VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းအား ယနေ့ တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ
7.8k
By ဒီလှိုင်းဝင်း 31 March 2020
Want create site? Find Free WordPress Themes and plugins.
မန္တလေးမြို့ အခြေစိုက် သတင်းဌာန တခုဖြစ်သော Voice Of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၂ ခုဖြင့် အမှုဖွင့်၍ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ချမ်းမြသာ စည်မြို့နယ် တရားရုံးတွင် ချုပ်ရမန် ယူခဲ့သည်။
ချမ်းမြသာစည်မြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်း က “အမှုနဲ့ပတ်သက်ပြီး ဦးနေလင်း(ခ) ဦးနေမျိုးလင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀ (က)၊ ၅၂ (က) အရ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ မြို့မရဲစခန်းကနေပြီးတော့ ချုပ်မိန့် တောင်းခံတဲ့အတွက် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့ထိကို ချုပ်မိန့် ပေးထားပါတယ်” ဟု ပြောသည်။
အမှုဖွင့်လှစ်ရခြင်းမှာ မတ်လ ၂၇ ရက်နေ့က Voice of Myanmar သတင်းဌာနမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ရပ်တန့်သွားပြီ ခေါင်းစဉ်နှင့် အတူ AA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျုးသတင်း တင်ဆက်ခဲ့ခြင်းကြောင့်ဟု သိရသည်။
“ခိုင်သုခနဲ့ ဆက်သွယ်ပြီးတော့ AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်း၊ နောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကနေပြီးတော့ AA မပါဝင်ဘဲ ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ် ရေးထိုးနိုင်တဲ့ ဆွေးနွေးပွဲများကို တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနဲ့ ပတ်သက်ပြီးတော့ မေးမြန်းချက်တွေကို ထုတ်လွှင့်ခဲ့တာနဲ့ပတ်သက်ပြီး သူ့အပေါ်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာ”ဟု ဦးကျော်စွာလင်းက ဆက်လက်ပြောသည်။
မတ်လ ၃၀ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် အမှတ် ၃ မှုခင်းတပ်ဖွဲ့ခွဲ(CID) က ကိုနေမျိုးလင်းအား နေအိမ်သို့ သွားကာ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့ မနက်ပိုင်းတွင်လည်း အိမ်သို့ ထပ်မံလာရောက်ကာ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ခင်မောင်ဝင်း တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကိုနေမျိုးလင်း၏ ဇနီး မဇာနည်မာန်က “သူတို့ပြောတာက ခိုင်သုခနဲ့ ဆက်သွယ်ပြီး မေးမြန်းတဲ့အပေါ်မှာ မန္တလေး SB သတင်းတပ်ဖွဲ့ကနေ အမှု ဖွင့်လာတဲ့ အတွက်ကြောင့်မို့ CID (မှုခင်းရဲတပ်ဖွဲ့) ကနေ ခေါ်ပြီး စစ်တယ်လို့ ပြောတယ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ရယ်၊ ၅၂(က)ရယ် ပုဒ်မ ၂ ခုနဲ့ဖွင့်ထားတယ်လို့ပြောတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “ဒီပုဒ်မတွေက သတင်းသမားနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး၊ သတင်းသမားကို အခုလို ပုဒ်မတွေစွဲတာ မဖြစ်သင့်တဲ့ ဟာမျိုးဖြစ်တယ်၊ သတင်းသမားဆိုတာ ဘက်မျှအောင်လို့ တင်ဆက်ပေးရတာ ဖြစ်တဲ့အတွက် အစိုးရ၊ ပြည်သူ၊ လက်နက်ကိုင် မေးရတာက ရှေးအစဉ်အဆက် ကတည်းက လုပ်ခဲ့ကြတာလို့ ရှင်းပြ ပြောပြတာကို လက်မခံဘဲ CID က ဒါကို တရားရုံးကပဲ ဆုံးဖြတ်ပါလိမ့်မယ်ဆိုပြီး ပြောတယ်”ဟု ရှင်းပြသည်။
