Monday, May 31, 2021

ဟတ်ကြီးရေကာတာ ပြန်လည်တည်ဆောက်မည့်ကိစ္စ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောလာ

 ဟတ်ကြီးရေကာတာ ပြန်လည်တည်ဆောက်မည့်ကိစ္စ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောလာ

June 1, 2021 6549


ဇွန် ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် (တပ်မဟာ-၅) ရှိ သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေကာတာ တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (မေလ ၃၁ ရက်) ကရင်ပြည်နယ် ဖားအံမြို့တွင် လာသည့် ခရီးစဉ်အတွင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာတွင် ဖော်ပြထားသည်။


ကရင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သည့် ရေအရင်းအမြစ်များရှိနေပြီးဖြစ်ပြီး သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ဟတ်ကြီးရေအားလျှပ်စစ် စက်ရုံမျိုး သည် အထောက်အကူပြုမည်ဖြစ်သည့်အတွက် ဆောင်ရွက်သင့်ကြောင်းဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောဆိုသွားခြင်းဖြစ်သည်ဟု သိရသည်။


ဟတ်ကြီးရေကာတာတည်ဆောက်ပါက နယ်မြေအတွင်းရှိ ဒေသခံကျေးရွာ အမြောက်အမြား ရေလွှမ်းမိုးခံရနိုင်၍ ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် အမြောက်အမြားလည်း ပျက်စီးသွားမည်ဖြစ်သည့်အတွက် အဆိုပါ စီမံကိန်းကို ဒေသခံများနှင့် မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အဖွဲ့များက ၁၀ စုနှစ် တစ်ခုကျော်ကြာ ကန့်ကွက်လာခဲ့ခြင်းဖြစ်သည်။


အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးပြပြီး ကန့်ကွက်နေသူများကို နားလည်စေလိုကြောင်းလည်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက် ပြောဆိုခဲ့သည်။


ယခု တစ်နိုင်ငံလုံးခက်ခဲသည့်ကာလတွင် စစ်ကောင်စီမှ ဖွံ့ဖြိုးရေးအကြောင်းပြပြီး ပြည်သူများကို မက်လုံးပေး၍ လှည့်စားနေသည့် လုပ်ရပ်ဖြစ်သလို ပဋိပက္ခဖြစ်နေသည့် နယ်စပ်နေရာများကိုလည်း ထိန်းချုပ်ချင်သည့်အတွက် နိုင်ငံရေးအရ များစွာပါဝင်သည်ဟု ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့မှ စောသာဘိုးက ကေအိုင်စီသို့ ပြောသည်။


၎င်းက ” စစ်ကောင်စီမှာ ကျနော်တို့မြင်တာက ပိုက်ဆံလည်း လုံလုံလောက်လောက်မရှိဘူး။ ဒီဟာကလည်း ဗျူဟာမြောက်အရေးပါတယ်။ ရင်းနှီးမြုပ်နှံတဲ့လူတွေကလည်း တရုတ်တွေ၊ ထိုင်းတွေဖြစ်တဲ့အတွက် ဒီကိစ္စကို သူကထိုးကျွေးနေတဲ့သဘောပဲ။ စစ်ကောင်စီက နယ်မြေအရ စိုးမိုးမယ်၊ တဖက်မှာ ငွေကြေးကိုလည်း ဒီစီမံ ကိန်းကနေ သူရနိုင်တယ်။ ထိုင်းဘက်ကလည်း စစ်ကောင်စီဘက် အပြန်အလှန် အကျိုးအမြတ်ရမယ် ကုမ္ပဏီတွေနဲ့ ။ ဒါကြောင့်သူက ကရင်ပြည်နယ်ကိုလာပြီး ပြောတယ်လို့ ကျနော်တို့က ယူဆတယ်” ဟု စောသာဘိုးက ပြောသည်။


ရေအားလျှပ်စစ်စွမ်းအင် ၁၂၀၀ မီဂါဝပ်ထုတ်လုပ်နိုင်သည့် ဟတ်ကြီးရေကာတာစီမံကိန်းကို တည်ဆောက်ရန် ယခင် စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ် ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့နှင့် တရုတ်နိုင်ငံမှ ဆိုင်နိုဟိုဒရိုကုမ္ပဏီတို့က ၂၀၀၆ခုနှစ်တွင် သဘောတူညီချက်လက်မှတ်ထိုးခဲ့ကြသည်။


၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သံလွင်မြစ်ပေါ်တွင် ရေကာတာ စီမံကိန်း(၆)ခုတည်ဆောက်မည့်အထဲတွင် ဟတ်ကြီးတစ်ခုပါဝင်ပြီးကြေညာပြီးနောက် ၂၀၁၄နှင့် ၂၀၁၆ နှစ်များ တွင် အဆိုပါဒေသတွင် BGF နှင့် DKBA ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ DKBA ဘက်မှ နေရာဆုတ်ပေးလိုက်သည့်နောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဘက်က ထိုဒေသကို ဝင်ရောက်နေရာယူထားခြင်းလည်းရှိသည်ဟု သိရသည်။


DKBA နှင့် BGF ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားသည့်အချိန်တွင်လည်း ကျေးရွာပေါင်း ၃၀ကျော်မှ ဒေသခံများသည် မြိုင်ကြီးငူဒေသဘက်သို့ ပြောင်းရွှေ့ပြောင်းနေထိုင်လိုက်ရပြီး မြေမြုပ်မိုင်းအကြောင်းပြု၍ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးသလို ဟတ်ကြီးစီမံကိန်းအတွက် ဒေသခံရွာသားများကို မောင်းထုတ် ထားလိုက်သည့်ပုံစံ ဖြစ်သွားသည်ဟု ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့က သုံးသပ်ပြောဆိုသည်။


ထို့အပြင် KNU တပ်မဟာ(၅)တွင် ယခုအချိန်အထိ နယ်မြေ မတည်ငြိမ်သေးကာ စစ်ရေး ပြင်းထန်နေဆဲဖြစ် သည့်အပြင် စစ်ကောင်စီတပ်ဘက်မှ မြေပြင်တိုက်ခိုက်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများလည်း ရှိသည့်အတွက် ဒေသအခံကျေးရွာသားအမြောက်အမြား ထပ်မံတိမ်းရှောင်ရလျက်ရှိသည်။

http://kicnews.org/2021/06/%e1%80%9f%e1%80%90%e1%80%b9%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%b1%e1%80%9b%e1%80%80%e1%80%ac%e1%80%90%e1%80%ac-%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9%e1%80%90%e1%80%8a/

မြဝတီခရိုင် ဝေါလေမြိုင်မြို့ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲ (၃) ဦးနှင့် မီးသတ်(၁) ဦးကို ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီးထား

 မြဝတီခရိုင် ဝေါလေမြိုင်မြို့ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲ (၃) ဦးနှင့် မီးသတ်(၁) ဦးကို ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီးထား

June 1, 2021 856


မေလ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်း မြဝတီခရိုင် ဝေါလေမြိုင်မြို့ရှိ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့အား ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။


ဝေါလေမြိုင်မြို့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၃) ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့သည် ယနေ့ မေလ ၃၁ ရက် နေ့လည်ပိုင်းက ဝေါလေမြို့မှ မြဝတီမြို့သို့သွားရာ လမ်းရှိ သုံးထပ်ကွေ့အနီးတွင် ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း နယ်မြေသတင်း နှံ့စပ်သည့် ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီတပ်မှအင်အားဖြန့်ကျက်၍ အပူတပြင်းစုံစမ်း ရှာဖွေလျက် ရှိနေသည်။


သို့ဖြစ်၍ ၎င်းဖြစ်စဉ်နေရာအနီးရှိ ကျေးရွာများဖြစ်သော ကျောက်ခတ်၊ ဖလူး နှင့် အင်ကြင်းမြိုင် စသည့်ကျေးရွာများမှ ပြည်သူများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ကြိုတင်ရှောင်ရှားမှုများ ရှိနေသည် ဟု

ယင်းဒေသခံပြည်သူတစ်ဦးက ဖြည့်စွက်ပြောသည်။


ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သော ခွဲထွက် DKBA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှစ၍ မိခင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အဖွဲ့မှခွဲထွက်ကာ မြဝတီ-ကော့ကရိတ် အာရှလမ်း တိုက်ပွဲအပါအဝင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သော ကရင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအဖြစ် သီးသန့်ရပ်တည်လျက်ရှိကြောင်း သိရသည်။

http://kicnews.org/2021/06/%e1%80%bb%e1%80%99%e1%81%80%e1%80%90%e1%80%ae%e1%80%81%e1%82%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9-%e1%80%b1%e1%80%9d%e1%80%ab%e1%80%b1%e1%80%9c%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%80%84%e1%80%b9/

ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

 ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

June 1, 2021 1141


ပုံ- ခွဲထွက်(DKBA)အဖွဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကျော်သက်

ဇွန် ၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက်ခြမ်း ဖလူးကျေးရွာအနီး မြဝတီ-ဝေါလေမြိုင်သွားကားလမ်း သုံးထပ် ကွေ့အလွန်တွင် ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့် (BGF)ပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။


ယမန်နေ့ မေလ ၃၁ ရက်နေ့က ဝေါလေမြို့မှ မြဝတီမြို့သို့ ရိက္ခာ၊ လစာ လာထုတ်သည့် ဝေါလေမြိုင်မြို့ နယ်မြေရဲ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁)ဦးကို ခွဲထွက် (DKBA) အဖွဲ့က ယခု တိုက်ပွဲဖြစ်ရာ နေရာ အနီးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


ထိုသို့ ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့အား ဖမ်းဆီးခေါ် ဆောင်ရာမှ အစပြုကာ စစ်ကောင် စီတပ်နှင့် စစ်ရေးတင်းမာမှု ဖြစ်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါ ပစ်ခတ်မှုတွင် ဗိုလ်ချုပ်စောကျော်သက်ဦးဆောင်သည့် DKBAဘက်မှ အခြားသော နယ်မြေခံ ကရင်လက်နက်ကိုင်အဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF တို့ ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကေအိုင်စီအနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။


၎င်းထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ယမန်နေ့ မေလ ၃၁ ရက် ညနေပိုင်းကတည်းက မြဝတီတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူတစ်ချို့မှာ ကြိုတင်ရှောင်တိမ်းမှုများရှိခဲ့သည်။


ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သော ခွဲထွက် (DKBA) အဖွဲ့သည် ပြီးခဲ့သည် ၂၀၁၅ ခုနှစ်ကတည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ခွဲထွက်ကာ သီးသန့်ရပ် တည်လျက်ရှိပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတိုက်ပွဲအပါအဝင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစွာ ဖြစ်ခဲ့ဘူးကြောင်း သိရသည်။

http://kicnews.org/2021/06/%e1%80%97%e1%80%ad%e1%80%af%e1%80%9c%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%b1%e1%80%85%e1%80%ac%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%80%e1%80%b9-%e1%80%a6/

မြဝတီတောင်ဘက် ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ အနီးဝန်းကျင်ကျေးရွာနေပြည်သူများ စစ်ရှောင်နေရ

 မြဝတီတောင်ဘက် ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ အနီးဝန်းကျင်ကျေးရွာနေပြည်သူများ စစ်ရှောင်နေရ

June 1, 2021 807


ဇွန်လ ၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၁ ရက် ၊ နေ့လည် ၁ နာရီအချိန်က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် (DKBA) တို့ တိုက်ပွဲဖြစ်နေ၍ အနီးဝန်းကျင်ရှိ ရွာသားများမှာ ဘေးလွတ်ရာသို့ စစ်ရှောင်နေရ ကြောင်း သိရသည်။


ယမန်နေ့ မေလ ၃၁ ရက်နေ့က ဝေါလေမြိုင် ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးတို့အား ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့မှ ဖမ်းဆီးခဲ့ရာမှ အစပြုကာ ယနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး ယမန်နေ့ကတည်းကပင် မြဝတီ -ဖလူး-ကျောက်ခက်-ဝေါ်လေသွား ကားလမ်း ကို ပိတ်ထားသည်ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။


ယခု ဖြစ်ပွားလျက်ရှိသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ မြဝတီအခြေစိုက် နယ်မြေခံတပ်ရင်းများနှင့်အတူ နယ်ခြားစောင့်တပ်(BGF) အမှတ် ၁၀၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သလို ခွဲထွက် (DKBA)ဘက်တွင်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) မှ မျိုးဆက်လူငယ်များ ပါဝင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

http://kicnews.org/2021/06/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%98%e1%80%80%e1%80%b9-%e1%80%96%e1%80%9c%e1%80%b0%e1%80%b8%e1%82%90%e1%80%bc%e1%80%ac%e1%80%a1%e1%80%94/

ခွဲထွက် DKBA နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၂ ဦးကျဆုံးဟု KNU ဒူးပလာယာခရိုင် ထုတ်ပြန်

 ခွဲထွက် DKBA နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၂ ဦးကျဆုံးဟု KNU ဒူးပလာယာခရိုင် ထုတ်ပြန်

June 1, 2021 4414


ဇွန်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ်၊ မြဝတီခရိုင် ဖလူးကျေးရွာအနီး ယနေ့ ဖြစ်ပွားခဲ့သည့် ခွဲထွက် (DKBA) နှင့် စစ်ကောင်စီ၊ နယ် ခြားစောင့်(BGF) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃၂ ဦး ကျဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်၏ ဖေ့ဘွတ် လူမှုကွန် ရက်စာမျက်နှာတွင် ဖော်ပြထားသည်။


ယနေ့ည ၈ နာရီအချိန် ဆက်သွယ်ချက်အရ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင် မှ သေဆုံးသူ ၃၂ ဦးတွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ ၂၉ ဦးပါဝင်ပြီး BGF မှ ၃ ဦးဖြစ်ကြောင်း ရှေ့တန်းစစ်မြေပြင်ရောက် သတင်းများအရ သိရသည်ဟု ဒူးပလာခရိုင်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။


ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ယနေ နေ့လည် ၁ နာရီအချိန်က စစ်ကောင်စီပူးပေါင်းတပ်နှင့် ခွဲ ထွက်(DKBA)တပ်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၎င်း တိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသား ၄၀၀ ကျော် ဘေးလွှတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။


ယနေ့ တိုက်ပွဲမဖြစ်ပွားခင် ယမနေ့က စစ်ကောင်စီဘက်မှ စစ်ကား ၁၁ စီးဖြင့် တက်သွားကြောင်း ဒေသခံ မျက်မြင်သက်သေများကဆိုပြီး ယနေ့တိုက်ပွဲဖြစ်ပွားရခြင်းမှာ စစ်ကောင်စီဘက်မှ သတ်မှတ်နယ်မြေကို ကျော်လာခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ခွဲထွက် DKBA ကို ဦးဆောင်သည့် ဗိုလ်ချုပ်စောကျော်သက် က ဆိုသည်။


ယနေ့တိုက်ပွဲကို ခွဲထွက် (DKBA) ဘက်မှ ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်ပြီး အခြားလက်နက်ကိုင်အဖွဲ့အ စည်းများလည်း ပါဝင်၍ စစ်ကောင်စီဘက်တွင်မူ မြဝတီမြို့နယ် နယ်မြေခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အတူ နယ်ခြားစောင့်တပ်(BGF)မှ ၁၀၂၂ တပ်ရင်းမှ ပါဝင်အားဖြည့်၍ ဖြစ်ပွားနေခြင်းဖြစ်သည်။


အလားတူ နယ်ခြားစောင့်တပ်(BGF) ၁၀၂၂ တပ်ရင်းဘက်မှ တပ်ဖွဲ့ဝင်တချို့ ခွဲထွက်(DKBA)ဘက်သို့ သွားရောက်ပူးပေါင်းမှုများရှိနေသည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသော်လည်း ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။


ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သော ခွဲထွက် (DKBA) အဖွဲ့သည် ပြီးခဲ့သည် ၂၀၁၅ ခုနှစ်ကလည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ခွဲထွက်ကာ သီးသန့်ရပ် တည်လျက်ရှိပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတိုက်ပွဲအပါအဝင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစွာ ဖြစ်ခဲ့ဘူးကြောင်း သိရသည်။

http://kicnews.org/2021/06/%e1%80%81%e1%80%bc%e1%80%b2%e1%80%91%e1%80%bc%e1%80%80%e1%80%b9-dkba-%e1%82%8f%e1%80%bd%e1%80%84%e1%80%b7%e1%80%b9-%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%85/

မြဝတီတောင်ဘက် ဖလူးတိုက်ပွဲကြောင့် ဒေသခံ ၆၀၀ ခန့် ထိုင်းဘက်သို့ စစ်ရှောင်ရပြီး အကူအညီများလိုအပ်နေ

 မြဝတီတောင်ဘက် ဖလူးတိုက်ပွဲကြောင့် ဒေသခံ ၆၀၀ ခန့် ထိုင်းဘက်သို့ စစ်ရှောင်ရပြီး အကူအညီများလိုအပ်နေ

June 1, 2021 759


ဇွန်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် မြဝတီမြို့ ဖလူးကျေးရွာအနီး စစ်ကောင်စီတပ်၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် (DKBA)တို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲကြောင့် ယနေ့ ညနေပိုင်း အချိန်ထိ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံပြည်သူ ၆၀၀ နီးပါးရှိကြောင်း သိရသည်။


ယနေ့ ဇွန်လ ၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှစ၍ ခွဲထွက် (DKBA)အဖွဲ့နှင့် စစ်ကောင်စီတပ်၊ BGFပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲကြောင့် မြဝတီတောင်ဘက်ခြမ်းရှိ ဖလူးကျေးရွာနှင့်အနီးဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၆၀၀ ခန့်မှာ သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ထိုင်းဘက်သို့ စစ်ဘေးရှောင်နေရသလို အချို့မှာ နီးစပ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။


“တချို့ကျတော့ ထိုင်းဘက် အမျိုးအိမ်ရောက်နေတယ်။ သောင်ရင်းမြစ်ကို ဒီတိုင်းပဲဖြတ်ကူးလာတာ။ ရေက ရင်ဘတ်လောက်ထိ ရောက်တာပေါ့။ အဲ့ဒါကြောင့် တချို့က ဘာပစ္စည်းမှ မသယ်သွားနိုင်ခဲ့ဘူး။ ဟိုဘက်ရောက် တော့ ထိုင်းစစ်သားတွေလာပြီး ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေတော့လုပ်ပေးပါတယ်။ အခု နွားတင်ကုပ်ထဲမှာ စုပြီးနေရတယ်။ လတ်တလောမှာတော့ အစားအသောက် အဝတ်အထည် နေရာထိုင်ခင်း အကူညီတွေလိုအပ်နေတယ် ” ဟု ထိုင်းဘက်သို့ စစ်ရှောင်ပြေးနေသည့် ဖလူးဒေသခံ တစ်ဦးက ပြောသည်။


ယနေ့ ညနေပိုင်းတွင်လည်း ဖလူးဒေသဘက်တွင် လက်နက်ကြီးရော၊ လက်နက်ငယ်ပါ ပစ်ခတ်သံများ ဆက်တိုက် ကြားနေရဆဲဖြစ်သည့်အတွက် အနီးအနားပတ်ဝန်းကျင်ရှိ ရွာများပါ ထပ်မံပြီး စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည်ဟု သိရသည်။


ယနေ့ မြဝတီတောင်ဘက်ခြမ်း ဖလူးတိုက်ပွဲတွင် ည ၈ နာရီအချိန်ထိ နောက်ဆုံး သတင်းအရ စစ်ကောင်စီဘက်မှ တပ်သား ၂၉ ဦးနှင့် BGF တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် စစ်ကောင်စီဘက်မူ ကျဆုံးစာရင်းနှင့်ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

http://kicnews.org/2021/06/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%98%e1%80%80%e1%80%b9-%e1%80%96%e1%80%9c%e1%80%b0%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%b9/

 

ကချင်က စစ်ပြေးဒုက္ခသည် သွားကူညီတဲ့ ဆရာဝန်နဲ့ အရပ်သားတွေကို စစ်တပ်ဖမ်းထား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ (၁၀)မိုင်အကွာ၊ ရွှေညောင်ပင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခမရ (၃၂၁)က စစ်သားတွေက၊ မိုးမောက်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေကို သွားကူညီတဲ့ ဆရာဝန် သုံးယောက်နဲ့ အရပ်သားနှစ်ယောက်ကို မေလ ၁၉ ရက်နေ့ မနက်ပိုင်းက ဖမ်းသွားတယ်လို့ အမည်မဖော်လိုတဲ့ အဖမ်းခံရသူ တစ်ဦးရဲ့ မိခင်က RFA ကို ပြောပါတယ်။

"ကျွန်မတို့က အဖမ်းခံရတယ်လို့ပဲ သိပါတယ်ရှင် ။ သူတို့တတွေ မြစ်ကြီးနားဘက်မှာ အဖမ်းခံရတယ်လို့ ကျွန်မတို့ကို အကြောင်းကြားလိုက်တာ ၂၁ ရက်နေ့က။ ကျန်တာ ကျွန်မတို့လည်း အခုလောလောဆယ် တော့ စိတ်တွေပူနေတာပဲ"

