီးမှ အကြောင်းကြားထားပါတယ်” ဟုပြောသည်။
ရက္ခိုင့်တပ်တော် ULA/AA ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကနေ မောင်းထုတ်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG ကနေတစ်ဆင့် KIO ကို ပြောဆိုလာသည့်အပေါ် KIO က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူးထံ အဆိုပါအတိုင်း ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်ဟု KIO က ဆိုသည်။
ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကို နှစ်ဖက်တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းဖြင့်သာ ဆက်လက် လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံ ပြန်လည်ပေးပို့ခဲ့သည့် KIO ၏ အကြောင်းပြန်စာတွင် ထည့်သွင်းထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
“ကျနော်တို့ရဲ့ သဘောထားကတော့ မပခ တိုင်းမှူးကိုလည်း ကျနော်တို့ စာနဲ့ အကြောင်း ကြားတာရှိပါတယ်။ အဲဒီစာထဲမှာကတော့ ကျနော်တို့ KIO က နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ ရှေ့ဆက်ပြီးမှ သွားဖို့ ကျနော်တို့ အကြောင်းကြားထားတာရှိပါတယ်။”
ထို့အပြင် ယခုကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုအဖွဲ့ FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများသို့ အကြောင်းကြားထားသော်လည်း အဆိုပါ အဖွဲ့ များထံမှ တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (AA) တို့ပါဝင်သည်။
ရက္ခိုင့်တပ်တော် ULA/AA သည် လိုင်ဇာတွင် ၎င်းတို့၏ ဌာနချုပ် အနေဖြင့် ရှိမနေပဲ သင်တန်း ပြုလုပ်သည့် အနေအထားတွင်သာ ရှိသည်ဟု KIO က ဆိုသည်။
တပ်မတော်၏ လုပ်ဆောင်ချက်သည် လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို ထိခိုက်နိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပြောဆိုသည်။
“တပ်မတော်နဲ့ အစိုးရကလည်း လက်မခံဘူးဆိုရင်တော့ ထိခိုက်နိုင်တာပေါ့။ ဒါပေမယ့် တစ်ဖက်ကနေ ဆွေးနွေး မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်ပါတယ်။ ကျနော်တို့ ၄ ဖွဲ့ကလည်း ဆွေးနွေးဖို့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ သွားဖို့ ဖြစ်ပါတယ်။”
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာ ကလည်း “မြောက်ပိုင်း ၄ ဖွဲ့လည်းပဲ အစိုးရတွေနဲ့ သူတို့ Bilateral လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တစိုက်မတ်မတ် သူတို့လုပ်ဆောင်နေတာ ဖြစ် တယ်။ အခုလောလောဆယ် တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် လုပ်ဖို့အဆင်ပြေဘူး။ အဲဒီမှာ အခြေအနေစောင့်ကြည့်ရင်းနဲ့ ဒီလိုပဲ မတွေ့ဆုံနိုင်တဲ့အချိန်မှာပဲ AA ကို အကြမ်းဖက်အဖွဲ့ဆိုပြီး ပြန် ကြေငြာလိုက်တဲ့အပေါ်မှာ အခု ဆက်လက်တွေ့ဆုံဖို့အတွက် ဆိုတာကလည်း ကျနော်တို့လည်း ဆက်လက် ညှိနှိုင်းနေဆဲပဲ အခုလောလောဆယ်ပဲ” ဟု ပြောသည်။
အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral ) လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် မြောက် ပိုင်း မဟာမိတ် ၄ ဖွဲ့မှာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (AA) တို့ဖြစ်သည်။ အဆိုပါအဖွဲ့များသည် FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။
ပဏာမ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေဆဲကာလအတွင်း covid – 19 ကပ်ရောဂါဖြစ်ပွားလာ သည့် အတွက် တွေ့ဆုံဆွေးနွေးမှုများမှာလည်း ရပ်တန့်ခဲ့ ရသည်။
ဆွေးနွေးမှု ရပ်တန့်နေသည့် ကာလအတွင်း ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတွင် တပ်မတော်နှင့် ရက္ခိုင့်တပ် တော် ULA/AA တို့ တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားလာ ခဲ့သည်။
နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေစဉ် အစိုးရမှ ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရား အသင်းအဖြစ် ကြေငြာခဲ့သည့်အတွက် လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ခက်ခဲလာနိုင်သည်ဟု တိုင်း ရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

မြောက်ပိုင်း ၄ ဖွဲ့အနေနဲ့ ဆက်လက်ဆွေးနွေးရန် သဘောထားရှိကြောင်း KIO ပြော

မြောက်ပိုင်း ၄ ဖွဲ့အနေနဲ့ ဆက်လက်ဆွေးနွေးရန် သဘောထားရှိကြောင်း KIO ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်။
ရက္ခိုင့်တပ်တော် ULA/AA ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ မထားဖို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG ကနေတစ်ဆင့် ပြောဆိုလာတယ်လို့ KIO က ပြောပါတယ်။
ဒီလိုပြောလာပြီးတဲ့နောက်မှာတော့ အစိုးရက ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရား အသင်းအဖြစ် မတ်လ ၂၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။
ယခုလိုအနေအထားမျိုးမှာ အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးမှုတွေ ဘယ်လိုဖြစ်လာနိုင်သလဲ။ KIO ကရော ULA/AA ကို ဌာနချုပ် လိုင်ဇာကနေ မောင်းထုတ် ဖို့ ရှိပါသလား။ စတဲ့အကြောင်းအရာတွေကို သတင်းနှင့် မီဒီယာကွန်ရက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ဆက်သွယ်မေးမြန်းရာမှာ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KIO သဘောထားကို ခုလို စပြောပြပါတယ်။
ဗိုလ်မှူးကြီးနော်ဘူ – ကျနော်တို့ရဲ့ သဘောထားကတော့ မပခ တိုင်းမှူးကိုလည်း ကျနော်တို့ စာနဲ့ အကြောင်း ကြားတာ ရှိပါတယ်။ အဲဒီစာထဲမှာကတော့ ကျနော်တို့ KIO က နိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ ရှေ့ဆက်ပြီးမှ သွားဖို့ ကျနော်တို့ အကြောင်းကြားထားတာရှိပါတယ်။ ဒုတိယအနေနဲ့တော့ AA တွေကို အခုလို မျိုးပုံစံနဲ့ပေါ့ စစ်ရေးနဲ့ ဖြေရှင်းတာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ကျနော်တို့က သဘောထားက အဲလို ရှိပါတယ်ဆိုပြီးမှ အကြောင်းကြားထားပါတယ်။ အဓိကက အဲဒီ ၂ ချက်ပါ။
မေး – AA ကို KIO ဌာနချုပ်ကနေ မောင်းထုတ်ဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောဆိုလာတဲ့ အတွက် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ် ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်သလဲ။
ဗိုလ်မှူးကြီး နော်ဘူ – ကျနော်တို့ ၄ ဖွဲ့ကလည်း ဆွေးနွေးဖို့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ သွားဖို့ ဖြစ်ပါတယ်။ အဲဒါကတော့ တပ်မတော်ဖက်ကနဲ့ပဲ ဆိုင်ပါတယ်။ သူတို့လက်ခံမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ ဆွေးနွေးဖို့ကတော့ အဆင် သင့်ဖြစ်ပါတယ်။
မေး – အဲ့ဒီအပေါ်မှာ ULA/AA က KIO ကို ဘာများပြောဆိုလာတာတွေ ရှိသလဲ။
ဗိုလ်မှူးကြီး နော်ဘူ – ဗဟိုကော်မတီကို ဘယ်လိုပြောတယ်ဆိုတာကတော့ ကျနော်ကတော့ မသိဘူး။ ဒါပေ မယ့် ကျနော်တို့ အားလုံး သိနိုင်တဲ့ အနေအထားလောက်ကတော့ သူလည်း ဘာမှ ပြောသံတော့ မကြားမိ ပါဘူး။
မေး – လိုင်ဇာမှာက ULA/AA ဌာနချုပ် ရှိတာလား။ ဘယ်လိုပုံစံနဲ့ သူတို့က နေနေတာလဲ။
ဗိုလ်မှူးကြီး နော်ဘူ – မရှိဘူး။ ဒီမှာက သူတို့ဌာနချုပ်ပုံစံနဲ့ လုပ်တာမဟုတ်ပါဘူး။ ဒီမှာက သင်တန်းပေးတဲ့ စခန်း ပုံစံနဲ့ လုပ်ထားတာပါ။ စစ်အင်အားတွေ စုထားတာလည်း မရှိပါဘူး။
AA နဲ့ ပတ်သက်ပြီး တပ်မတော်က ဖိအားပေးလာတဲ့ ကိစ္စကို FPNCC အဖွဲ့ဝင်တွေ ဆီ အကြောင်းကြားထားပြီး ဖြစ်ပေမယ့် တခြားအဖွဲ့တွေကတော့ အကြောင်းပြန်လာတာ မရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ပထမ ၃ လ အတွင်း KNU နှင့် တပ်မတော်အကြား တိုက်ပွဲ ၅၉ ကြိမ် ဖြစ်ပွား

