ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့ထံမှ လက်နက်များသိမ်းဆည်း
01-Apr-2020
ရန်ကုန်၊ မတ် ၃၁
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တပ်မတော်ကထိန်းသိမ်းခဲ့သည့် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့ထံမှ လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ် လ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ အနီးတစ်ဝိုက်တွင် မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမှု နှင့်ပတ်သက်၍ တပ်မတော်က ကောင်းခါး ပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်ထိန်းသိမ်းခဲ့ပြီး လက်နက်များပါ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
ကောင်းခါးပြည်သူ့စစ်အဖွဲ့ထံမှ မတ်လ ၂၉ ရက်နေ့အထိ လက်နက်မျိုးစုံ ၁၅၈၅ လက်၊ ကျည်မျိုးစုံ ၅၀၈,၉၃၇ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၀၉၅ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကောင်းခါးပြည်သူ့စစ် (ဌာနေ) အနီးတစ်ဝိုက်ဒေသများမှ တရားမဝင် မူးယစ်ဆေးဝါးအမြောက်အမြား သုံးကြိမ်တိုင်တိုင် ဖော်ထုတ်ရှင်းလင်းသိမ်းဆည်းရမိခြင်း၊ ဖြစ်စဉ်များတွင် ဖမ်းဆီးရမိတရားခံများနှင့် ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ တာဝန်ရှိသူအချို့ ပတ်သက်ဆက်စပ်နေခြင်းနှင့် တာဝန်ရှိနေခြင်း စသည့်အချက်များကြောင့် တပ်မတော်ကတာဝန်ရှိသူများကို ညှိနှိုင်းကာ လက်နက်အပ်နှံစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့အနေနှင့် သာမန်အရပ်သားအဖြစ်သာ ရေရှည်တရားဝင်စီးပွားရေးလုပ်ငန်းများအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးထူထောင် လုပ်ကိုင်ဆောင်ရွက်လိုခြင်း၊ ရှိပြီးကုမ္ပဏီများဖြင့် နိုင်ငံတော်ကခွင့်ပြုသည့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။
No comments:
Post a Comment