သူတို့နဲ့အတူ သိန်း ၆၀ ဖိုးရှိတဲ့ ဆေးဝါးပစ္စည်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့သူတွေကတော့ ဒေါက်တာနွေဒါလီဝင်း၊ ဒေါက်တာခင်ပြည့်စုံသွေး၊ ဒေါက်တာသီဟ၊ ကိုအောင် မြတ် တို့ ဖြစ်တယ်လို့သိရပြီး နောက်တစ်ဦးရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။

သူတို့ ငါးယောက်ကို မြစ်ကြီးနားမြို့အခြေစိုက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်ကြောရေးစခန်းမှာ ၁၂ ရက် ကြာတဲ့အထိ ထိန်းသိမ်းထားတယ်လို့ သိရတဲ့အကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။


https://www.rfa.org/burmese/news/soldiers-arrest-doctors-civilians-06012021061514.html

 

ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရှိလာ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေလ ၃၁ ရက် မနေ့က စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDF တို့ ဖြစ်ကြတဲ့တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်က တိုက်လေယာဉ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ထွက်ပြေးရတဲ့ဒေသခံပြည်သူ သုံးသောင်းကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီမနက်မှာလည်း စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက်မိုးလင်းထဲက ဒီကောင်တွေက လက်နက်ကြီးက ရှစ်လုံး ကိုးလုံး ဆယ်လုံးလောက် ထုနေတာ၊ လွိုင်ကော်ကနေ ဒီးမော့ဆို ကျောက်ဆွယ်တောင်ကို၊ မနေ့ညကလည်း တိုက်လေယာဉ်တွေကော ဂျက် လေယာဉ်တွေနဲ့ကော အကုန်လုံးဖိနေတာလေ၊ ဒီးမော့ဆိုမြို့လေးက သေးသေးလေးကို ပြည်သူတွေက လည်း ဘယ်လိုမှမနေရဲ ဘူး၊ တာဝေးလက်နက်ကြီးပဲ တစ်လုံးတစ်လုံးကို နှစ်မိနစ်တစ်ခါ သုံးမိနစ်တစ်ခါ ဘာမှမခြားဘူး တစ်နာရီအတွင်းကို အများကြီးပဲထုနေတာ၊ အကုန်လုံးကထွက်ပြးသွားပြီး နည်းနည်း ပါးပါးပဲ ကျန်တဲ့သူတော့ကျန်တာပေါ့၊ ရိက္ခာလည်းဆင်းယူလို့ အဆင်မပြေ၊ ဆင်းယူလို့ မြင်ရင်လည်းပစ်နဲ့ အကုန်လုံးယုတ်မာနေကြတာ၊ ပြည်သူပြည်သားတွေက တောတောင်တွေထဲ သောက်သုံးရေတွေ အခက် အခဲရှိတယ်၊ ရေအနောက်တွေကို ကြိုချက်သောက်ပြီး သောက်နေရတာ၊ ကျန်းမာရေးတွေလည်း အခက် အခဲဖြစ်၊ ကလေးတွေနဲ့ ဘယ်လိုမှအဆင်မပြေဘူး"

မနေ့ကတိုက်ပွဲမှာ KNDF တပ်က တစ်ဦး၊ အရပ်သားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်ကလည်း သေဆုံးသူများတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မှာ ပါဝင်သူတစ်ဦး က RFA ကို ပြောပါတယ်။

"တစ်နာရီကျော်ကျော်လောက်မှာ စပြီးဖြစ်တယ်၊ ဒီးမော့ဆိုမှာက ကျွန်တော်တို့ KNDF တပ်ရှိတယ်၊ ညနေ ခြောက်နာရီလောက်မှ ပြီးတယ်ဗျ၊ ကျွန်တော်ဘက်တော့ KNDF အဖွဲ့ရယ် ကျွန်တော်တို့နဲ့အတူလိုက်လာ တဲ့ ရွာသားတစ်ယောက်ရယ် နှစ်ဦးကျတယ်၊ ခြောက်ဦးဒဏ်ရာရတယ်၊ ကျွန်တော်တို့ကတော့ ရှိတဲ့အင် အားလေးရယ် ရှိတဲ့လက်နက်လေးနဲ့ ပြန်ပြီးတိုက်ထုတ်တဲ့ အနေအထားပေါ့၊ ငါးနာရီအထိ ကျွန်တော်တို့ ပစ်ခတ်တဲ့အချိန်မှာ လေယာဉ်က စပြီးတော့လာကူတာပေါ့"

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဘက်က ရှစ်ဆယ်အထိ သေဆုံးခဲ့တဲ့အတွက် စစ်တပ်က ညနေပိုင်းမှာ တိုက်လေယာဉ်တွေသုံးပြီး တိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရပါဘူး။

"ရိက္ခာလည်း ဆင်းယူလို့ အဆင်မပြေ၊ ဆင်းယူလို့ မြင်ရင်လည်းပစ်နဲ့ အကုန်လုံးယုတ်မာနေကြတာ"

ကယားပြည်နယ်မှာ စစ်ကောင်စီကို ပြန်ပြီးတော်လှန်ဖို့အတွက် ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေကို စုပေါင်းပြီး၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အဖြစ် မနေ့က မေလ ၃၁ ရက်နေ့ မှာ ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်မှာ မတ်လ ၁၉ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ နှစ်လခွဲအတွင်း သေဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ အရပ်သား၊ စုစုပေါင်း ၃၁ ဦးရှိခဲ့ပြီလို့လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရဲစခန်းတွေကိုပါ သိမ်းပိုက်နိုင်ခဲ့သလို အကျအဆုံးတွေရှိနေတယ်လို့ KNDF က ပြောထားပေမယ့် စစ်ကောင်စီဘက်ကတော့ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီနဲ့ KNDF တို့ တိုက်ပွဲဖြစ်နေတဲ့ မေလထဲမှာ၊ စစ်ကောင်စီရဲ့ အင်အားပြည့်ထိုးစစ်ကြောင့် ထွက်ပြေးရတဲ့စစ်ပြေးဒုက္ခသည် စုစုပေါင်း တစ်သိန်းနီးပါးရှိနေပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

karenni-refugees.jpg
(မသန့်ရှင်းတဲ့ရေကို ခပ်ယူနေရတဲ့ ကရင်နီစစ်ပြေးဒုက္ခသည်တွေပုံ) Photo CJ

အဲဒီလူတွေထဲမှာ တချို့က ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရွာရဲ့ အနောက်ဖက် တောတောင်တွေထဲမှာ မိုးကာတွေ ထိုးပြီး နေကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

"ကွိုင်ငံရွာကနေ လေဂိုးရွာအထိ အနောက်တောင်ကြောတစ်လျှောက်လုံးပေါ့ သူတို့က တဲထိုးပြီးနေကြတဲ့ အနေအထားရှိတယ်၊ အဲတောင်ဘက်တဝိုက်မှာ ဝမ်းပျက်ရောဂါ၊ ဝမ်းလျှောရောဂါဖြစ်တဲ့သူရှိတယ်၊ အဲ ဘက်မှာ ကျွန်တော်တို့ဆရာမနှစ်ယောက်တော့ ပို့ထားတာရှိတယ်၊ အခုလွိုင်ကော်အပါဆိုရင် ထွက်ပြေး ရသူက တစ်သိန်းလောက်ရှိနေပြီ၊ လောလောဆယ် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူ ရာနဲ့ချီပဲရှိသေးတယ်၊ မနေ့က ကျွန်တော်တို့ အိမ်သာခွက်လည်း ထပ်ပို့တယ်၊ ရသလောက် ပေါ့နော် သူများလာပေးသ‌လောက် အလှူခံရသလောက် ကျွန်တော်တို့အဲဘက်မှာ ပို့လိုက်တယ်"

လတ်တလော ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေအခက်အခဲဖြစ်နေသလို တချို့နေရာမှာ ဝမ်းပျက် ဝမ်းလျှောဖြစ်နေကြပြီး ဆေးဝါးနဲ့အစားအသောက်တွေကလည်း သုံးရက်စာလောက်ပဲရှိတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်ထဲ အဝင်အထွက်လမ်းတွေကို ဖြတ်လေးဖြတ်ပုံစံနဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားပြီး တောင်ငူ-ကယားလမ်းပိုင်းတစ်ခုပဲ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ ဖွင့်ထားပါတယ်။

မနေ့ကဆိုရင် လွိုင်ကော်မြို့ပေါ်က အမြှောက်တပ်၊ (၄၂၇) (၁၀၂) စတဲ့တပ်တွေကနေ ဒေါငံခါး ကုန်းသာရွာကြားက ကျောက်ဆွယ်တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ အလုံးလေး ဆယ်ကျော်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

https://www.rfa.org/burmese/news/more-than-100000-refugees-flee-in-kayah-06012021063506.html

 

KNU နဲ့ စစ်ကောင်စီတို့ ဖာပွန်မှာ တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ မူတြော်ခရိုင် (ဖာပွန်) နယ်မြေထဲမှာ ဇွန်လ ၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ငါးဦး သေဆုံးတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင် ကူးဆိပ်နဲ့ မထော်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦး ကျဆုံးတယ်လို့ မြေပြင်သတင်းပေးပို့မှုအပေါ် အခြေခံပြီး KNU သတင်းထုတ်ပြန်ရေးဌာနက ဖော်ပြထား ပါတယ်။

တစ်ဆက်တည်းမှာပဲ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာလည်း ဒီကနေ့ နေ့လယ် ၁ နာရီက စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲထွက်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကရင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီကနေ့တိုက်ပွဲမှာ DKBA ခွဲထွက်အဖွဲ့က ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းထားသလို စစ်ကောင်ဘက်က နယ်မြေခံတပ်တွေနဲ့ BGF နယ်ခြားစောင့် တပ်တွေ တိုက်ပွဲဖြစ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သလို ဖလူး-ဝေါ်လေး-ကျောက်ခတ် လမ်းတွေကို ခေတ္တပိတ်ထားတယ်လို့ KNU သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်တဲ့ မြဝတီမြို့နယ် ဖလူးကျေးရွာမှာ မေလ ၃၁ ရက် မနေ့က DKBA ခွဲထွက်တပ်ဖွဲ့က မြဝတီမြို့ကို ရိက္ခာလာထုတ်တဲ့ ဝေါလေးမြိုင်မြို့ နယ်မြေ ရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး၊ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး တို့ကို ဖမ်းဆီးသွားရာကနေ အခုလို တိုက်ပွဲဖြစ်တာလို့ ကရင်ပြည်နယ်အခြေစိုက် သတင်းတွေက သုံးသပ် ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးသလို အဲဒီတိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးတဲ့ အခြေအနေတွေကိုလည်း သီးခြား အတည်မပြုနိုင်သေး ပါဘူး။