ပထမ ၃ လ အတွင်း KNU နှင့် တပ်မတော်အကြား တိုက်ပွဲ ၅၉ ကြိမ် ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် ယခုနှစ် ပထမ ၃ လအတွင်း တပ်မတော်နှင့် တိုက်ပွဲပေါင်း ၅၉ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ကျဆုံးမှုများ ရှိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။
ပထမ သုံးလ အတွင်း တပ်မတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် KNU ၏ ထုတ်ပြန်ချက်ထဲတွင် “မြန်မာစစ်တပ်သည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး သတ်မှတ်ထား သော နေရာကို ကျော်၍ လှုပ်ရှားမှုများပြုသောကြောင့် ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ နှင့် ပစ်ခတ်မှုများဖြစ်ပွားကာ (၃) လ အတွင်း ( ၅၉ ) ကြိမ်ရှိခဲ့သည်” ဟု ထုတ်ပြန်ချက်ထဲ တွင် ဖော်ပြထားသည်။
KNU တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်(မူတြော်ခရိုင်)တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ရှိသည်ဟု မတ်လ ၃၁ ရက် KNU ဗဟို၏ ထုတ်ပြန်ချက်က ဆိုသည်။
၎င်းတို့ ရရှိထားသည့် စာရင်းအရ တပ်မတော်မှ (၂၇) ဦး ကျဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဘက်မှ (၁) ဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့သည် ဟု KNU က ဆိုသည်။
အဆိုပါဒေသအတွင်း တပ်မတော်မှ ဖွံ့ဖြိုးရေး ဆိုသည့် ပြောဆိုမှုဖြင့် လမ်းဖောက်လုပ်မှုကို လုပ်ဆောင် လျက် ရှိသော်လည်း KNU ဖက်မှ စစ်ရေးအရ ဖောက်လုပ်သည့် လမ်းမျိုးဖြစ်လာမည် စိုးရိမ်သောကြောင့် လက်မခံရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟုသိရသည်။
ဒေသခံ ကရင် လူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်ရသည်များ ရှိသကဲ့သို့ စိုးရိမ်ထိပ်လန့်စွာ နေထိုင်နေကြ သူများလည်း ရှိသည့်အပြင် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် က ဆိုသည်။
ထုတ်ပြန်ချက်ထဲတွင် “မြန်မာစစ်တပ်၏ ကားလမ်းဖောက်လုပ်မှုကြာင့် ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူ လူထုများမှာ လူသောမြို့နယ်တွင် အိမ်ထောင်စု ( ၅၁ )စုရှိပြီး လူဦး (၃၆၇)ယောက်ရှိသည်။ ထွက်ပြေးတိမ်း ရှောင်ပြီး နေရပ်ဒေသသို့ ပြန်လည်နေထိုင်နေသော်လည်း စိုးရိမ်ကြောက်လန့်မှုနှင့် နေထိုင်ရသော အိမ် ထောင်စု ( ၉၆ )စု ရှိကာ လူဦးရေ( ၇၂၅) ယောက်ရှိသည်။ ထို့ပြင် စိုးရိမ်ပူပန်ပြီး ကြောက်လန့်မှုနှင့်သာ နေ ထိုင်ရသော အိမ်ထောင်စု ( ၂၀၁) စုရှိပြီး လူဦးရေ (၁၇၀၇) ယောက်ရှိသည်။ ထို့ကြောင့် မူတြော်ခရိုင် တပ် မဟာ ၅ အတွင်း ရှိ ကျေးရွာပေါင်း (၃၀)ရွာ မှ လူဦးရေပေါင်း ( ၂၇၉၉ )ယောက်တို့သည် မြန်မာစစ်တပ်၏ ကားလမ်း ဖောက်လုပ်မှုကြောင့် စိုးရိမ်ကြောက်လန့်မှုများဖြင့် နေထိုင်ခဲ့ရပြီး အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ ရပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
KNU သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက် နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသော်လည်း တပ်မ တော်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တန်ရာတန်ကြေးပေးမည်ဟုဆိုကာ တောင်းခံလာသည့်အတွက် AA ကို ဆန်အိတ် (၂၀) ခွဲဝေပေးခဲ့ရဟုဆို

တန်ရာတန်ကြေးပေးမည်ဟုဆိုကာ တောင်းခံလာသည့်အတွက် AA ကို ဆန်အိတ် (၂၀) ခွဲဝေပေးခဲ့ရဟုဆို 0
BY ADMIN ON MARCH 31, 2020HEADLINE

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ပြည်သူများအတွက် သယ်ယူလာသည့် ဆန်အိတ် (၁၀၀) အနက် အိတ် (၂၀) ကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က တန်ရာတန်ကြေးပေးကာ ဝယ်ယူမည်ဟုဆိုကာ အကူအညီတောင်း ခံလာသည့်အတွက် ခွဲဝေပေးလိုက်ရသည်ဟု ပလက်ဝစားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဌ ဦးစိန်ထွန်းလှ ကပြောသည်။

ပလက်ဝမြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များ ခွဲဝေရန်အတွက် ဆန်အိတ် (၁၀၀) ကို မတ်လ (၂၉) ရက်နေ့က ဆမီးမြို့မှ ပလက်ဝမြို့သို့ သယ်ယူလာသည့် ကားကို AA တပ်ဖွဲ့ ရပ်တန့်စစ်ဆေးကာ ဆန်အိတ်များလုယူသွားသည်ဟု ယမန်နေ့က ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောဆိုခဲ့ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပလက်ဝစားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဌ ဦးစိန်ထွန်းလှကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ AA တပ်ဖွဲ့အနေဖြင့် ဆန်အိတ်များကို အတင်းအဓမ္မလုယူခြင်းမဟုတ်ဘဲ အိတ် (၂၀) ကို တန်ရာတန်ကြေးပေးကာ ဝယ်ယူမည်ဟုဆိုကာ တောင်းခံလာသည့်အတွက် ခွဲပေးလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော်ပြောမယ် အိတ် (၂၀) ကိုတော့ သူတို့ကတန်ရာတန်ကြေးပေးပြီး ခွဲပေးဖို့ ကျနော်တို့ဆီအကိုအညီတောင်းတယ်လေ၊ အတင်းအဓမ္မလုယူတာမဟုတ်ဘူး၊ ကျနော်တို့ဆီအခွင့်တောင်းတယ်၊ ဒီလိုတွေ ဒီလိုကြောင့် အခက်အခဲရှိတယ်၊ ပြည်သူလူထုအတွက်လည်း နစ်နာစရာမလိုဘူး၊ ကျနော်တို့ကို အိတ် (၂၀) ရောင်းစျေးနဲ့ ရောင်းပေးပါလို့ခွင့်တောင်းတယ်၊ အဲဒါကျနော်တို့ ကော်မတီဝင်တွေက ခွင့်ပြုလိုက်တာ” ဟု ဦးစိန်ထွန်းလှကပြောသည်။

အဆိုပါဆန်အိတ်များကို တအိတ်လျှင် ကျပ်ငွေ ၂၅၅၀၀ နှုန်းဖြင့် ပခုက္ကူမြို့တွင် ဝယ်ယူကာ မင်းတပ်-မတူပီ-ဆမီးမြို့အထိ ကားသမားများက စေတနာဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ ပြန်သယ်လာသည့်အချိန်တွင် ပလက်ဝမြို့အရောက်ပေါက်စျေးမှာ ဆန်သယ်ခအပါအဝင် ကျပ်ငွေ ၃၂၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

အဆိုပါပေါက်စျေးအတိုင်း ဆန်အိတ် ၂၀ ကို ၃၂၀၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဟုဆိုကာ AA တပ်ဖွဲ့က ဆန်အိတ်များကို ယူသွားခဲ့သော်လည်း ကျသင့်ငွေအား တပါတည်းပေးချေခြင်းမရှိသေးကြောင်း၊ AA တပ်ဖွဲ့ဝင်များက လာရောက်ပေးချေမည်ဟု ကားသမားများထံ မှာကြားခဲ့သည်ဟု ဦးစိန်ထွန်းလှကပြောသည်။

ကျန်ရှိသည့် ဆန်အိတ် (၈၀) မှာ မတ်လ (၂၉) ရက်ညက ပလက်ဝမြို့ပေါ်သို့ ရောက်ရှိသွားပြီဟုသိရသည်။

ဦးစိန်ထွန်းလှက “ပိုက်ဆံတော့ ကျနော်တို့ပြန်ှရှင်းလိုက်မယ်တဲ့၊ ကားသမားများကိုလည်း သူတို့မှာလိုက်ပါတယ်၊ တန်ရာတန်ကြေးကို သူတို့ပြန်လည်ရှင်းပေးမှာပါပေါ့နော်၊ အပြင်မှာထက်တော့ စျေးသက်သာပါတယ်၊ အားလုံးကျန်းကျန်းမာမာနဲ့ ဆန်အိတ်လည်း အားလုံးရောင်းလိုက်တယ်၊ အဆင်ပြေပါတယ်၊ လောလောဆယ်တော့ ကျနော်တို့က (၁၀၀) လောက်ပဲသယ်ပါတယ်၊ လောလောဆယ်တော့ ခုစတဲ့ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမရတော့ သယ်ဖို့အတွက် ရပ်ဆိုင်းထားလိုက်တယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ဆန်၊ ဆီ၊ ဆား နှင့် အခြေခံစားကုန်သောက်ကုန်များကို ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှတဆင့် အဓိက သယ်ယူလေ့ရှိကြပြီး တပ်မတော်နှင့် AA အကြားတိုက်ပွဲပြင်းထန်လာသည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်ဝနှင့် ကျောက်တော်အကြားဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများပြတ်တောက်ခဲ့သောကြောင့် စားနပ်ရိက္ခာခက်ခဲမှုနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

https://khonumthung.org/?p=8623

လေကြောင်းပစ်ခတ်မှုကြောင့် မင်းပြားမှာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

လေကြောင်းပစ်ခတ်မှုကြောင့် မင်းပြားမှာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
2020-03-31အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့ညနေက တပ်မတော်ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် ရွာသား ၂ ဦး သေဆုံးပြီး၊ ၂ ဦးဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်က အဲဒီလိုတိုက်ခိုက် တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

https://www.rfa.org/burmese/news/minbya-civilians-killed-03312020120638.html

AA ပြောခွင့်ရှိသူနဲ့ မေးမြန်းချက်ကြောင့် VOM သတင်းဌာနတည်ထောင်သူ ဖမ်းဆီးခံရ

မြန်မာဌာန | သတင်းများ

AA ပြောခွင့်ရှိသူနဲ့ မေးမြန်းချက်ကြောင့် VOM သတင်းဌာနတည်ထောင်သူ ဖမ်းဆီးခံရ
ခေမဏီဝင်း
2020-03-31အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က ဒုဲရဲမှူး ခင်မောင်ဝင်း က တရားလိုလုပ်ပြီး အမှုဖွင့်တာလို့ ချမ်းမြသာစည်မြို့နယ် သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက ပြောပါတယ်။