ကိုနေမျိုးလင်းအား ဖမ်းဆီးချုပ်ရမန်ယူခြင်းနှင့်အတူ Voice of Myanmar သတင်းဌာနသို့ ရခိုင်ဘက်မှ ပေးပို့သည့် သတင်းထောက် ခိုင်လင်းစံ၏ အီးမေးလ် အဝင်အထွက်များကို စစ်ဆေးခြင်း၊ ကိုနေလင်းအသုံးပြုနေသည့် ကွန်ပျုတာအား သိမ်းဆည်းခြင်း၊ ကိုနေလင်း၏ ဖုန်းကိုလည်းသိမ်းဆည်းထားကြောင်း သိရသည်။
ကိုနေမျိုးလင်း၏ ဇနီးဖြစ်သူ မဇာနည်မာန်က သတင်းလွတ်လပ်ခွင့် မရှိကြောင်း၊ သတင်းသမားများအား ဖိနှိပ်မှုများ အတွက် MPC အနေဖြင့် တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်း၊ ယခုလုပ်ရပ်သည် ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ဆောင်မှုဟု ထင်မြင်ကြောင်း ပြောသည်။
VOM သတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လုပ်ဆောင်နေသည့် သတင်းဌာနတစ်ခုဖြစ်ကြောင်း အထက်မြန်မာပြည် သတင်းသမားများအဖွဲ့ (UMJO) က ထုတ်ပြန်ထားသည်။
အထက်မြန်မာပြည်သတင်းသမားများအဖွဲ့ (UMJO) အလုပ်အမှုဆောင် ကိုလင်းထူးက “AA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို အင်တာဗျူး ထားပြီးတော့ ရေးထားတဲ့သတင်းတပုဒ်အပေါ်ကို မူတည်ပြီးတော့ သတင်းတပ်ဖွဲ့ကနေ တရားစွဲဆိုခဲ့တယ်၊ ဒီကိစ္စအပေါ် လောလောဆယ် ကျနော်တို့အနေနဲ့ ဝင်ရောက် ဖြေရှင်းပေးခွင့် မရှိသေးဘူး၊ သူ့ကို အချုပ်ထဲ ထည့်လိုက်တယ်၊ သတင်းလွတ်လပ်ခွင့်ကို အရမ်းထိခိုက်စေတယ်၊ တကယ်တမ်း ဖြစ်သင့်တာက သတင်းမီဒီယာဥပဒေရှိတယ်၊ သတင်း ဖော်ပြတဲ့ကိစ္စ အပေါ်ဖြစ်တဲ့အတွက် သတင်းမီဒီယာ ဥပဒေအတိုင်း မသွားဘဲနဲ့ အရင်ခေတ်ကလို အာဏာရှင်ဆန်ဆန် ညီလေးခဏဆိုပြီး ခေါ်သွားတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ယခုဖြစ်စဉ်သည် သတင်းမီဒီယာဖြင့် သက်ဆိုင်နေသောကြောင့် သတင်းမီဒီယာကောင်စီသို့ သတင်းပေးပို့ တိုင်ကြားထားပြီး ဖြစ်သလို သတင်းမီဒီယာကောင်စီကလည်း လုပ်ဆောင်ပေးနိုင်သည့် အတိုင်းအတာထိ လုပ်ဆောင်ပေးမည်ဟု ဖြေကြားထားသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပြဌာန်းချက်များအရ ပြစ်မှုပြစ်ဒဏ်များ အနေဖြင့် ၅၀(က)တွင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်ပြီး ၅၂(က) အရ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
သတင်းမီဒီယာသမား ၁ဦးကို ဖမ်းဆီးမည်ဆိုလျှင် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေဖြင့် ကနဦး ဆောင်ရွက်သင့်သော်လည်း ယခင်အာဏာရှင်ခေတ် နည်းစနစ်များအတိုင်း လုပ်ဆောင်ခြင်းအပေါ် ကန့်ကွက် ရှုတ်ချကြောင်း အထက်မြန်မာပြည်သတင်းသမားများအဖွဲ့ (UMJO)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
https://burma.irrawaddy.com/news/2020/03/31/219595.html
No comments:
Post a Comment