စစ်ကောင်စီဘက်ကလည်း အဲဒီဒေသက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။


https://www.rfa.org/burmese/news/knu-and-military-attack-06012021084336.html

ရှမ်း/တောင် ကျေးသီးမြို့နယ်အတွင်း မနေ့ ဇွန်လ ၁ ရက် မနက်ပိုင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့အကြားက တိုက်ပွဲကြောင့် စစ်ရှောင် (၂၀၀)နီးပါး ကျေးသီးမြို့ပေါ်ရှိ နောင်ဆွမ်းဘုန်းကြီးကျောင်းဘက်ကို တိမ်းရှောင်လာကြရပါတယ်။

  ရှမ်း/တောင် ကျေးသီးမြို့နယ်အတွင်း မနေ့ ဇွန်လ ၁ ရက် မနက်ပိုင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့အကြားက တိုက်ပွဲကြောင့် စစ်ရှောင် (၂၀၀)နီးပါး ကျေးသီးမြို့ပေါ်ရှိ နောင်ဆွမ်းဘုန်းကြီးကျောင်းဘက်ကို တိမ်းရှောင်လာကြရပါတယ်။

ပစ်သတ်ခံရသူ လှိုင်သာယာမြို့နယ်စစ်ကောင်စီဝင်မှာ PPP ပါတီဝင်ဖြစ်

 ပစ်သတ်ခံရသူ လှိုင်သာယာမြို့နယ်စစ်ကောင်စီဝင်မှာ PPP ပါတီဝင်ဖြစ်

ပစ်သတ်ခံရသူ ဦးစိုင်းလင်းဇော်မှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သလို ပျူစောထီးအဖွဲ့၏ မြို့နယ်အဆင့်ခေါင်းဆောင်နှင့်၊ မဘသအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်



Myanmar Now

Published on Jun 1, 2021

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဦးစိုင်းလင်းဇော်၏ မဲဆွယ်ပိုစတာတစ်ခု

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဦးစိုင်းလင်းဇော်၏ မဲဆွယ်ပိုစတာတစ်ခု

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ယနေ့ (ဇွန် ၁)က ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုတွင် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် သေဆုံးသွားကြောင်း သိရှိရသည်။    


လှိုင်သာယာ၊ အမှတ် (၁၁) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနှင့် အနော်ရထာလမ်းထောင့်၌ ၎င်းစီးနင်းလာသည့် တိုရိုတာ၊ လင်ခရူဇာယာဉ်ကို ယနေ့ နံနက် ၈နာရီခန့်က ဆိုင်ကယ်ပေါ်မှနေ၍ လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာတွင် ရောက်ရှိနေသော ဒေသခံတစ်ဦးက ပြောသည်။


“ပစ်ခတ်တာတော့ မတွေ့လိုက်ဘူး။ ဆိုင်ကယ်နဲ့ ပစ်တာလို့ ပြောတယ်။ ကျွန်တော်တို့သွားတော့ ကားပဲ ရှိတော့တယ်။ (ဦးစိုင်းလင်းဇော်) လူမရှိတော့ဘူး။ သူက ပျူစောထီးခေါင်းဆောင်ဆိုပြီး ရပ်ကွက်ထဲမှာ နာမည်ကြီးတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။


အသက် ၅၀ အရွယ် ဦးစိုင်းလင်းဇော်၏ နေအိမ်တွင် ပြီးခဲ့သည့် မေ ၅ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။




Sai_lin_zaw_car.Jpg

ဇွန် ၁ရက်နေ့ သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် ဦးစိုင်းလင်းဇော်စီးနင်းလာသည့် မော်တော်ယာဉ်ကို တွေ့ရစဉ်

ဇွန် ၁ရက်နေ့ သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် ဦးစိုင်းလင်းဇော်စီးနင်းလာသည့် မော်တော်ယာဉ်ကို တွေ့ရစဉ်


ပျူစောထီးအဖွဲ့မှာ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ပြည်သူတို့၏ ဒီမိုကရေစီရေးတောင်းဆိုမှု၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုအန္တရာယ်ကို ခုခံကာကွယ်နိုင်ရေးကြိုးပမ်းမှုများအပေါ် တန်ပြန်နှိမ်နင်းရန် စစ်တပ်က ကျောထောက်နောက်ခံပြု၍ ဖွဲ့စည်းထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။




ဦးစိုင်းလင်းဇော်သည် လှိုင်သာယာမြို့နယ်အနောက်ပိုင်းတွင် နေထိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ ယင်းမြို့နယ်၏ ရန်ကုန်တိုင်းတိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် PPP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြုသူကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။


၂၀၂၀ ရွေးကောက်ပွဲအပြီး စစ်အာဏာသိမ်းချိန်တွင်မူ ဦးစိုင်းလင်းဇော်မှာ လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့မိမြို့ဖဖြစ်လာသည်ဟု ဒေသခံများထံမှ သိရသည်။


၎င်းသည် PPP ပါတီသို့ မဝင်ရောက်မီ စစ်တပ်ကျောထောက်နောက်ခံပြုနိုင်ငံရေးပါတီကြီးတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ မတိုင်မီ ပြည်ခိုင်ဖြိုးအာဏာရချိန်အတွင်း လှိုင်သာယာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သည်ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။


ထို့အပြင် ၎င်းမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အာဏာရချိန်တွင် အစိုးရကို ဆန့်ကျင်သည့် တပ်မတော်ထောက်ခံပွဲများ၊ အမျိုးသားရေးအမည်ခံလှုပ်ရှားမှုများအတွက် လှိုင်သာယာမြို့နယ်အတွင်း အခကြေးငွေဖြင့် လူစုဆောင်းသူ၊ မဘသဟု နာမည်ကျော်သည့် မျိုးချစ်အမည်တပ် အစွန်းရောက်အဖွဲ့တွင်လည်း တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း အဆိုပါဒေသခံက ဆိုသည်။


ဦးစိုင်းလင်းဇော် မသေဆုံးမီ ကိုယ်စားပြုခဲ့သည့် PPP ပါတီမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအမတ်ဖြစ်ခဲ့ပြီးမှ ပါတီမှ နုတ်ထွက်သွားသူ ဒေါက်တာသက်သက်ခိုင်က တပ်မတော်ထောက်ခံသူ၊ အမျိုးသားရေးအမည်ခံသူနှင့် စစ်မှုထမ်းဟောင်းတို့၏ အင်အားဖြင့် ၂၀၁၉ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။


‘ရွှေနန်းတော်’စိန်ရွှေရတနာတိုက်ပိုင်ရှင်ဟု နာမည်ကြီးပြီး PPP တွင် ဥက္ကဌတာဝန်ယူထားသည့် ဒေါက်တာသက်သက်ခိုင်မှာ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။


ဦးစိုင်းလင်းဇော်သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်တွင် ၃၈နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် PPP ဒုတိယဥက္ကဌ ဒုဗိုလ်မှုးကြီးဟောင်း ဦးကျော်ဇေယျက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးသတ်ဖြတ်ခံရခြင်းမှာ လက်ရှိအာဏာယူထားသူများ၏ လုံခြုံရေးတာဝန်ယူမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။


“မြို့နယ်ဖြစ်ဖြစ်၊ ရပ်ကွက်ဥက္ကဌဖြစ်ဖြစ်၊ ရပ်ကျေးကော်မတီဖြစ်ဖြစ် တာဝန်ပေးပြီဆိုရင် တာဝန်ယူတာဝန်ခံမှုကတော့ ထုံးစံအတိုင်း ရှိရမှာပဲလေ။ အဲဒီတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ကတော့ ကိုယ်တာဝန်ပေးထားတဲ့သူတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုက အလွန်အားနည်းတာကို သွားတွေ့ရတယ်။ အားမရဘူး” ဟု ၎င်းက Myamar Now ကို ပြောသည်။ 


PPP ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းမှတ်တမ်းများအရ ဦးစိုင်းလင်းဇော်သည် စတီးရောင်းဝယ်ရေး၊ ကားမောင်းခြင်းလုပ်ငန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဟု ဖော်ပြထားသည်။


စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြပြည်သူရာပေါင်းများစွာကို ရက်စက်စွာသတ်ဖြတ်ခြင်း၊ ထောင်နှင့်ချီသော ပြည်သူများကို ဖမ်းဆီးခြင်းများပြုလုပ်သည့်အတွက် မြန်မာပြည်အနှံ့ရှိ လူငယ်လူရွယ်တို့သည် ရရာလက်နက်များဖြင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီက ခန့်အပ်သော အုပ်ချုပ်ရေးမှုးများကို ခုခံတိုက်ခိုက်နေကြသည်။ 

https://myanmar-now.org/mm/news/6951

ပေါက်မြို့နယ် ရွာတချို့ကို စစ်ကောင်စီဝင်ရောက်စစ်ဆေး

 ပေါက်မြို့နယ် ရွာတချို့ကို စစ်ကောင်စီဝင်ရောက်စစ်ဆေး

လက်နက်စက်ရုံရှိသည့် ပေါက်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးစာရေးနှင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး အသတ်ခံရပြီး စစ်ကောင်စီတပ်များ လှုပ်ရှားနေသည်



Myanmar Now

Published on Jun 1, 2021

ပေါက်မြို့နယ်အနီး လက်နက်စက်ရုံဟု ယူဆရသည့် နေရာကို အပေါ်စီးမှ တွေ့ရပုံ (ဓာတ်ပုံ - Google Earth)

ပေါက်မြို့နယ်အနီး လက်နက်စက်ရုံဟု ယူဆရသည့် နေရာကို အပေါ်စီးမှ တွေ့ရပုံ (ဓာတ်ပုံ - Google Earth)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၌ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းရှာဖွေနေသည်ဟု ဒေသခံများက ယနေ့ (ဇွန် ၁)​တွင် ပြောသည်။


တိုက်ပွဲမှာ မြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ကြည့်ငိုတောင်အနီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၃နာရီဝန်းကျင်တွင် ကြည့်ငိုတောင်ကြား လမ်းကျဉ်းတစ်ခုအတိုင်း ခြေလျင်တက်လာသည့် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များကို လက်လုပ် ဆွဲမိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြောက်ကျားအဖွဲ့က ပြောသည်။  


စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့သည်ဟု ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။


ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့သည် ကြည့်ငိုတောင်အနီးနားရှိ ရွာများကို ရောက်လာသည်ဟု ဆိုသည်။