"သတင်းဌာနမှာ အေအေက ခိုင်သုခနဲ့ ဆက်သွယ်ပြီး အေအေကို အကြမ်းဖက်အဖြစ်ကြေညာခဲ့ခြင်း၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကနေ အေအေမပါဝင်ဘဲ ပဏာမ အပစ်ခတ်ရပ်စဲရေးရေးထိုးနိုင်တဲ့ ဆွေးနွေးပွဲတွေကို တွေ့ဆုံ ဆွေးနွေးတာ မဖြစ်နိုင်ကြောင်း ထုတ်လွှင့်ခဲ့တယ်"

မတ် ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို VOM ရဲ့ ရခိုင်ဒေသအခြေစိုက် သတင်းထောက် ခိုင်လင်းစံ က ဆက်သွယ်မေးမြန်း ထားတာကို VOM သတင်းဌာနစာမျက်နှာမှာ မတ် ၂၇ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖော်ပြပြီး သုံးရက်အကြာမှာတော့ သတင်းဌာနတည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ကိုနေမျိုးလင်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်လိုက်တာပါ။

အဲဒီပုဒ်မတွေဟာ အကြမ်းဖက်အုပ်စုတစ်ခုခုမှာသိလျက်နဲ့ ပါဝင်ဆောင်ရွက်တာ၊ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခုရဲ့ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနဲ့ နေရာတစ်ခုခု အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်း အဝေးပြုလုပ်ခွင့် စတာတွေကို စီစဉ်ပေးရင် အရေးယူခံရနိုင်တာဖြစ်ပါတယ်။

ပုဒ်မ ၅၀ (က) အရ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းထိချမှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) ကတော့ ထောင်ဒဏ် အနည်းဆုံးသုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်ထိ ချမှတ်ခံရနိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။

မတ် ၃၀ မနေ့ညက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ကိုနေမျိုးလင်းကို ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီနေ့ မတ် ၃၁ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။

သူ့အနေနဲ့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီသာ ရေးသားဖော်ပြခဲ့တယ်လို့ ကိုနေမျိုးလင်း က ပြောပါတယ်။

"အေအေ ခိုင်သုခ အင်တာဗျူးကို တင်လို့ပါ၊ ဒါက ကျင့်ဝတ်နဲ့အညီရေးထားတာပါ၊ ဒါတွေကို  မီဒီယာကောင်စီ လူကြီးတွေနဲ့ စစ်ပြီးတော့ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုရင် ကြိုက်တဲ့အပြစ်ဒဏ်ခံနိုင်ပါတယ်"

AA ပြောခွင့်ရသူ ခိုင်သုခကို မေးမြန်းထားတာက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံခဲ့ရတာနဲ့ ပတ်သက်လို့ သဘောထား၊ AA အဖွဲ့ မပါရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရ အပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲ အခြေအနေအပေါ် သဘောထားနဲ့ အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဘယ်လိုသဘောဆောင်သွားလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

ကိုနေမျိုးလင်းရဲ့ ဇနီးဖြစ်သူ မဇာနည်မာန်က "သတင်းမီဒီယာကိစ္စနဲ့ဆိုင်နေလို့ မီဒီယာကောင်စီကို တိုက်တွန်း ထားတယ်။ တမင်သက်သက် နောက်ကနေ လုပ်သွားတယ်လို့မြင်တယ်။ ရောဂါပြန့်နှံ့နေလို့ တရားရုံးတွေတောင် တရားမရုံးချိန်းတွေ ပိတ်ထားတယ်။ သတင်းလွတ်လပ်ခွင့်ကလည်း ဆိုးရွားလွန်းမက ဆိုးရွားလွန်းနေတယ်လို့ ပြောချင်တယ်"

သတင်းသမားတစ်ယောက်ကို အခုလိုဖမ်းဆီးအမှုဖွင့်တဲ့အပေါ် သတင်းမီဒီယာကောင်စီအနေနဲ့ လက်သင့် မခံကြောင်း ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

"တပ်မတော်ကိုလည်း ဒါနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းတဲ့အခါမှာ ပြည်ထဲရေးက တိုက်ရိုက်ဆောင်ရွက် တာဖြစ်လို့ တပ်မတော်က ပါဝင်ပတ်သတ်ခြင်းမရှိဘူးဆိုပြီး ပြောတယ်။ ကျေနပ်မှု့မရှိရင် ကောင်စီကို ဦးစွာ တိုင်ကြားဖို့ဆိုတာ အမြဲပြောလေ့ရှိပါတယ် ။ ဒါကို သတင်းသမားတွေကို လိုရာစွဲသုံးလို့ရတဲ့ ဥပဒေနဲ့အရေးယူတာ ကိုတော့ ကောင်စီအနေနဲ့ လက်သင့်မခံပါဘူး"

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေကတော့ VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားတာ မှန်ကန်တယ်လို့ ပြောပါတယ်။

အထက်မြန်မာနိုင်ငံသတင်းသမားများအဖွဲ့ UMJO က အဖွဲ့ဝင် ကိုမြတ်ကလေးက ဒီလိုတရားစွဲဆိုမှုဟာ ခေတ်နောက်ပြန်စွဲနေသလားလို့ မေးခွန်းထုတ်ပါတယ်။

“မီဒီယာကောင်စီကို အကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတာ ဥပမာလည်းရှိပါတယ်။ အခုက ခဏလေးဆိုပြီး ခေါ်သွားတယ်၊ မနက်ကျမှ ရမန်ယူတယ်ဆိုတော့ စစ်အာဏာရှင်တုံးက ပုံစံအတိုင်းသွားနေသလားလို့ မြင်မိတယ်”

မှုခင်းတပ်ဖွဲ့က VOM ရုံးခန်းကို ဝင်ရောက်ရှာဖွေပြီး ရခိုင်အခြေစိုက်သတင်းထောက်ပေးပို့ခဲ့တဲ့ အီးမေးတွေကို စစ်ဆေးကာ လုပ်ငန်းခွင်မှာအသုံးပြုခဲ့တဲ့ ကွန်ပြူတာကို သိမ်းဆည်းသွားတယ်လို့ မဇာနည်မာန်က ပြောပါတယ်။

ကိုနေမျိုးလင်းကို လာမယ့် ဧပြီ ၉ ရက်နေ့မှာ ထပ်မံရုံးထုတ်မှာဖြစ်ပါတယ်။
https://www.rfa.org/burmese/news/police-arrested-vom-founder-naymyolinn-03312020055733.html

VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းအား ယနေ့ တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ
7.8k
By ဒီလှိုင်းဝင်း 31 March 2020
Want create site? Find Free WordPress Themes and plugins.
မန္တလေးမြို့ အခြေစိုက် သတင်းဌာန တခုဖြစ်သော Voice Of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၂ ခုဖြင့် အမှုဖွင့်၍ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ချမ်းမြသာ စည်မြို့နယ် တရားရုံးတွင် ချုပ်ရမန် ယူခဲ့သည်။

ချမ်းမြသာစည်မြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်း က “အမှုနဲ့ပတ်သက်ပြီး ဦးနေလင်း(ခ) ဦးနေမျိုးလင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀ (က)၊ ၅၂ (က) အရ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ မြို့မရဲစခန်းကနေပြီးတော့ ချုပ်မိန့် တောင်းခံတဲ့အတွက် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့ထိကို ချုပ်မိန့် ပေးထားပါတယ်” ဟု ပြောသည်။

အမှုဖွင့်လှစ်ရခြင်းမှာ မတ်လ ၂၇ ရက်နေ့က Voice of Myanmar သတင်းဌာနမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ရပ်တန့်သွားပြီ ခေါင်းစဉ်နှင့် အတူ AA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျုးသတင်း တင်ဆက်ခဲ့ခြင်းကြောင့်ဟု သိရသည်။

“ခိုင်သုခနဲ့ ဆက်သွယ်ပြီးတော့ AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်း၊ နောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကနေပြီးတော့ AA မပါဝင်ဘဲ ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ် ရေးထိုးနိုင်တဲ့ ဆွေးနွေးပွဲများကို တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနဲ့ ပတ်သက်ပြီးတော့ မေးမြန်းချက်တွေကို ထုတ်လွှင့်ခဲ့တာနဲ့ပတ်သက်ပြီး သူ့အပေါ်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာ”ဟု ဦးကျော်စွာလင်းက ဆက်လက်ပြောသည်။

မတ်လ ၃၀ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် အမှတ် ၃ မှုခင်းတပ်ဖွဲ့ခွဲ(CID) က ကိုနေမျိုးလင်းအား နေအိမ်သို့ သွားကာ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့ မနက်ပိုင်းတွင်လည်း အိမ်သို့ ထပ်မံလာရောက်ကာ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ခင်မောင်ဝင်း တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကိုနေမျိုးလင်း၏ ဇနီး မဇာနည်မာန်က “သူတို့ပြောတာက ခိုင်သုခနဲ့ ဆက်သွယ်ပြီး မေးမြန်းတဲ့အပေါ်မှာ မန္တလေး SB သတင်းတပ်ဖွဲ့ကနေ အမှု ဖွင့်လာတဲ့ အတွက်ကြောင့်မို့ CID (မှုခင်းရဲတပ်ဖွဲ့) ကနေ ခေါ်ပြီး စစ်တယ်လို့ ပြောတယ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ရယ်၊ ၅၂(က)ရယ် ပုဒ်မ ၂ ခုနဲ့ဖွင့်ထားတယ်လို့ပြောတယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “ဒီပုဒ်မတွေက သတင်းသမားနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး၊ သတင်းသမားကို အခုလို ပုဒ်မတွေစွဲတာ မဖြစ်သင့်တဲ့ ဟာမျိုးဖြစ်တယ်၊ သတင်းသမားဆိုတာ ဘက်မျှအောင်လို့ တင်ဆက်ပေးရတာ ဖြစ်တဲ့အတွက် အစိုးရ၊ ပြည်သူ၊ လက်နက်ကိုင် မေးရတာက ရှေးအစဉ်အဆက် ကတည်းက လုပ်ခဲ့ကြတာလို့ ရှင်းပြ ပြောပြတာကို လက်မခံဘဲ CID က ဒါကို တရားရုံးကပဲ ဆုံးဖြတ်ပါလိမ့်မယ်ဆိုပြီး ပြောတယ်”ဟု ရှင်းပြသည်။

