Tuesday, March 31, 2020

မန္တလေးမှ VOM အယ်ဒီတာချုပ်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီး

မန္တလေးမှ VOM အယ်ဒီတာချုပ်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီး
31-Mar-2020

မန္တလေး၊ မတ် ၃၁

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် မကြာသေးမီက ကြေညာထားသော AA အဖွဲ့ကို ဆက်သွယ်အင်တာဗျူးကာ သတင်းထုတ်လုပ်မှုဖြင့် မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုး(ခ)ကိုနေမျိုးလင်းကို ယမန်နေ့ ညပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

AA ပြောရေးဆိုခွင့်ရှိသူနှင့် မတ် ၂၇ ရက်က အင်တာဗျူးကို ထုတ်လွှင့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်ဝင်းက တရားလိုပြုလုပ်ကာ မန္တလေးမြို့ အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊ ၅၂(က) တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးခံရသော အယ်ဒီတာချုပ် ဦးနေလင်း(ခ)ဦးနေမျိုးလင်းကို ချမ်းမြသာစည် တရားရုံး၌ မတ်လ ၃၁ ရက်နံနက်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂ (က) ဖြင့် ချုပ်မိန့်ရမန်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်၊ တရားရုံးသတင်းပြန်ကြားရေး အရာရှိမြို့နယ်တရားသူကြီး ဦးကျော်စွာလင်း ကပြောသည်။
Voice Of Myanmar သတင်းဌာနတွင် မတ်လ ၂၇ ရက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားပြီ ခေါင်းစဉ်ဖြင့် AA အကြမ်းဖက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခဖြင့် ဆက်သွယ်မေးမြန်းချက်ဆိုသည့် သတင်းဖေါ်ပြမှု အပေါ် အကြမ်ဖက်တိုက်ဖျက်ဥပဒေဖြင့် ချုပ်ရက်ရမန်(စတင် တရားစွဲဆိုခဲ့ခြင်း)တောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်စွာလင်းက ဆက်လက်ရှင်းပြသည်။

"တရားလိုက မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှုးခင်မောင်ဝင်း ပါ။ မတ်လ ၃၀ ရက် မှ ဧပြီ ၉ ရက်အထိ ချုပ်ရက်ပေးထားပါတယ်။ ဒီကနေ့လုပ်ငန်းစဉ်က ဒါပါပဲ" ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသည့်ညတွင် အဆက်အသွယ်လုံးဝမရရှိပဲ ယနေ့( မတ်လ ၃၁ ရက်နေ့ )နံနက်ပိုင်းတွင် နေအိမ်အပေါ်ထပ် တိုက်ခန်းရှိ VOM သတင်းဋ္ဌာနရုံးခန်းမှ သက်သေခံပစ္စည်းများလာရောက်သိမ်းဆည်းသည့်အချိန်မှသာ ခဏတွေ့ဆုံခဲ့ရပြီး ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ချုပ်မိန့်ရမန်ယူခဲ့ခြင်းဖြစ်ကြောင်း ဦးနေလင်း၏ဇနီးဖြစ်သူ မဇာနည်မာန်က ပြောသည်။

မတ်လ ၃၀ ရက်နေ့ ည ၉ နာရီကျော်တွင် ဦးနေလင်းနေထိုင်ရာ ချမ်းမြသာစည်မြို့နယ် ၊ ဘိုအိမ်တန်းတိုက်ခန်းသို့ မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ဝင်များ (စစစ) နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရန်အတွက်ဟုဆိုကာ လာရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မဇာနည်မာန်က ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) သည် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်ပြီး ပုဒ်မ ၅၂(က)သည် ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၁၀ နှစ် အထိ အမိန့်ချမှတ်အရေးယူနိုင်သည်။

No comments:

Post a Comment