“ဒီနေ့တော့ တိုက်ပွဲမဖြစ်သေးပါဘူး။ ကျွန်တော်တို့က သူတို့(စစ်ကောင်စီတပ်) လှုပ်ရှားနေတာတွေကို စောင့်ကြည့်နေတယ်။ သူတို့က ရွာတွေထဲ ဝင်လိုက်ထွက်လိုက်နဲ့။ သူတို့က တပ်ဖြန့်ပြီး တော်တော်များများကို လိုက်စစ်နေတယ်” ဟု ဒေသခံပြောက်ကျားအဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောသည်။


အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များသည် ပေါက်မြို့နယ်တောင်ပိုင်းသို့ မေ ၃၀ ရက်ကတည်းက အင်အား ၂၀၀ ခန့်ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး ကိုင်းလယ်ရဲစခန်း၌ တပ်စခန်းချထားသည်ဟု ဒေသခံများက ဆိုသည်။




ဇီးတော၊ တပ်ကုန်း၊ ကင်းဆုတ်၊ ကင်းမ၊ တောင်ဘက် စသည့်ရွာများကို တပ်စုခွဲ၍ လိုက်လံစစ်ဆေးသကဲ့သို့ ကြည့်ငိုတောင်ပေါ်လမ်းများကိုလည်း ဒရုန်းများဖြင့် နယ်မြေအခြေအနေကို စစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။


ခင်ဆုတ်ရွာမှ စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးစာရေးတစ်ဦးနှင့် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အသတ်ခံခဲ့ရသည့် ဖြစ်စဉ်နှစ်ခုကြောင့် ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလာလုပ်သည်ဟု ပေါက်မြို့နယ်တောင်ပိုင်း ဒေသခံများက ယူဆထားကြသည်။


ရုံးစာရေးသည် မေ ၂၅ တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး စည်းရုံးရေးမှူးမှာ မေ ၃၀ ရက်က ကင်းဆုတ်ရွာနှင့် ဇီးတောရွာအကြားရှိ ကြည့်ငိုတောင်ကြော ကားလမ်းတွင် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောကြသည်။


“သေနတ်နဲ့ ပစ်သတ်ခံရတာတွေအတွက် ရှင်းလင်းရေးလာတယ်လို့ပဲ ယူဆရတယ်။ ကိုင်းလယ်ရဲစခန်းမှာ စခန်းချပြီး ခြေလျင်တက်လာပြီး ရှာနေတယ်လို့ ပြောတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။


ပေါက်မြိုနယ်တောင်ပိုင်း၌ ဆက်သွယ်ရေးအဆင်မပြေကြောင်း၊ ဖုန်းနှင့် အင်တာနက်အတွက် စစ်တပ်ပိုင် MyTel ကိုသာ သုံးနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။


“ဒီနေ့(ဇွန် ၁)မနက်ဆို MPT ဖုန်းလိုင်း လုံးဝကိုမရှိ၊ ခေါ်မရဖြစ်နေပါတယ်။ ပေါက်မြို့နယ်ထဲမှာကို ကျန်တဲ့နေရာတွေ MPT သုံးရပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းပဲ ဖြတ်ထားတယ်ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။


ထို့အပြင် ပေါက်မြို့နယ်တောင်ပိုင်းရှိ ရွာများကို စစ်ကောင်စီတပ်က လိုက်လံစစ်ဆေးစဉ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာသို့ စစ်ကားသုံးစီး၊ ပေါက်မြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်အစပ်တွင် စစ်ကားခြောက်စီးအထိ အင်အားတိုးမြှင့်ချထားလာသည်ဟု ဒေသခံပြောက်ကျားအဖွဲ့က ပြောသည်။


ကာကွယ်ရေးပစ္စည်းစက်ရုံရှိသည့် ထိုနေရာကို လုံခြုံရေးတင်းကျပ်ထားပြီး အဆိုပါစက်ရုံနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်း သတင်းရေးသားဖော်ပြမှုကြောင့် ရန်ကုန်မှ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို စစ်တပ်က တရားစွဲသဖြင့် ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခံရဖူးသည်။


ပေါက်မြို့နယ်အတွင်းရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (အမှတ် ၂၄)မှာ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဖြစ်ကြောင်း ယူနတီဂျာနယ်က စုံစမ်းကာ သတင်းရေးသားခဲ့၍ဖြစ်သည်။

https://myanmar-now.org/mm/news/6955

ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့

 ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ 

နမ့်ဖက်ကာကျေးရွာအခြေပြု စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်စခန်းနှင့် ရဲစခန်းအပါအဝင် လေးနေရာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မေ ၃၁ ရက် နံနက် ၁ နာရီတွင် စတင်တိုက်ခိုက်ခဲ့သည် 



Myanmar Now

Published on Jun 1, 2021

နမ့်ဖက်ကာတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများ။ (ဓာတ်ပုံ − Northern Alliance (Burma) 

နမ့်ဖက်ကာတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများ။ (ဓာတ်ပုံ − Northern Alliance (Burma) 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ယမန်နေ့ (မေ ၃၁) နံနက်အစောပိုင်းက စစ်ကောင်စီတပ်စခန်းများကို တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ 


ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအခြေပြု စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်စခန်းနှင့် ရဲစခန်းအပါအဝင် လေးနေရာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နံနက် ၁ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး အချိန်နှစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။


နမ့်ဖက်ကာရွာမှ ကွတ်ခိုင်ဘက်အထွက်ရှိ လျှပ်စစ်ရုံးနေရာ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးလည်း သေဆုံးခဲ့ကြောင်း နမ့်ဖက်ကာရွာခံတစ်ဦးက ပြောသည်။


ထို့ပြင် အခြားနေရာတိုက်ပွဲများ၌လည်း စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။ ထို့ပြင် အမျိုးသမီးတစ်ဦးလည်း ခြေထောက်ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ထိုဒေသခံက ဆိုသည်။ 




ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ နမ့်ဖက်ကာတိုက်ပွဲသတင်းဖော်ပြမှုတွင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကြောင်း ပါရှိသည်။ စစ်ကောင်စီတပ်ထံမှ မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းဓာတ်ပုံများကိုလည်း ရွှေဖီမြေက ဖော်ပြခဲ့သည်။


နမ့်ဖက်ကာတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ TNLA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ထံကို ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ 




နမ့်ဖက်ကာတိုက်ပွဲသည် လက်နက်ကိုင်အဖွဲ့များက စစ်တပ်အာဏာသိမ်းခြင်းကို လက်မခံကြောင်းပြသမှုဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အရေးလေ့လာသူ ရှမ်းမြောက်ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။


“တရုတ်ဖိအားကြောင့် တရားဝင်ထုတ်မပြောရင်တောင် သူတို့ တခြားနည်းလမ်းကနေ တပ်မတော် စစ်အာဏာသိမ်းတာကို ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ သူတို့အမြင်လည်းရှိတာပေါ့။ လက်ရှိအချိန်မှာ အသတ်ခံရတာ ကျွန်တော်တို့ တအာင်းတွေလည်း ပါလာတဲ့အခါကျတော့ တပ်မတော်ဘက်က အားနည်းရင် အားနည်းသလို သူတို့ကလည်း တိုက်တဲ့အနေအထားမျိုးရှိတာပေါ့” ဟု ​၎င်း​က ပြောသည်။


ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ခြင်းရှိမရှိသည် စစ်ကောင်စီက ဒေသခံများအပေါ် အကြမ်းဖက်နှိမ်နင်းမှု ရှိမရှိအပေါ် မူတည်နေပြီး ယခုရက်ပိုင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်၌ လူထုဆန္ဒပြပွဲကို အကြမ်းဖက်ပစ်ခတ်မှုနှိမ်နင်းမှု ပြုလုပ်လာသည်ကို တွေ့ရကြောင်း အဆိုပါ ဒေသခံက ပြောသည်။


“ဒီလိုမျိုးတွေ ထပ်ဖြစ်လာရင် လူထုတွေကလည်း အငြိမ်မနေဘူးလေ တောင်းဆိုမှာပဲ။ တောင်းဆိုလာရင် လက်နက်ကိုင်တွေဘက်ကလည်း ဒါကို လွန်ဆန်နိုင်မယ်လို့ မထင်ဘူး။ သူတို့လူထုထိလာရင် သူတို့လူထုတောင်းဆိုရင် တိုက်ပွဲတွေဆက်ဖြစ်လာမှာပဲ” ဟု ၎င်းက ​ပြောသည်။


ရှမ်းမြောက်ဒေသတွင် TNLA နှင့် MNDAA သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ကလည်း စစ်ကောင်စီတပ်များကို မကြာခဏတိုက်ခိုက်လျက်ရှိပြီး မကြာသေးမီက မြန်မာ - တရုတ်နယ်စပ်မြို့ မူဆယ်မှ လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်သုံးဆီတင်ယာဉ်များကို KIA က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

https://myanmar-now.org/mm/news/6949

ကရင်ပြည်နယ်အတွင်း နှစ်နေရာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၈ ဦးသေဆုံး

 ကရင်ပြည်နယ်အတွင်း နှစ်နေရာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၈ ဦးသေဆုံး 

မြဝတီနှင့် ဖာပွန်တွင် ဖြစ်ပွားသော DKBA ခွဲထွက်အဖွဲ့၊ KNU တို့နှင့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည် 



Myanmar Now

Published on Jun 1, 2021

မြဝတီတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ဖလူးရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေစဉ်။ (ဓာတ်ပုံ - Thooelei News) 

မြဝတီတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ဖလူးရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေစဉ်။ (ဓာတ်ပုံ - Thooelei News) 

ကရင်ပြည်နယ် မြဝတီနှင့် ဖာပွန်မြို့နယ်တို့တွင် ယနေ့ (ဇွန် ၁) ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ Thoolei သတင်းဌာနက ထုတ်ပြန်သည်။


မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် စစ်ကောင်စီဘက်တော်သား နယ်ခြားစောင့်တပ် (BGF) နှင့် DKBA (တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော်) ခွဲထွက်အဖွဲ့တို့ ယနေ့ မွန်းလွဲ ၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF နှင့်ပါလာသည့် စစ်တပ်မှ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ 


မြဝတီ ဖလူးဒေသတွင် ယနေ့ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့မှ ၃၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများအနက် ၂၉ ဦးမှာ အာဏာသိမ်းစစ်ကောင်စီတပ်မှဖြစ်ကြောင်း KNU တပ်မဟာ (၆) က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။