ကိုနေမျိုးလင်းအား ဖမ်းဆီးချုပ်ရမန်ယူခြင်းနှင့်အတူ Voice of Myanmar သတင်းဌာနသို့ ရခိုင်ဘက်မှ ပေးပို့သည့် သတင်းထောက် ခိုင်လင်းစံ၏ အီးမေးလ် အဝင်အထွက်များကို စစ်ဆေးခြင်း၊ ကိုနေလင်းအသုံးပြုနေသည့် ကွန်ပျုတာအား သိမ်းဆည်းခြင်း၊ ကိုနေလင်း၏ ဖုန်းကိုလည်းသိမ်းဆည်းထားကြောင်း သိရသည်။

ကိုနေမျိုးလင်း၏ ဇနီးဖြစ်သူ မဇာနည်မာန်က သတင်းလွတ်လပ်ခွင့် မရှိကြောင်း၊ သတင်းသမားများအား ဖိနှိပ်မှုများ အတွက် MPC အနေဖြင့် တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်း၊ ယခုလုပ်ရပ်သည် ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ဆောင်မှုဟု ထင်မြင်ကြောင်း ပြောသည်။

VOM သတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လုပ်ဆောင်နေသည့် သတင်းဌာနတစ်ခုဖြစ်ကြောင်း အထက်မြန်မာပြည် သတင်းသမားများအဖွဲ့ (UMJO) က ထုတ်ပြန်ထားသည်။

အထက်မြန်မာပြည်သတင်းသမားများအဖွဲ့ (UMJO) အလုပ်အမှုဆောင် ကိုလင်းထူးက “AA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို အင်တာဗျူး ထားပြီးတော့ ရေးထားတဲ့သတင်းတပုဒ်အပေါ်ကို မူတည်ပြီးတော့ သတင်းတပ်ဖွဲ့ကနေ တရားစွဲဆိုခဲ့တယ်၊ ဒီကိစ္စအပေါ် လောလောဆယ် ကျနော်တို့အနေနဲ့ ဝင်ရောက် ဖြေရှင်းပေးခွင့် မရှိသေးဘူး၊ သူ့ကို အချုပ်ထဲ ထည့်လိုက်တယ်၊ သတင်းလွတ်လပ်ခွင့်ကို အရမ်းထိခိုက်စေတယ်၊ တကယ်တမ်း ဖြစ်သင့်တာက သတင်းမီဒီယာဥပဒေရှိတယ်၊ သတင်း ဖော်ပြတဲ့ကိစ္စ အပေါ်ဖြစ်တဲ့အတွက် သတင်းမီဒီယာ ဥပဒေအတိုင်း မသွားဘဲနဲ့ အရင်ခေတ်ကလို အာဏာရှင်ဆန်ဆန် ညီလေးခဏဆိုပြီး ခေါ်သွားတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

ယခုဖြစ်စဉ်သည် သတင်းမီဒီယာဖြင့် သက်ဆိုင်နေသောကြောင့် သတင်းမီဒီယာကောင်စီသို့ သတင်းပေးပို့ တိုင်ကြားထားပြီး ဖြစ်သလို သတင်းမီဒီယာကောင်စီကလည်း လုပ်ဆောင်ပေးနိုင်သည့် အတိုင်းအတာထိ လုပ်ဆောင်ပေးမည်ဟု ဖြေကြားထားသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပြဌာန်းချက်များအရ ပြစ်မှုပြစ်ဒဏ်များ အနေဖြင့် ၅၀(က)တွင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်ပြီး ၅၂(က) အရ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

သတင်းမီဒီယာသမား ၁ဦးကို ဖမ်းဆီးမည်ဆိုလျှင် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေဖြင့် ကနဦး ဆောင်ရွက်သင့်သော်လည်း ယခင်အာဏာရှင်ခေတ် နည်းစနစ်များအတိုင်း လုပ်ဆောင်ခြင်းအပေါ် ကန့်ကွက် ရှုတ်ချကြောင်း အထက်မြန်မာပြည်သတင်းသမားများအဖွဲ့ (UMJO)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://burma.irrawaddy.com/news/2020/03/31/219595.html

SSPP ထိန်းချုပ်ဒေသတွင် နိုင်ငံခြားပြန် ၁၀၀ ခန့် ရှိသဖြင့် ဗိုင်းရပ်စ် ပါလာမည်ကို စိုးရိမ်နေ

SSPP ထိန်းချုပ်ဒေသတွင် နိုင်ငံခြားပြန် ၁၀၀ ခန့် ရှိသဖြင့် ဗိုင်းရပ်စ် ပါလာမည်ကို စိုးရိမ်နေ
SSPP တပ်ဖွဲ့ဝင်တဦး ပိုးသတ်ဆေးဖြန်းနေစဉ် / SSPP Info
10.1k
By ဇင်လင်းထက် 31 March 2020
Want create site? Find Free WordPress Themes and plugins.
ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ထိန်းချုပ်ဒေသတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပြန်လာသည့် ရွှေ့ ပြောင်း လုပ်သား ၁၀၀ ဝန်းကျင်ရှိသဖြင့် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ပါလာပြီး ပြန့်ပွားမှုဖြစ်မည်ကို စိုးရိမ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ဧရာဝတီသို့ ပြောသည်။

“ယိုးဒယားကနေ ပြန်လာတဲ့သူက တော်တော်များတယ်လေ။ စိုးရိမ်တာပေါ့။ စိုးရိမ်တော့ ဒီရောဂါကို ဆက်ပြီး မပြန့်ပွား အောင်လုပ်ဖို့ ကျနော်တို့ ဘယ်လိုထိန်းချုပ်မလဲဆိုတာတွေ လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

SSPP ထိန်းချုပ်ဒေသတွင် Covid-19 ထိန်းချုပ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ထိုကော်မတီက လူထုကို ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မည်ကဲ့သို့ ပြုမူနေထိုင်ရမည် ဆိုသည်ကို အသိပေးထားကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆက် ပြော သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ကြေညာထားသည့် ဗိုင်းရပ်စ် ကာကွယ်ရေး နည်းလမ်းများကို လူထုထံ အသိပေးကြေညာထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သီးသန့် ဘယ်လိုနေနိုင်မလဲ ဆိုတာကို စိစစ်ပြီး လမ်းညွှန်တယ်လေ။ လူစုလူဝေးတွေ မလုပ်ဖို့လည်း ကျနော်တို့ ကြေညာထားတာ ရှိတယ်”ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပြသည်။

SSPP ထိန်းချုပ်ဒေသရှိ ဒေသခံများ မိမိနေရပ်သို့ ပြန်လာသည်ကို ကန့်သတ်ထားခြင်း မရှိသေးဘဲ ပြန်လာသူများကို ကိုယ်အပူချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံမဟုတ်သူများကို ညအိပ်ခွင့် မပြုထားကြောင်း ၎င်းက ပြောဆိုသည်။

ဗိုလ်မှူး စိုင်းဖုန်းဟန်က“တရုတ်ပြည်က ပြန်လာတဲ့သူတွေလည်း ရှိပါတယ်။ ထောင်ချီတော့မရှိပါဘူး။ တနယ်လုံး ရာ ဂဏန်းလောက်ပဲ ရှိပါတယ်။ ကျနော်တို့ ဌာနချုပ်အနီးဆိုရင် ဆယ်ဂဏန်းလောက်တော့ ရှိပါတယ်”ဟု ပြောသည်။

နေရပ်ပြန်လာသူများကို မိမိအိမ်တွင်သာ လူအများနှင့် ခပ်ခွာခွာနေရန် SSPP က ညွှန်ကြားထားသည်။

မတ်လ ၃၀ ရက်အထိ SSPP ထိန်းချုပ်ဒေသတွင် ဗိုင်းရပ်စ် ကူးစက်ခံရသည့် သံသယလူနာ မရှိသေးကြောင်း၊ သို့သော် ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်ထားမှု မရှိသေးကြောင်း SSPP ထံမှ သိရသည်။

SSPP အဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တန့်ယန်း၊ သီပေါ၊ လားရှိုး၊ မိုးမိတ်၊ ကျောက်မဲ၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း မြို့အထိ သွားလာလှုပ်ရှားကာ အဆိုပါမြို့ဝန်းကျင်ရှိ ရွာတချို့ကို ထိန်းချုပ်ထားကြောင်း ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ နိုင်ငံရေး လေ့လာသူလည်းဖြစ်သည့် ဦးရဲထွန်းက “သူတို့ရှိတဲ့ ဒေသကို လားရှိုးတို့ တန့်ယန်းတို့ အဲဒီဒေသကို ပြန်ဖြတ်ပြီးတော့မှ ရောက်မှာလေ။ ဆိုတော့ သူတို့ဆီမှာ အဲဒီလောက်အထိ လုပ်ထားနိုင်ရင် လုံလောက်တယ်လို့ မြင်တယ်။ သူတို့က နယ်စပ်မဟုတ်ဘူး။ နယ်စပ်ဆိုရင် ဒီထက် မက လုပ်သင့်တာပေါ့”ဟု ဆိုသည်။

SSPP သည် ၁၉၈၉ ခုနှစ်တွင် တပ်မတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

https://burma.irrawaddy.com/news/2020/03/31/219557.html

မင်းပြားတွင် ဗုံးဆန်ထိ၍ ရွာသား ၂ ဦးသေဆုံး

မင်းပြားတွင် ဗုံးဆန်ထိ၍ ရွာသား ၂ ဦးသေဆုံး
ဗုံးစထိမှန် သေဆုံးခဲ့သော ချောင်းနက်ကျေးရွာသား ဦးမောင်ထွန်းစိန် / Chin University Students In Rakhine State/Fb
33.6k
Want create site? Find Free WordPress Themes and plugins.
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မေလွန်း ကျေးရွာနှင့် ချောင်းနက်ကျေးရွာတို့တွင် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ဗုံးဆန်ထိမှန်၍ ကျေးရွာသား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။



သေဆုံးသူများမှာ မေလွန်း ကျေးရွာမှ အသက် ၁၆ နှစ်ရွယ် မောင်ညီမြင့်လွင်နှင့် ချောင်းနက် ချင်းတိုင်းရင်းသား ကျေးရွာမှ အသက် ၅၁ အရွယ် ဦးမောင်စိန်ထွန်း တို့ ဖြစ်ကြောင်း ဒေသခံ ရွာသားများကပြောသည်။

သေဆုံးသွားသူ မောင်ညီမြင့်လွင့်၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်စိန် က “မနေ့က ၅ နာရီလောက်ရှိပါမယ်။ ကျနော်တို့ သားဖ အိမ်နောက်ဖေးမှာ ရေချိုးဖို့ ပြင်နေတဲ့ အချိန် ရဟတ်ယာဉ် ၅ စီးလာပြီးတော့ ရွာနားက တောင်တန်းတွေကို ဗုံးကျဲတယ်။ တောင်တန်းတွေလည်း မီးလောင်တယ်။ ကျနော်တို့ အိမ်ထဲကို ဝင်ပြေးတဲ့အချိန် ကျနော့်အိမ်ကို ဗုံးလာကျပြီးတော့ ကျနော့်သား သေပါတယ်။ သူ့အမေလည်း ဒဏ်ရာရတယ်။ ကျနော့်မှာလည်း ခြေမှာ ဒဏ်ရာရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ နေအိမ် ဗုံးလာမှန်သည့်အတွက် ၎င်းတို့ နေအိမ်မှာ ပြိုပျက်သွားသလို အိမ်အသုံးဆောင် ပစ္စည်းများ မှာလည်း တစစီ ပျက်စီးသွားကြောင်း ဦးအောင်ကျော်စိန်က ဆက်လက် ပြောကြားသည်။

အလားတူ ၎င်းမေလွန်းကျေးရွာအနီးရှိ ချောင်းနက် ချင်းတိုင်းရင်းသား ကျေးရွာတွင်လည်း ယမန်နေ့ ညနေပိုင်းက ရဟတ်ယာဉ် မှ ပစ်ခတ်လိုက်သည့် ဗုံးဆန်မှာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ သည့်သဖြင့် ချင်းတိုင်းရင်းသား အသက် ၅၁ နှစ်အရွယ် ဦးမောင်ထွန်းစိန်တွင် ခါးတွင် ဗုံးဆန်အစ ထိမှန်၍ သေဆုံးသွားကာ နေအိမ် တချို့ ပျက်စီးသွားကြောင်း ချင်းတိုင်းရင်းသား ကျေးရွာသား များက ပြောသည်။


ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာအနီးတွင်တွေ့ရသည့် ပေါက်ကွဲစတခု (ဓာတ်ပုံ – Chin University Students In Rakhine State/Fb )
ချောင်းနက်ကျေးရွာသား ကိုမဲတုတ် က “ကျနော်တို့ ရွာသားတွေလည်း ဗုံးကျင်းထဲမှာ ဝင်နေကြပါတယ်။ ရဟတ်ယာဉ် က ၅ စီးလောက် လာပါတယ်။ ရွာနားက တောင်တန်းတွေ ပစ်ပါတယ်။ ကျနော်တို့ ရွာမှာလည်း လာကျပါ တယ်။ အဲဒီမှာ လက်နက်ကြီး ကျည်အစမှန်ပြီးတော့ ရွာသား ၁ ဦးသေဆုံးတာရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေသခံကျေးရွာသားများကတော့ ယမန်နေ့ ညနေပိုင်းက အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားမှု မသိရှိကြောင်းနှင့် မည်သည့်အတွက် ပစ်ခတ်သည်ကိုတော့ မရှိသိကြောင်း ပြောသည်။

မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်း ကလည်း “ကျနော်ကို ရွာသား တွေ ပြောပြတာကတော့ မနေ့က ညနေပိုင်းက ရဟတ်ယာဉ် ၅ စီးလောက်က လာပြီးတော့ ရွာနား တောင်တန်းတွေကို ပစ်တယ်လို့ ပြောတယ်။ အဲဒီ ရဟတ်ယာဉ်က ပစ်တာမှာ ရွာကို လာကျတယ် လို့ ပြောတယ်။ မေလွမ်း ရွာက လူငယ် တယောက် ကျည်ထိမှန်ပြီးတော့ ဆုံးသွားတယ်။ ချောင်းနက် ရွာကလည်း တယောက် သေတယ်လို့ ကြားတယ်” ဟု ဧရာဝ တီသို့ ပြောသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ယမန်နေ့ညပိုင်းက အဆိုပါ ကျေးရွာ အနီးဝန်းကျင်တွင် မည်သည့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုမရှိသည့်အတွက် ရဟတ်ယာဉ် များဖြင့်လည်း ပစ်ခတ်မှုမရှိကြောင်း AA အမာခံများက ဝါဒဖြန့်မှု တခုသာ ဖြစ်ကြောင်း ပြောသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “AA အမာခံနဲ့ AA လော်ဘီတွေက ဝါဒဖြန့်ချီခြင်းတခုပဲ။ မနေ့က တနေကုန်လုံးမှာ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ထိတွေ့မှု ဖြစ်ပွားခဲ့တဲ့ နေရာဆိုလို့ ပလက်ဝနဲ့ မီးဝကြားမှာ တခုရှိတယ်။ ကဇုကိုင်း ဘက်မှာ တခုရှိတယ်။ အဲဒီမှာ (မင်းပြားမြို့နယ်) တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပစ်တာခတ်တာလည်း မရှိဘူး။ ဒီကောင်တွေက ရွာသားဆိုပြီး ဝါဒဖြန့်ခြင်းတခုသာ ဖြစ်တယ်။ မနေ့က ထိတွေ့မှု ဖြစ်ခဲ့တဲ့ နေရာ ၂ ခုနဲ့ အဲဒီဘက်နဲ့လည်း အဝေးကြီးပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မင်းပြားမြို့နယ်အတွင်းက ဖားပျော်ကျေးရွာမှာလည်း မတ်လ ၂၉ ရက်နေ့ ညနေ ၁၀ နာရီဝန်းကျင်က မီးရှို့ခံရသည့်အတွက် နေအိမ် ၁၂ လုံး မီးလောင်ကာ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၈၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးတို့မှာလည်း မီးလောင် သေဆုံးခဲ့သည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ကလည်း အဆိုပါ မင်းပြားမြို့နယ်အတွင်း ကမ်းနီကျေးရွာအနီးတွင် တည်ရှိသော တပ်မတော်တန်းမြင့်လေ့ကျင်းရေး ကျောင်း ကို AA အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု တခုဖြစ်ပွားခဲ့သည်။


ပေါက်ကွဲစများ ထိမှန်ပျက်စီးသွားသော အိမ် (ဓာတ်ပုံ – Chin University Students In Rakhine State/Fb)
ထိုတိုက်ခိုက်မှု ဖြစ်စဉ်တွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့သလို တပ်မတော်က AA အဖွဲ့၏ အလောင်း ၊ လက်နက် တချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ အချိန်ခန့်က မင်းပြားမြို့နယ် ချဲ့တောင် ချင်းတိုင်းရင်းသား ကျေးရွာအတွင်း ဗုံးဆန်များ ကျရောက်ပေါက်ကွဲသည့်အတွက် အသက် ၉ နှစ် အရွယ် ကလေး ၁ ဦးသေဆုံးကာ ကျေးရွာသား ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ရခိုင်ပြည်နယ် ၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်း ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့် လာပြီး စစ်ဘေးရှောင်အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည်သူများမှာလည်း ထွက်ပြေးနေကြရသည်။

Did you find apk for android? You can find new Free Android Games and apps.
Topics: AA, ဗုံးဆန်, မင်းပြား
https://burma.irrawaddy.com/news/2020/03/31/219639.html

Covid-19 ကူးစက်မှုကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ KIO ပြုလုပ်နေ

Covid-19 ကူးစက်မှုကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ KIO ပြုလုပ်နေ

ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင်လည်း covid-19 ကာကွယ်သည့်အနေဖြင့် အဝင်အထွက်ဂိတ်များတွင် စစ်ဆေးခြင်း လူစုလူဝေး မလုပ်ရန် လုပ်ဆောင်နေကြောင်း ကေအိုင်အိုပြောရေးဆိုးခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

“အခုက တရုတ်ထက်၊ ရန်ကုန်တို့ မြစ်ကြီးနားတို့ဘက်ကလာတဲ့သူတွေကို ပိုပြီးစိုးရိမ်ရတယ်လို့ ထင်တယ်။ ဒါကြောင့် ဂိတ်တွေမှာ စစ်တယ်။ လူစုလူဝေးတွေအကုန်ပိတ်ထားတယ်။ ကာရာအိုကေတွေ အလှပြင်ဆိုင်တွေလည်း အကုန်ပိတ်ထားခိုင်းပြီ။ အခုချိန်ထိတော့ သံသယလူနာမတွေ့သေးဘူး။”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

စားသောက်ဆိုင်များတွင်လည်း ထိုင်စားတာမဟုတ်ပဲ ပါဆယ်ဆွဲခွင့်သာ ခွင့်ပြုထားပြီး အသုဘအခမ်းအနားများရှိရင်လည်း ၂၄ နာရီထက်မပိုပဲ အပြီးလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဆိုသည်။

နေရာပြင်ဆင်ထားမှုများ၊ ဆေးဝါးများ၊ ဆရာဝန်များသုံးရန်ပစ္စည်းများ၊ အသက်ရှူစက်များကိုလည်း တတ်နိုင်သလောက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဆိုသည်။