ဗိုလ်ချုပ်ကြီး စောကျော်သက်ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့နှင့် ဗိုလ်မုတ်သုန် ဦးစီးသော BGF တပ်ရင်း ၁၀၂၂ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 




တိုက်ပွဲဖြစ်ပွားရခြင်းမှာ DKBA ခွဲထွက်အဖွဲ့က ဝေါလေမြိုင်မြို့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသွားခြင်းနှင့် ဆက်စပ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။


“မနေ့က ကိုကျော်သက်တို့အဖွဲ့က ရဲမှူးကို ဖမ်းသွားတာပေါ့။ နောက်ဆက်တွဲက သူတို့ (BGF) ဘက်က ဒီမနက် တက်လာတော့ တိုက်ပွဲဖြစ်တာပေါ့။ နေ့လယ် ၁ နာရီလောက်ကဖြစ်တာ အခုဖြစ်နေတုန်းပဲ” ဟု အဆိုပါဒေသခံက​ ပြောသည်။




စစ်ကောင်စီလက်အောက်ခံ BGF ၁၀၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် DKBA ခွဲထွက်အဖွဲ့နှင့် သွားရောက်ပူးပေါင်းမှုများရှိနေပြီး တိုက်ပွဲကြောင့် အနီးအနားရွာများမှ ဒေသခံများ စစ်ရှောင်နေရပြီး ဖလူး - ကျောက်ခက် - ဝေါ်လေလမ်းကို ပိတ်ထားသည်။


DKBA ခွဲထွက်အဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသသည် KNU တပ်မဟာ(၆) နယ်မြေတွင်ဖြစ်ပြီး BGF တပ်များ နယ်မြေကျော်လွန်ဝင်ရောက်လာပါက KNU ဖြင့်ပါ တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။


အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား ဖြစ်ပွားသော တိုက်ပွဲများတွင် နယ်ခြားစောင့်တပ်က စစ်ကောင်စီဘက်မှ ကူတိုက်ပေးလျက်ရှိသည်။ 


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်) အတွင်းရှိ ကူးဆိပ်နှင့် မထောရွာကြားတွင်လည်း ယနေ့နံနက်ပိုင်းက KNLA တပ်မဟာ ၅ နှင့် စစ်တပ်တို့ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကြောင်း KNU က ထုတ်ပြန်သည်။  


တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။ 


မြဝတီတွင် နယ်ခြားစောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် DKBA ခွဲထွက်အဖွဲ့သည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ပူးပေါင်းဆောင်ရွက်မှုရှိနေကြောင်း ဒေသခံတချို့က ပြောကြားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။


ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့ဝင် ၁၃ ဦးက ၂၀၂၀ ဇူလိုင်လအတွင်း စစ်တပ်ထံ လက်နက်ချအလင်းဝင်ခဲ့သော်လည်း ဗိုလ်ကျော်သက် ဦးဆောင်သည့် ခွဲထွက်အဖွဲ့က ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

https://myanmar-now.org/mm/news/6954

လှိုင်သာယာအုပ်ချုပ်ရေး ကောင်စီဝင်သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

 လှိုင်သာယာအုပ်ချုပ်ရေး ကောင်စီဝင်သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

(Unicode)

စစ်ကောင်စီအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာဘယ်သူ့လက်ချက်မှန်းမသိရဘဲသေနတ်ပစ်ခံရပြီးသေဆုံးသူတွေ ရှိနေပါတယ်။ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာပြည်သူ့ရှေ့ဆောင် PPP ပါတီဝင်တဦး မနေ့တနင်္လာနေ့က ပစ်သတ်ခံခဲ့ရတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်းကတင်ပြပါမယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ ခိုင်ရွှေဝါလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ဇွန်လ ၁ ရက်နေ့ မနက် ၈နာရီဝန်းကျင်လောက်က အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။ သေဆုံးသူဟာ ပြည်သူ့ရှေ့ဆောင် PPP ပါတီဝင် ဦးစိုင်းလင်းဇော်ဖြစ်ပြီး၊ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြို့နယ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ သူမောင်းလာတဲ့ မော်တော်ယာဉ် ခဏရပ်ထားတုန်းမှာ သေနတ်နဲ့ ပစ်ခံရလို့ လည်ပင်းကို ကျည်ဆန်မှန်ခဲ့ပြီး၊ လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာတင် သေဆုံးသွားခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်ပြီးပြီးချင်း စစ်ကားတွေရောက်လာပြီး အဲဒီအနီးတဝိုက်ကို စစ်ဆေးရှာဖွေတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကိုပြောပါတယ်။

“သူအပစ်ခံရတာနဲ့ ရောက်လာတာပဲ စစ်ကားတွေက။ သူဖြစ်သွားတဲ့နေရာမှာ တောက်လျှောက်စစ်ဆေးရေးတွေ လုပ်တယ်။ လုံခြုံရေးပိုင်းကတော့ အခု လှိုင်သာယာဘက်မှာ ၁ရက်နေ့ဆိုပြီး သတင်းကထွက်ထားတာဆိုတော့ သူတို့အရင်ကထက် လုံခြုံရေးတင်းကြပ်ထားတာ ရှိတယ်။ စခန်းသိမ်းတိုက်မယ်၊ မြို့သိမ်းတိုက်မယ် သတင်းကထွက်ထားတော့ လုံခြုံရေးအရင်ကထက် ပိုချထားတယ်။ ရပ်ကွက်ထဲလည်း သူတို့ညတိုင်းပတ်တယ်။”

မေလ ၅ ရက်နေ့ကလည်း ဦးစိုင်းလင်းဇော်ရဲ့ နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ သူဟာ စစ်ကောင်စီကို ထောက်ခံအားပေးပြီး ရပ်ကွက်တွင်းသတင်းတွေကို ပေးနေသူလို့ ရပ်ကွက်နေပြည်သူတွေက ပြောပေမဲ့ ဒါကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ အခုလို စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ လှိုင်သာယာ မြို့နယ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်တယောက် သေနတ်နဲ့ လုပ်ကြံခံရတဲ့ တနေ့ထဲမှာပဲ လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာလည်း နေ့လည် ၂နာရီခွဲ ဝန်းကျင်လောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

“လုံခြုံရေးကတော့ ခဏလာသွားတယ်။ လာပြီးခဏပဲ ပြန်သွားတယ်။ နေ့လည် ၂ နာရီခွဲလောက် ပေါက်တယ်။ အဲဒီ ရုံးရဲ့အရှေ့မှာ ဖြစ်တာ၊ ဘာမှထိခိုက်မှုတော့ မရှိဘူး။ ထွေထွေထူးထူးတော့ ရပ်ကွက်ထဲဝင်သောင်းကျန်းတာတော့ လက်ရှိအချိန်ထိတော့ မရှိသေးဘူး။”

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာလည်း စစ်တပ်လိုလားသူလို့ အများမြင်ကြသူ ၂ ယောက် မေလထဲမှာပဲ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ဘယ်သူတွေက ပစ်သတ်သလဲဆိုတာလည်း ခုထိ မသိရပါဘူး။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတော့ CDM လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတယောက် မေလ ၃၁ ရက်က ပစ်သတ်ခံရပါတယ်။ မနကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးတင်စိုးဆိုသူကို အမည်မသိသူတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသတွင်းကလာတဲ့ သတင်းတချို့မှာ ဖော်ပြပါတယ်။ သူ့ကိုတော့ ဒေသခံတွေက ခင်မင်ကြတယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းထားတာ ၄ လ ရှိလာချိန် မြန်မာနိုင်ငံနေရာ အနံှ့မှာ ပေါက်ကွဲမှုတွေ ဖြစ်နေသလို လမ်းမပေါ်မှာ ပစ်ခတ် လုပ်ကြံမှုတွေလည်း ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကြားမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ မြို့တချို့မှာ ဖြစ်ပွားနေပါတယ်။

လှိုင်သာယာအုပ်ချုပ်ရေး ကောင်စီဝင်သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး (voanews.com)

ထိုင်းနိုင်ငံဘက် ဝင်ရောက်ခိုလှုံတဲ့ သတင်းထောက် ၃ ဦး မြန်မာနိုင်ငံ ပြန်ပို့ခံရဖွယ်ရှိ

 ထိုင်းနိုင်ငံဘက် ဝင်ရောက်ခိုလှုံတဲ့ သတင်းထောက် ၃ ဦး မြန်မာနိုင်ငံ ပြန်ပို့ခံရဖွယ်ရှိ

(Unicode)

မြန်မာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးပြီး ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ သတင်းထောက် ၃ ဦးကို တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့ပြီး ဌာနေပြန်ပို့ခံရနိုင်တယ်လို့ သူတို့ရဲ့ ရှေ့နေ အဖွဲ့ဝင် တဦးက အင်္ဂါနေ့မှာ AFP ကို ပြောပါတယ်။ ဌာနေပြန်ပို့ခံရရင်တော့ သူတို့ အတွက် အန္တရာယ် ရှိနိုင်တာပါ။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးကို ပြီးခဲ့တဲ့ မေလ အတွင်း ချင်းမိုင်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က သူတို့ကို ထိုင်းတရားရုံးက ငွေဒဏ် ဘတ် ၄,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ဆိုင်းငံ့ ထောင်ဒဏ် တနှစ် ပြစ်ဒဏ် ချမှတ်မှတ်ခဲ့ကြောင်း လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ရှေ့နေ Nadthasiri Bergman က ပြောပါတယ်။ အလားတူ ပြစ်မှု ထပ်မံကျူးလွန်ရင် ထောင်ဒဏ် ၇ လ ချမှတ်ခံရနိုင်ကြောင်းလည်း တရားရုံးက ပြောဆိုခဲ့ပါတယ်။ ဥပဒေကြောင်း အရတော့ ပြစ်ဒဏ်ချမှတ်ပြီး ၇၂ နာရီ အတွင်းမှာ သူတို့ကို နိုင်ငံရင်းကို ပြန်ပို့နိုင်ကြောင်းလည်း ရှေ့နေ Bergman က AFP ကို ပြောပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သူတို့ကို နိုင်ငံရင်းကို ပြန်ပို့တာ ဆိုင်းငံ့ပေးထားဖို့ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေထံ အယူခံ လျှောက်လွှာတင်ခဲ့ပြီး ဖြစ်ကြောင်းလည်း ရှေ့နေက ပြောပါတယ်။ အခုတော့ တတိယ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရရေး အတွက် စောင့်ဆိုင်းနေကြကြောင်းလည်း သူက ပြောပါတယ်။ DVB သတင်းထောက် သုံးဦးကို ဌာနေပြန်ပို့ရေး ရှောင်ရှားနိုင်မယ့် လူသားချင်း စာနာထောက်ကူမှုနဲ့ ဖြေရှင်းနိုင်ရေး ကြိုးစားနေကြောင်း ထိုင်းဘက်ကလည်း ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံဘက် ဝင်ရောက်ခိုလှုံတဲ့ သတင်းထောက် ၃ ဦး မြန်မာနိုင်ငံ ပြန်ပို့ခံရဖွယ်ရှိ (voanews.com)