Photo credit to: ALEN YANG TV

https://www.facebook.com/kachinwavesnews/posts/3150046765008414?__tn__=-R

ကေအဲန်ယူ တောင်ငူခရိုင်တွင် သိန်း ၂၀၀ ကျော်တန်ဘိုးရှိ Covid -19 ကာကွယ်ရေး ပစ္စည်းများဖြန့်ဝေ

ကေအဲန်ယူ တောင်ငူခရိုင်တွင် သိန်း ၂၀၀ ကျော်တန်ဘိုးရှိ Covid -19 ကာကွယ်ရေး ပစ္စည်းများဖြန့်ဝေ
March 31, 2020 6863

မတ် ၃၁ရက်၊ ၂၀၂၀ ပြည့်နှစ်။ စောထွန်းလင်း

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ကျပ်သိန်း ၂၀၀ ကျော် တန်ဘိုးရှိ တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများကို The Consortium of Dutch NGOs (CDN) နှင့် ကေအဲန်ယူတို့ ပူးပေါင်းကာ မတ် ၃၁ ရက်နေ့တွင် စတင်ဖြန့်ဝေသွားမည်ဟု တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကေအဲန်ယူ၊ တောင်ငူခရိုင်လက်အောက်ခံ မြို့နယ် ၃ ခုက ကျေးရွာတွေကို ကိုဗစ်ကာကွယ်ရေး အသိ ပညာပေးတာတွေ လုပ်ဆောင်နေတယ်။ အထူးသဖြင့် ကာကွယ်ရေး အပိုင်းဖြစ်တဲ့ လက်ဆေးတာတွေကို အ သိပညာပေးတယ်။ နောက်ဆက်တွဲ အနေနဲ့ CDN နဲ့ ပူးပေါင်းပြီးတော့ LIFT (The Livelihoods and Food Security Trust Fund) အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ တကိုယ်ရေသုံးသန့်စင်ရေး ပစ္စည်းသိန်း ၂၀၀ ကျော်ဖိုးကို ကျေးရွာတွေ မှာ ဒီနေ့ စဖြန့်ဝေတယ်” ဟု ပြောသည်။

CDN အနေဖြင့် ကေအဲန်ယူ၊ တောင်ငူခရိုင်အတွင်း၌ ခရိုင်တာဝန်ရှိသူများနှင့် ပူးပေါင်းကာ တောင်သူများ နည်း ပညာနှင့် ဝင်ငွေတိုးရေး၊ ကလေးသူငယ်နှင့် အမျိုးသမီးများ အဟာရမြှင့်တင်ခြင်း လုပ်ငန်းစဉ်များကို လုပ် ဆောင်နေသည့်အဖွဲ့ဖြစ်ကြောင်း စီမံကိန်းညှိနှိုင်းရေးမှူး စောအယ်ကလယ်ထူးက ကေအိုင်စီသို့ ပြောသည်။

“ ဒီဧရိယာထဲမှာ NGO အနေနဲ့ ကျနော်တို့ လုပ်ဆောင်နေတယ်။ ကိုဗစ်-၁၉ ဖြစ်လာတော့ ဒီဒေသထဲမှာ လိုအပ်နေတဲ့ အသိပညာပေးတာတွေကို LIFT ရဲ့ပံ့ပိုးမှုနဲ့ တစ်ကိုယ်ရေသုံး သန့်စင်ရေးပစ္စည်း အခုရေ ၁၅၀၀ ကို ကေအဲန်ယူရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ဝေတာပေါ့နော်”ဟု စောအယ်ကလယ်ထူးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြန်မာပြည်တွင် ကိုဗစ်-၁၉ ဖြစ်ပွားသူ ၁၄ ဦးရှိပြီး ဖြစ်သလို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကလည်း ထိန်းချုပ်နယ်မြေများတွင် အသိပညာပေး၊ ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

http://kicnews.org/2020/03/%e1%80%b1%e1%80%80%e1%80%a1%e1%80%b2%e1%80%94%e1%80%b9%e1%80%9a%e1%80%b0-%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%84%e1%80%b0%e1%80%81%e1%82%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9-2/

ရခိုင်သတင်းဌာနများ၏ အွန်လိုင်းစာမျက်နှာများနှင့် အင်တာနက်ပိတ်ထားခြင်းကို ပြန်ဖွင့်ပေးရန်

ရခိုင်သတင်းဌာနများ၏ အွန်လိုင်းစာမျက်နှာများနှင့် အင်တာနက်ပိတ်ထားခြင်းကို ပြန်ဖွင့်ပေးရန် BNI တိုက်တွန်း
March 29, 2020 422

မတ်လ ၂၉ရက်၊ ၂၀၂၀ပြည့်နှစ်။ စအိုင်ဆူး

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနနှစ်ခု၏ အွန်လိုင်းသတင်းစာမျက်နှာများနှင့် ရခိုင်၊ ချင်းပြည်နယ်များအတွင်း အင်တာနက် ဖြတ်တောက်ထားခြင်းများကို ပြန်လည်ဖွင့်ပေးရန် နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (Burma News International-BNI)က ယနေ့ (မတ်လ ၂၉ရက်)ပါ သတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။

နိရဉ္ဇရာသတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော်က “သတင်းအမှောင်ချခံသလို ဖြစ်သွားတာပေါ့။ ပြီးရင် လူထုက နစ်နာ သွားတာပေါ့။ ကျနော်တို့ကိုယ်၌ကလည်း ကိုယ့်ရဲ့လုံခြံရေးပေါ့ဗျာနော်။ စဉ်းစားဖို့ဖြစ်လာတယ်။ နောက်တစ်ခု ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတာလည်း သေသေချာချာ ရှင်းပြတာမျိုး၊ အသိပေးတာမျိုးလည်း မရှိဘူးလေ။ ဥပမာ သတင်းဌာနတစ်ခုက ပိတ်တယ်။ သတင်းအတုတွေလုပ်တယ်ဆိုရင် သက်သေအထောက်အထားနဲ့ ပြဖို့လိုတယ်။ ဘယ်သတင်းက Bias(ဘက်လိုက်) ဖြစ်တယ်။ လူထုအတွက် စိုးရိမ်မှုဖြစ်တယ် ပြဖို့လိုတယ်လေ။ အခု ကျနော်တို့မြင်တာက ရခိုင်ဆိုတဲ့ တစ်ခုတည်းအောက်မှာ လုပ်လိုက်တာပဲလို့ ကျနော်တို့ယူဆတယ်။ ကျနော်တို့ သတင်းဌာနတွေအကြောင်းကို မသိဘူးလို့ ကျနော်တို့ ယူဆတယ်ပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္ဇရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ အင်တာနက်စာမျက်နှာများကို ဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း(MPT) နှင့် Mytel ဖုန်းအင်တာနက်လိုင်းများဖြင့် ဝင်ရောက်ဖတ်ရှု၍ မရတော့ကြောင်း သက်ဆိုင်ရာသတင်းဌာနများက လည်း အတည်ပြုပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းဌာန၏ Karen News အင်္ဂလိပ်ပိုင်း သတင်းစာမျက်နှာကို အဆိုပါ MPT နှင့် Mytel ဖုန်း၊ ဝိုင်ဖိုင် အင်တာနက်လိုင်းဖြင့် ဝင်ရောက်ကြည့်ရှု၍မရဘဲ ဖြစ်နေကြောင်း သက်ဆိုင်ရာသတင်းဌာနနှင့် အရပ်ဖက် အဖွဲ့အချို့က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ်မှစ၍ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်နေဆဲဖြစ်သည့် ရခိုင် ပြည်နယ်ရှိ မြို့နယ် (၈)ခုနှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် ယနေ့အချိန်ထိ အင်တာနက် ဆက်သွယ်ရေးလိုင်းများ ကို ယနေ့အချိန်ထိ ဖြတ်တောက်ခံထားရဆဲဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်(COVID-19) အတွက် အရေးပေါ် ကာကွယ်၊ စောင့်ကြည့်၊ ကုသမှုများကို မြန်မာ နိုင်ငံ၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသများရှိတိုင်းရင်းသားသတင်းဌာနများ၏ ပြည်သူများထံ သတင်းအချက်အလက်မှန် များကို အချိန်မီ ရေးသားပေးပို့ဖော်ပြမှုများ အလွန်အရေးကြီးနေချိန်ဖြစ်သလို ပြည်တွင်းပြည်ပရှိ မည်သည့် သတင်းဌာနများကို မဆို လွတ်လပ်၊ လုံခြုံစွာ သတင်းရယူနိုင်ရန် ဝန်းရံကူညီပေးရမည့်ကာလလည်းဖြစ်သည်ဟု BNI က ပြောသည်။

BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ နန်းဖော့ဂေက “ဒီအချိန်ဟာ သတင်းမီဒီယာတွေ ပြည်သူထံ သတင်းမှန် ပေးပို့နိုင်ရေးဟာ အရေးကြီးဆုံးအချိန် ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ချီတက်နေတဲ့ ကျမတို့နိုင်ငံမှာလည်း စစ်ရေးပဋိပက္ခ အခြေအနေတွေနဲ့ လတ်တလောရင်ဆိုင်နေရတဲ့ Covid-19 ကမ္ဘာ့ ကူးစက်ရောဂါဆိုင်ရာ သတင်းတွေကို ကျင့်ဝတ်နဲ့အညီ သတင်းထုတ်လုပ်နေတဲ့ အထူးသဖြင့် ပြည်နယ်အခြေစိုက် မီဒီယာတွေကို ပိတ်ပင်လိုက်ခြင်းဟာ လူထု ပရိဿတ်တွေကို သတင်းအမှောင်ချရာရောက်သလို အစိုးရက Freedom of Expression ကို ချိုးဖောက်ရာရောက်နေပါ တယ်။”ဟု သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ရန် သီးခြားညွှန်ကြားထားမှု မရှိသော်လည်း သတင်းအမှားများ ထုတ်ဝေဖြန့်ဖြူးနေသည့် အင်တာနက်စာမျက်နှာများနှင့် လိင်ဖျော်ဖြေရေး အင်တာနက် စာမျက်နှာများကို တားမြစ်ပိတ်ပင်ရန် ဆယ်သွယ်ရေး အော်ပရေတာလေးခုထံ မတ်လ ၂၁ရက်နေ့က ညွှန်ကြားထားကြောင်း မတ်လ ၂၆ရက်နေ့ က Myanmar Now သတင်းဌာနကို ပြောဆိုထားသည်။

ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းမှားများထုတ်ဝေဖြန့်ချိမှုနှင့် လိင်ဖျော်ဖြေရေးအင်တာနက် စာမျက်နှာများကို တားမြစ်ပိတ် ပင်ရန် ညွှန်ကြားထားမှုကို နားလည်လက်ခံကြောင်း၊ သတင်းတု၊ သတင်းမှားများ ထုတ်လုပ်ဖြန့်ချိနေသူများကို တားမြစ်ပိတ်ပင် ရာတွင် ခိုင်မာသည့် သက်သေအထောက်အထားများနှင့်တကွ ကြိုတင် သတိပေးကာ အရေးယူရန် လိုအပ်သည့်အပြင် တရား ဝင် မှတ်ပုံတင်ကာ သတင်းထုတ်လုပ်နေသည့် မီဒီယာဌာနများ ပါဝင်သည်ကို ပြန်လည်စိစစ်သင့်ကြောင်း BNI ၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် NLD အစိုးရအနေဖြင့် လတ်တလော သတင်းဌာနများအပေါ် ဆက်သွယ်ရေး အော်ပရေတာများက ဝက်ဘ်ဆိုက်စာမျက်နှာများကိုပိတ်ပင်မှုနှင့် ရခိုင်၊ ချင်းပြည်နယ်များတွင် အင်တာနက်လိုင်းများ ဖြတ်တောက် ထားခြင်းကို ပြန်လည်ဖွင့်ပေးရန်နှင့် လွတ်လပ်စွာသတင်းရယူခွင့်၊ ထုတ်ဖော်ရေးသားခွင့်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ(MPC)အနေဖြင့် ကူညီဆောင်ရွက်ပေးသွားစေလိုကြောင်း BNI က တိုက်တွန်းထားသည်။

BNI အဖွဲ့ကို လွန်ခဲ့သော ၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့က Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News အဖွဲ့လေးဖွဲ့ဖြင့် အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်၊ တရုတ်-မြန်မာနယ်စပ်နှင့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားသတင်းဌာန အများစုနှင့ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ယခုအချိန် တွင် အဖွဲ့ဝင်မီဒီယာ (၁၆)ဖွဲ့ရှိသည်။

http://kicnews.org/2020/03/%e1%80%9b%e1%80%81%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%8c%e1%80%ac%e1%80%94%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%a1%e1%80%bc%e1%80%94/

AA ကို ဆက်သွယ်ရင် မည်သူမဆို အရေးယူနိုင်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ ပြော

ရခိုင့်တပ်ဖွဲ့(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရ ကြေညာထားသည့်အတွက် AA နှင့် ပတ်သက် ဆက်နွယ်သည့် မည်သူကိုမဆို အကြမ်းဖက်ဥပဒေနှင့် အရေးယူ နိုင်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မဇ္စျိမသို့ ပြောသည်။
AA ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ်လ ၂၃ ရက်တွင် ကြေညာထားပြီးနောက် မန္တလေး အခြေစိုက် Voice of Myanmar (VOM) သတင်းဌာနသည် AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခနှင့် အင်တာဗျူး ပြုလုပ်ခဲ့သည့်အတွက် VOM မှ တာဝန်ရှိသူ ဦးနေမျိုးလင်းအား ၎င်း၏ နေအိမ်အတွင်းသို့ CID က ဝင်ရောက်ကာ မတ်လ ၃၀ ရက်ညမှာ ဖမ်းဆီးသွားသည်။
ဗိုလ်ချုပ်ထွန်းထွန်းညီက “အကြမ်ဖက်သမားနဲ့ အကြမ်းဖက်သမားဆိုတာက ပြည်သူလူထုကို ဒုက္ခပေးတဲ့လူတွေ ဖြစ်တဲ့ အတွက် ဒီလူတွေနဲ့ ပတ်သက် ဆက်ဆံမှု မရှိအောင်လို့ ဥပဒေ ထုတ်ပြန်ပေးထားတာ ဒီအပေါ်မှာ မလိုက်နာလို့ရှိရင်တော့ ဥပဒေက အရေးယူ ဘယ်သူမဆို အရေးယူမှာဘဲလေ”ဟု ဆိုသည်။
VOM မှ တာဝန်ရှိသူ ဦးနေမျိုးလင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ ဖမ်းဆီးရန် ညွန်ကြားမှုမရှိကြောင်း၊ သို့သော် ဥပဒေက လုပ်ရမည့် အလုပ်ကို လုပ်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ထွန်းထွန်းညီက  “ ဥပဒေအရ ဥပဒေက Law Reformer က အဖွဲတွေ့က ဥပဒေအရ လုပ်တဲ့ကိစ္စက သူ့အလုပ် သူလုပ်တာပဲလေ၊ ဒါက သူ့အလုပ် သူလုပ်တာပဲ ဖြစ်ပါတယ်ဗျ”ဟု ပြောသည်။
ထို့နောက် ဗိုလ်ချုပ်ထွန်းထွန်းညီက နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည့် ကိစ္စသည် နိုင်ငံသားတိုင်း လိုက်နာ ဆောင် ရွက်ရမှာ ဖြစ်ပြီး ထုတ်ပြန်ထားသည့် ဥပဒေနှင့် မကိုက်ညီသည့် မည်သူကိုမဆို ဥပဒေစိုးမိုးရေးအဖွဲ့က အရေးယူမှုများ ရှိလာ နိုင်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်ထွန်းထွန်းညီက “အချုပ်အခြာပိုင်တဲ့ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ကိစ္စ နိုင်ငံသားတိုင်းရော လိုက်နာရ မယ့်ကိစ္စ ပြီးရင် နိုင်ငံတော်မှာ တာဝန်ရှိနေတဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ဒီဥပဒေအတိုင်းကို လိုက်နာမှု ရှိအောင် ဆောင်ရွက်ရမယ့်ကိစ္စ ဒါက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူးဗျ” ဟု ပြောသည်။
လက်ရှိတွင် AA နှင့် အင်တာဗျူး လုပ်ခဲ့သူ ကိုနေမျိုးလင်းကို မန္တလေးတိုင်းဒေသကြီး သတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင် ဝင်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊ ၅၂(က) တို့ဖြင့် အမှုဖွင့်ကာ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို ့နယ် အမှတ် (၁၀) ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
ဗိုလ်ချုပ်ထွန်းထွန်းညီက အကြမ်းဖက်သမားများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲများတွင်လည်း  ပြောထားပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မည်သူမဆို တည်ဆဲဥပဒေအားလုံးကို လိုက်နာ ဆောင်ရွက်ရမည်ဟု ဆိုသည်။
AA ကို အစိုးရက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ(ခ)ပါလုပ်ပိုင် ခွင့်ကို ကျင့်သုံး ၍ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်းနှင့် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၅ အရလည်း မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က ကြေညာခဲ့သည်။
ထိုအကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း  ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ပုဒ်မ ၅၂(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ဇွန်လ ၄ ရက်က ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၅၀(က)  ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၀)၊ (၁၃)၊ (၁၄) တို့တွင် ပါရှိသော ပြုလုပ်မှုများ ဟု ဆိုထားသည်။ 
ထို့ကြောင့်  ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ) အောက်ပါ ပုဒ်မခွဲငယ် (၁၀)၊ (၁၃) ၊ (၁၄) ပြဋ္ဌာန်းချက်များမှာ အောက်ပါ အတိုင်းဖြစ် ပါသည်။
(၁ဝ) အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦး တစ်ယောက်အတွက် အရေးကြီးသော အခြေခံ အဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက် အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံး စေရန် ပြုလုပ်မှုများ၊
(၁၃) အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုဖြစ် ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း တစ်ခုခုအား ဥပဒေနှင့်မညီသည့် လုပ်ရပ် တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည့် ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲဖြစ်နေသည့် အခြေ အနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်း မရှိသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများ၊
( ၁၄) အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေး ကိုဖြစ်စေ၊ သဘာဝ ပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာထိခိုက် စေသည့် အကြမ်းဖက်မှုများ။
ထို့ပြင် ပုဒ်မ ၅၂(က) တွင် ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ) အောက်ပါ ပုဒ်မခွဲငယ်(၁၆)မှ (၁၈) အထိ ပါရှိသော ပြုလုပ်မှုများဟု ဆိုထား သည်။
ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၆)မှ (၁၈) ပြဋ္ဌာန်းချက်များမှာ အောက်ပါတိုင်းဖြစ်ပါသည်။
(၁၆) အကြမ်းဖက်အုပ်စုဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စု တစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန် ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ၊
( ၁၇) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူ ခြင်းမပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန် အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံ ခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်းပြုလုပ် မှုများ၊
( ၁၈) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်း အဝေးပြု လုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင် ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ။

VOM အယ်ဒီတာချုပ်ကို ဖမ်းဆီးမှုအပေါ်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းထုတ်ပြန်ချက်