ကျောင်းမတက်ရေး နှိုးဆော်ဆန္ဒပြမှုတွေနဲ့အတူ တက်ကြွသူတချို့ ဖမ်းခံရ

 ကျောင်းမတက်ရေး နှိုးဆော်ဆန္ဒပြမှုတွေနဲ့အတူ တက်ကြွသူတချို့ ဖမ်းခံရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဒီနေ့ ၄ လပြည့်သွားပါပြီ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့အထိ ဆက်ရှိနေပါတယ်။ ဒီနေ့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တာကြောင့် ဆန္ဒပြသူတွေကတော့ စစ်အာဏာရှင် လက်အောက်မှာ ကျောင်းမတက်ကြဖို့ နှိုးဆော်ဆန္ဒပြမှုတွေနဲ့ ဟောပြောမှုတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ အနက်ရောင် ယူနီဖောင်း ဆင်တူဝတ်ထားတဲ့ ဖုန်းအရောင်းဆိုင် ဝန်ထမ်းတချို့ ဖမ်းဆီးခံရပါတယ်။ ဒီကနေ့ နိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတာ ၄ လပြည့်တဲ့ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ ရန်ကုန်မြို့ထဲ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်သွားလာနေတာကို အရင်နေ့တွေထက် ပိုပြီး မြင်တေ့ွရပါတယ်။ လှည်းတန်းမြို့နယ်ထဲမှာ ဈေးသပိတ်လုပ်ခဲ့ကြတဲ့ နေရာကို စစ်တပ်က လူစုခွဲပြီးချိန်ရောက်လာပြီးအနားက အနက်ရောင် ယူနီဖောင်းတွေ ဝတ်ထားကြတဲ့ Oppo ဖုန်းအရောင်းဆိုင်က ဝန်ထမ်းတစ်ချို့ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ရန်ကုန်မှာက လှည်းတန်းမှာတော့ ကျနော်တို့ ဈေးသပိတ်လေး လုပ်ပါတယ်ဗျ။ အဲ့ဒါပြီး နောက်ပိုင်းတော့ Oppo ကုမ္ပဏီက ဝန်ထမ်းတွေ ယူနီဖောင်း အနက်ဝတ်လို့ဆိုပြီး အဖမ်းခံရတာရှိတယ်။ ခုထိလည်း တွေ့ခွင့်မရသေးဘူး။ ကျနော်တို့ ရုံးကို လှမ်းဆက်တော့ ရုံးပိုင်းက သွားတယ်။ သွားတော့ ခု ထုတ်ဖို့အတွက် ကြိုးစားတယ်ပေါ့။ ဒါပေမဲ့ သူတို့ကို ခုထိ ပေးမတွေ့ဘူးတဲ့။ လူက ၇ ယောက်၊ ၈ ယောက်အထိ ပါသွားတယ်။ Oppo ကုမ္ပဏီက ယူနီဖောင်းတွေက အမဲပဲ ထွက်တာ။ ဆိုင်ထဲမှာ နေနေတဲ့သူတွေကို ဖမ်းသွားတာဗျ။”

စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ ဆန္ဒပြသူတွေ လမ်းမကြီးတွေပေါ်မှာ ချီတက် ကြွေးကြော်ဆန္ဒပြကြပါတယ်။ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့ ပထမဆုံးရက်မှာ အာဏာရှင်စနစ် အောက်မှာ ကျောင်းမတက်ကြဖို့နဲ့ ပြည်သူ့ပညာရေးစနစ်ကို ဖော်ဆောင်ဖို့ တိုက်တွန်းတဲ့ ဟောပြောမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

“သပိတ်တွေက လမ်းမထက်ကို ပြန်တက်လာတယ်။ မုံရွာရဲ့ အဓိက လမ်းမတွေထဲမှာ တစ်လမ်းဖြစ်တဲ့ ပေ ၈၀ လမ်းမပေါ်ကို တက်ပြီး ဆန္ဒပြကြတယ်။ တစ်နိုင်ငံလုံး နှိုးဆော်ထားတဲ့ အတိုင်းပဲ စာအံသံတိတ် အာခံသပိတ် အနေနဲ့ ကျနော်တို့ အဓိကကတော့ လက်ရှိ ကလေးတွေအတွက် လုံခြုံမှု မပေးနိုင်တဲ့ စာသင်ခန်းတွေကို ခေတ္တခဏ ရုပ်သိမ်းပြီးတော့ပေါ့။ အမျိုးသားညီညွတ်ရေး အစိုးရက အကောင်အထည်ဖော်မယ့် ပြည့်သူ့ပညာရေး အစီအစည်တွေမှာ ပြည်သူလူထုကနေပြီးတော့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီးတော့ ကိုယ်ရဲ့ သားသမီးတွေအတွက် ပညာသင်ဖို့ အခွင့်အလမ်းကို ကိုယ်တိုင် ဖန်တီး ဖော်ဆောင်ကြဖို့ပေါ့နော်။ အဲ့ဒါကို အဓိကထားပြီး ပြောဖြစ်တယ်ဗျ။”

မုံရွာမြို့ တစ်ဘက်ကမ်းမှာတော့ ရွာပေါင်းစုံက လူအင်အားထောင်ချီနဲ့ သပိတ်စစ်ကြောင်းချီတက်ပြီး ဒီမနက်ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့ မဖူးသိမ့်သိမ့်တုန်ကို အရပ်ဝတ်တွေနဲ့ လူတစ်စုက ဖမ်းဆီးသွားတယ်လို့ မုံရွာမြို့ ဆန္ဒပြပွဲတွေမှာ ပါဝင်နေသူတစ်ဦးက ပြောပြပါတယ်။ စစ်တပ်က စစ်ဘေးရှောင်တွေအတွက် အလှုငွေလာယူဖို့ ဖုန်းဆက်ချိန်းပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့ညနေက ဗကသ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မဖူးသိမ့်သိမ့်တုန်ကို ဖမ်းဆီးသွားတယ်။ အဓိက ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူးဗျ။ Ocean Center မှာ စစ်ဘေးရှောင်တွေအတွက် အလှူငွေပေးအပ်ဖို့ဆိုပြီးတော့ အဲ့ဒီလို ချိန်းခေါ်ပြီးတော့ အရပ်ဝတ်နဲ့ စစ်သား ၈ ယောက်လောက်ကနေပြီးတော့ ဖမ်းသွားတာလို့ ကျနော်တို့ ကြားတယ်ဗျ။ ခုချိန်ထိ ဘယ်မှာထားထားလဲဆိုတာကို စုံစမ်းလို့ မရသေးဘူးဗျ။”

စစ်တပ်အာဏာသိမ်းပြီး ၄ လကြာလာချိန်မှာ လူငယ်တချို့ကတော့ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ နည်းလမ်းကို ရွေးချယ်လာကြပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ပြန်လည် ခုခံချင်သူတွေ ရှိနေတယ်လို့ လူငယ်တယောက်က ပြောပြပါတယ်။

“စစ်ကောင်စီတပ်တွေ ဝင်လာရင် ခုခံကာကွယ်မယ်ဆိုတဲ့ လူငယ်တွေရှိသလို ဒီအတွက်လည်းပြင်ဆင် နေကြတယ်လို့ ကျနော်တို့ သိရတယ်လေ။ ရေရှည်မှာ ကျလာလို့ရှိရင် စစ်ကောင်စီတပ်တွေရဲ့ မတရား နှိပ်စက်ဖမ်းဆီးသတ်ဖြတ်နေတာတွေကို ပြန်လည်ခုခံနိုင်မယ့် လက်နက်ကိုင်တိုက်ပွဲတွေကတော့ ထားဝယ်မြို့ပေါ်မှာတင်ပဲ ဖြစ်လာနိုင်တယ်။ ဖြစ်လည်း ဖြစ်ဖို့ တော်တော်လေး နီးစပ်နေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒီတော့ လမ်းမတွေပေါ်မှာ ဆန္ဒပြနေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကလည်း ရှိနေမယ်။ ဒီလိုမျိုး ဆန္ဒပြနေတဲ့ ပြည်သူလူထုအပါအဝင် ပြည်သူလူထုကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ဟာတွေကို လက်နက်နဲ့ ပြန်လည်ပြီးတော့ ခုခံကာကွယ်နိုင်ဖို့အတွက် ပြင်ဆင်တဲ့ လှုပ်ရှားမှုတွေရှိသလို သူ့ကို ပြန်ပြီးတော့ တုံ့ပြန်ကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်တဲ့ အင်အားစုတွေလည်း ရေရှည်မှာကျရင် ရှိလာနိုင်တယ်လေ။”

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးဖြိုခွဲမှုတွေကြားကပဲ နေ့စဉ်ဆန္ဒပြနေကြတဲ့ မန္တလေး၊ စစ်ကိုင်း၊ လောင်းလုံမြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဆက်ရှိနေသလို ဖျာပုံ၊ မတ္တရာ၊ မိုးကောင်းနဲ့ လက်ပံတောင်းတောင်ဒေသက ကျေးရွာတွေမှာ ကျောင်းမတက်ရေးဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

ကျောင်းမတက်ရေး နှိုးဆော်ဆန္ဒပြမှုတွေနဲ့အတူ တက်ကြွသူတချို့ ဖမ်းခံရ (voanews.com)

လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ

 

လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ

0

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ အမှတ်(၂) မူလတန်းကျောင်းတွင် ယမန့်နေ့ (မေ ၃၁)ရက် ည ၁၁ နာရီဝန်းကျင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


မီးလောင်သွားသည့် ကျောင်းဆောင်သည် ကျောင်းဆောင်ဟောင်းဖြစ်ကြောင်း၊ ဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။

“ ဘာကြောင့်မီးလောင်လည်းဆိုတာတော့ ကျနော်တို့မသိဘူးရသေးဘူး။ ကျောင်းဆောင်ဟောင်းလောင်သွားတာပါ။ အဲထဲမှာတော ခုံတွေရှိတယ်။ ဘယ်လောက် ဆုံးရှုံးသွားလည်း ဆိုတာကိုတော့ ခုစာရင်းတွက်နေသေးတယ်။ ဆုံးရှုံးမှုကတော့ ရှိတော့ရှိတာပေါ့နော် ကျောင်းဆောင်ဟောင်းဖြစ်လဲ” ဟု လွိုင်လင်မြို့ ကျောင်းဆရာတစ်ဦးက ပြောသည်။