VOM အယ်ဒီတာချုပ်ကို ဖမ်းဆီးမှုအပေါ်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းထုတ်ပြန်ချက်
.
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ အင်္ဂါနေ့
.
Voice Of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် CEO ဖြစ်သူ ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်း အား ယမန်နေ့ မတ်လ(၃၀)ရက်၊ ည(၉)နာရီခွဲခန့် အချိန်တွင် CID မှဟု ဆိုသူလူတစ်စုက ကားဖြင့်လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေပါ ကောင်စီ၏လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ သက်ဆိုင်ရာဌာနများနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်း ၏ဇနီးဖြစ်သူက မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီထံ စာရေးသားပေးပို့လာပါသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ယနေ့နံနက်တွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းခဲ့ရာ ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၀)က၊ (၅၂)က တို့ဖြင့် မန္တလေးတိုင်း မှုခင်းသတင်းတပ်ဖွဲ့မှ အမှုဖွင့်ခဲ့ကြောင်း လက်ရှိတွင် အမှတ်(၁၀) ရဲစခန်း၌ထားရှိကြောင်း၊ ဧပြီလ (၉) ရက်နေ့တွင် ချမ်းမြသာစည်တရားရုံးတွင် ရုံးချိန်းရှိကြောင်း သိရှိရပါသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်ပြီး စုံစမ်းခဲ့ရာ ၎င်းကိစ္စသည် တပ်မတော်မှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်သည့်ကိစ္စဖြစ်ကြောင်း အကြောင်းပြန်ကြားပါသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မဏ္ဍိုင် (၄)ရပ် တွေ့ဆုံပွဲများ၊ တပ်မတော်နှင့် အလုပ်ရုံဆွေးနွေးပွဲ များတွင် သတင်းသမားများအပေါ် ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီသို့ ဦးစွာ တိုင်ကြားရန် အစဉ်အမြဲ တိုက်တွန်းပြောဆိုလျက်ရှိပါသည်။
.
ယနေ့ကဲ့သို ကပ်ရောဂါဖြစ်ပွားနေချိန်တွင် သတင်းတု သတင်းမှားများကို တရားဝင်သတင်းဌာနများနှင့် ပူးပေါင်းတိုက်ဖျက်ရမည့်အစား ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် မသင့်လျော်သကဲ့သို့၊ ဒီမိုကရေစီအသွင်ကူးပြောင်း ကာလမျိုးနှင့် မဆီလျော်မအပ်စပ်သော တုန့်ပြန်မှုဟု ကောင်စီက ရှုမြင်ပါသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သင့် သည့်ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်းနှင့် ထပ်မံရရှိသော သတင်းများကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
.
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
.
http://myanmarpresscouncil.org/…/406-statements11-31march20…

https://www.facebook.com/khitthitnews/photos/a.390633294707356/885230681914279/?type=3&__xts__%5B0%5D=68.ARDoYjs_deP9h5gtaay8RyXe76G1Ybxze9JIOeboqR1oATyZeiLhHivnKlmVeQEnHjKTc3e5MxKjr7F3yJk1G8sqFcOEa6GhkYoDorf6Er0mI-eqquf3-VWl5SpFxhA48RpBnLqmmWOTuHZGVcLX1GmBLk5rZl4F1rHC-s3_MPPfGGFbtkpOlp5XEewV_yik0pQW0tDaKy_ZFh_q80pm0b0NmyqdX1hXkYgOKPBiO0Y5psUwpjuOGYsN9d7nkhY02w_mlQIEga7GVuGDl-Tmb-SWvQw1rBkbA5H1T8vvyuWHsdQy4tNtq7fnAalLpIWxdM6JUf-Fn--rxWRV57kS3mI&__tn__=-R

VOM သတင်းဌာန အယ်ဒီတာချုပ် နေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်

VOM သတင်းဌာန အယ်ဒီတာချုပ် နေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်
+++++++
Voice Of Myanmar- VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က)တို့ဖြင့်အမှုဖွင့် ထားသည်။
VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို မတ် ၃၀ ရက်နေ့ ည၉နာရီ ၃၀ မိနစ် ခန့်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ် တရားရုံးတွင် အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေပုဒ်များ ဖြင့် အမှုဖွင့်ကာ ရမာန်ယူရုံးထုတ်ခဲ့သည်။
ထိုသို့ရုံးထုတ်လာစဉ် ကိုနေမျိုးလင်း က “ ကျနော် ငြိမ်းချမ်းရေး အတွက် ရေးတာပါ။ ကျွန်တော် သတင်း မှာ ကျင့်ဝတ်နဲ့ အညီရေးထားပါတယ်။ ဒါတွေကိုလည်း မီဒီယာကောင်စီလူကြီးတွေ အနေနဲ့စစ်ပြီးတော့ ကျွန်တော်ကျင့်ဝတ်ချိုးဖောက်တယ်ဆိုရင် ကြိုက်တဲ့အပြစ်ဒဏ် ကျွန်တော်ခံနိုင်ပါတယ်” ဟု သတင်းမီဒီယာ များကို ပြောကြားခဲ့သည်။
Voice Of Myanmar- VOM သတင်းဌာန အနေနှင့် မတ်လ ၂၇ နေ့က တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွား နေသော AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ နှင့် ဆက်သွယ်မေးမြန်းရေးသားဖော်ပြခဲ့ခြင်း ကြောင့် ထိုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တရားစွဲဆိုမှုသည် သတင်းမီဒီယာလွတ်လပ်ခွင့် အတွင် အနှောင့် အယှက်ဖြစ်ကြောင်း ကိုနေမျိုးလင်း ကထပ်လောင်း ပြောကြားသည်။
“ သတင်းလွတ်လပ်ခွင့် အတွက်အနှောင့် အယှက်ဖြစ်တာပေါ့ဗျာ ။ကျွန်တော် ငြိမ်းချမ်းရေး အတွက်ရည်ရွယ်ပြီး လုပ်တာပဲဆိုတော့လေ။ SB ကတရားစွဲထားတာဆိုတော့ရုံးတင်မှာပါ” ဟု ကိုနေမျိုးလင်းကပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး နေ့စဉ်ထုတ်သတင်းစာများ နှင့် သတင်းမီယာများတွင် ဆောင်းပါများ ၊ အတွေးအမြင်များ ရေးသားနေသော သတင်းစာဆရာ ဂျေငြိမ်းက “သတင်းသမားတွေကို အရေးယူတဲ့အခါ သတင်းမီဒီယာကောင်စီကနေတစ်ဆင့် သွားဖို့ ဆိုပြီး ကောင်စီက မေတ္တာရပ်ခံချက် တွေပြုထားတယ်ဆိုတာကိုလည်း သိထားပါတယ်။ ဦးနေမျိုးလင်းကို အခုလို လုပ်တာဟာ သတင်းမီဒီယာ ကောင်စီရဲ မေတ္တာရပ်ခံချက်အပေါ် လျစ်လျူရှုတာဖြစ်သလို သတင်းသမားတွေအ တွက် သီးခြားပြဋ္ဌာန်း ထားပြီးဖြစ်တဲ့ သတင်းမီဒီယာဥပဒေကိုလည်း ဘောင်ကျော်လုပ် ဆောင်တာ၊ အလေးမထား တာလို့ပဲ မှတ်ချက်ပြုချင်ပါတယ်။” ဟု ဝေဖန်ထောက်ပြသည်။
ထို့အပြင် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို ဖမ်းဆီးတရားစွဲဆိုခြင်း ကိစ္စ သည် အစိုးရ နှင့် တပ်မတော်တို့ တွင်တွင် ပြောဆိုသုံးနှုန်းနေသည့် ဒီမိုကရေစီ စနစ်ကိုခုံမင်ကြောင်း ၊ ဒီမိုကရေစီစနစ် အတွက် ဆက်လက် လျောက်လှမ်းနေကြောင်း ပြောဆိုမှုများ ကိုလည်း ပြန်လည် မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။
“ နိုင်ငံကို ဒီမိုကရစီလမ်းဆီတွန်းပို့ချင်တယ်၊ သွားချင်တယ်ဆို ဦးစွာလုပ်ရမယ့် အလုပ်က သတင်းမီဒီယာ တွေကို လွတ်လပ်ခွင့်ပေးဖို့ဆိုတာ ရှေ့တန်းကပါဝင်နေပါတယ်။ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေး ဖို့ဆိုတဲ့အထဲမှာ လွတ်လပ်စွာသတင်းရယူခွင့်၊ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်၊ ပုံနှိပ်ဖော်ပြ ခွင့်တွေက အဓိကဖြစ်ပါတယ်။ ဒါတွေအပေါ် ပိတ်ဆို့ဟန့်တားနေသမျှ ဒီမိုကရေစီဆိုတာ စကားလုံးတွေ အဖြစ်နဲ့သာ ကျန်ရှိနေဦးမှာပါလို့ပဲ မှတ်ချက်ပြုချင်ပါတယ်” သတင်းစာဆရာဂျေငြိမ်းက ပြောသည်။
ထိုသို့တရားစွဲဆိုထားခြင်း နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကလည်း ကပ်ရောဂါဖြစ်ပွား နေချိန်တွင် သတင်းတု သတင်းမှားများကို တရားဝင်သတင်းဌာနများနှင့် ပူးပေါင်းတိုက်ဖျက်ရမည့်အစား ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် မသင့်လျော်သကဲ့သို့၊ ဒီမိုကရေစီအသွင်ကူး ပြောင်း ကာလမျိုးနှင့် မဆီလျော်မအပ်စပ်သော တုန့်ပြန့် အဖြစ်ရှုမြင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အနေနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်ပြီး စုံစမ်းခဲ့ရာ ၎င်းကိစ္စသည် တပ်မတော်မှ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်သည့်ကိစ္စဖြစ်ကြောင်း အကြောင်းပြန်ကြားထာသည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
https://www.facebook.com/khitthitnews/photos/a.390633294707356/885250251912322/?type=3&__xts__%5B0%5D=68.ARAfWn52MYrz1s2D8Z4rw_VSyORWcIvoUbSucY4jDtEzylwCCpPNT_o_itRT1h1HJlMTc2-ix_HK1z6IechKhTwYUFFtEHG9y5hNynIZpnz_X95WYS-Udtv0BrUWssZsE82FvHYYE4Hr48Ejtr226Crr7qbNlOoRIRuPQWEkQXR86aIHW5fqkUL5B1Psg6BquxcLPJzln8t8eZO6jTUT4q5GYEYFJm9F1FQCs_xxqrYcbN37k8snVqm0hg6_p9wjpHi9umS-nt1Nv4H3LL92DukSbV7o54xZlblgDQTiLELNRh-k_LuKdn_vYT6U-A5JwqbVQylL-REEfF8Wowo14Dg&__tn__=-R