ထိုမီးလောင်သွားသည့် ကျောင်းဆောင်သည် စာသင်ခန်းကျောင်းဆောင်မဟုတ်ကြောင်း၊ ပစ္စည်းများကို ထားရှိကြောင်း ကျောင်းဆရာက ပြောသည်။

ယနေ့ ဇွန်လ ၁ ရက်သည် စစ်ကောင်စီ မှ မြန်မာတဝှမ်းလုံးရှိ ကျောင်းများကို စတင်ဖွင့်လှစ်ရန် ညွှန်ကြားထား သော်လည်း လွိုင်လင်မြို့ တွင် ကျောင်းလာတက်သည့် ကျောင်းသားများ မရှိသလောက်နည်းပါးကြောင်း သိရသည်။

“ ကျောင်းသွားတက်တဲ့သူတွေကတော့ သိပ်မရှိဘူး။ ကျနော်တို့ အဆောင်ကလည်း ကျောင်းမတက်ကြပါဘူး။ ကျောင်းသွားတက်တဲ့သူဆို ၁၀ ရာခိုင်းနှုန်းလောက်ပဲရှိမယ်။ အတိအကျတော့ မသိရသေးဘူး” ဟု အဆောင်ဖွင့်ထားသည့် ဆရာတစ်ဦး ကပြောသည်။


စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းများကို ပြန်လှည်ဖွင့်လစ်ပေးရန်စီစဉ်ခဲ့သော်လည်း တစ်ချို့မြို့ရှိ စာသင်ကျောင်းများ မီးလောင်မှုပြီး ပြာကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် ကျောင်းသား မိဘတစ်ဦးက “ ဒီလိုတော့ မဖြစ်စေချင်ဘူးလေ။ ကျောင်းတွေမီးရှို့တာတွေကိုတော့ မဖြစ်စေချင်ဘူး။ ဒီစစ်အာဏာရှင်ကို တွန့်လှန်ပစ်ရမယ်ဆိုတာတော့ ဟုတ်ပေမယ့် ကျောင်းတွေကို မီးရှိုးပစ်တာတော့ မလုပ်စေချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း CDM မှာပါဝင်ပြီး ကျောင်းမသွားပဲနေကြပါ” ဟု ကျောင်းသား မိဘ တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းတွင် သျှမ်းပြည်တွင်းရှိ စာသင်ကျောင်းများ ပညာရေးမှူးရုံးများ အနီးတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့နေလျက်ရှိကြောင်း သိရသည်။

ထိုစာသင်ကျောင်း၊ ဈေးများတွင် ဗုံးထောင်ခြင်း၊ ပေါက်ကွဲမှု ပြုလုပ်ခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့က ပြုလုပ်ခြင်းမဟုတ်ကြောင်းလည်း ကြေညာချက်ထုတ်ပြန်ထားကြသည်။

အာဏာသိမ်းစစ်ကောင်စီမှ ပညာရေးဝန်ထမ်းများ စုစုပေါင်းကို ၁သောင်းခွဲကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ တစ်ချို့ ပညာရေးဝန်ထမ်းများကို ရာဇသတ်ပုဒ်မ (၅၀၅- က) ဖြင့် တရားစွဲဆို ထားကြောင်း နိုင်ငံပိုင်ရုပ်သံ MWD မှ ထုတ်လွှင့်ကြေညာခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။

လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ - SHAN News (Burmese)

ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ

 

ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ

0

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် ယမန်နေ့ (မေ ၃၁)ရက် ည ၁၀နာရီ တွင် တဖက်သတ် သေနတ်ပစ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။


ထိုသေနတ်ပစ်သံသည် ဆီဆိုင်မြို့ တောင်ဘက်တွင် တဖက်သတ် ပစ်ခတ်နေသည့်အသံဖြစ်ကြောင်း၊ သေနတ်သံ (၁၀)ချက် နှင့် လက်နက်ကြီးသံ(၃)ချက် ကြားရကြောင်း အမည် မဖော်လိုတဲ့ ဆီဆိုင်မြို့ ဒေသခံ ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

“မနေ့က ည ၁၀ နာရီ ဝန်းကျင် အချိန်လောက်က စကြားရတယ်ဗျ၊ သေနတ်သံ (၁၀ )ချက်ကျော် အရင်ကြား ရပြီးတော့ လက်နက်ကြီးသံ(ဗုံးသံ) ၃ ချက်ထပ်ကြားရတယ်ဗျ၊ ဒီမနက်ရောက်တော့လည်း ပြည်သူတွေက ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားနေကြတာဗျ” လို့ ၎င်းက ပြောပါသည်။

ဆီဆိုင်မြို့ တွင် ပအိုဝ့် အမျိုးသားအစည်းအရုံ (PNO) ထိန်းချုပ်နယ်မြေထဲပါဝင်နေသည့်အတွက် စစ်ကောင်စီ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုက်ခိုက်နှိမ့်နင်းမည်ဆိုပါက PNO ကိုသာ ညွှန်ကြားတိုက်ခိုက်ခိုင်းမည် ဟု ၎င်း က ပြောသည်။

“ မနေ့ညက ကြားရတဲ့ သေနတ်သံတွေကလည်း အခြားဒေသက အသင်းအဖွဲ့တွေလာလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီဒေသထဲမှာ ရှိနေတဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့တွေကပဲ လူတွေထင်ယောင် ထင်မှားဖြစ်အောင် လုပ်တာလို့ပဲ ကျွန်တော်မြင်တယ် ” လို့ ဆီဆိုင်ဒေသခံ တဦးက ပြောသည်။

ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (PNDF) ဖွဲ့စည်းကြောင်း (မေ ၂၉ )ရက် ထုတ်ပြန်ချက် ထုတ်ပြီးနောက်ပိုင်း ပြ ဆီဆိုင်မြို့ အထွက် ဘုန်းကြီးကျောင်း အနီးတွင် PNO အင်အားဖြည့်တင်းမှု ပြုလုပ်လာကြောင်းသိရသည်။

ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ - SHAN News (Burmese)

သီပေါမြို့ စစ်ရှောင် (၂၅၀)ကျော်နေရပ်ပြန်

 

သီပေါမြို့ စစ်ရှောင် (၂၅၀)ကျော်နေရပ်ပြန်

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် (၂၅၀) ကျော် ယနေ့ ဇွန် (၁) ရက်တွင် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ခဲ့ရသည့် မန်လီဒေသခံများ၊ ပန်လုံဒေသခံများ နှင့် တာပုလဲ ဒေသခံများ ယနေ့ (ဇွန် ၁)ရက် နေရပ်ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။

“မန်လီက နေအိမ် (၄၄) အိမ် မီးလောင်သွားတဲ့ သူတွေတော့ မပြန်သေးဘူး။ ပြန်စရာ အိမ်လည်းမရှိတော့ ခုလက်ရှိချိန်ထိ စခန်းမှာပဲရှိသေးတယ်။ တိုက်ပွဲက မဖြစ်တော့ဘူးလားဆိုတာတော့ ပြောလို့မရဘူး။ ခုက ငြိမ်နေလို့ ဒေသခံတွေက ပြန်သွားကြတယ်။” ဟု သီပေါစစ်ရှောင်စခန်းမှာ ကူညီပေးသည့် ပရဟိတ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။


မေ (၂) ရက်နေ့တွင် နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာ ဒေသခံ နေအိမ် (၄၄) အိမ် မီးရှိုှု့ခံရသည့်အတွက် လက်ရှိအချိန်ထိ သီပေါစစ်ရှောင်စခန်းသို့ နေထိုင်ခဲ့ရကြောင်း သတင်းရရှိသည်။

“စိုက်ပျိုးရာသီလည်းရောက်ပြီဆိုတော့ သူတို့ နောက်နှစ်အတွက် ပြန်စိုက်ကြတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပေမယ့် ဝမ်းရေးအတွက် ပြန်သွားကြတာပေါ့။” ဟု စစ်ရှောင်စခန်းမှ ကူညီပေးသည့် လူငယ်တစ်ဦး ကပြောသည်။

လက်ရှိတွင် နှစ်ဖက်တပ် စစ်ရေးတင်းမာမှု မရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိ သီပေါမြို့ရှိ စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် (၃၀၀)ကျော် ကျန်ရှိနေပြီး ၎င်းတို့သည် တာပေ့ရွာ၊ မန်လီရွာ နှင့် မန့်ကောင်းရွာ တို့ဖြစ်ကြောင်း သိရသည်။

သီပေါမြို့ စစ်ရှောင် (၂၅၀)ကျော်နေရပ်ပြန် - SHAN News (Burmese)

ကရင်နီ စစ်ရှောင်များကို ခက်ခက်ခဲခဲ သွားရောက်ကူညီထောက်ပံ့နေရ

 

ကရင်နီ စစ်ရှောင်များကို ခက်ခက်ခဲခဲ သွားရောက်ကူညီထောက်ပံ့နေရ

0

ကရင်နီပြည် (ကယားပြည်) တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာ ရှိကြောင်း စုံစမ်းသိရသည်။


ကရင်နီတွင် ရှိနေသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာရှိကြောင်း၊ သွားရောက်ကူညီရာတွင်လည်း စစ်ကောင်စီ အုပ်စု က စောင့်ဆိုင်းကာ ဖမ်းဆီးမှုပြုလုပ်နေကြောင်းလည်း Tai Youth Yangon အဖွဲ့ဝင်တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့သွားထောက်ပံ့ပေးတာ ခိုးပြီးတော့သွားရတာ။ စစ်ကောင်စီ ဘက် လမ်းပိတ်ထားတော့ ခိုးပြီးပစ္စည်းတွေ သယ်သွားရတယ်။ မိုးရွာတော့လမ်းမကောင်းဘူး ၊ ခက်ခဲတယ်” ဟု Tai Youth Yangon အဖွဲ့ဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“ လတ်တလောတော့ သူတို့ မိုးကာနဲ့ ဆေးဝါးလိုအပ်နေသေးတယ်။ စစ်ကောင်စီက လည်းတွေပိတ်ထားပြီး သွားရလာရတာ အတော်ကျပ်တယ်ဗျ။ ဒေသခံပါလို့ လမ်းကျွမ်းလိုသာ အဆင်ပြေတာ” ဟု ၎င်း လူငယ်က ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်လူများကို ဂျပန်ရောက် သျှမ်းလူငယ်ကွန်ရက်အဖွဲ့ Tai Youth Network Japan၊ ရန်ကုန်ရောက် သျှမ်းလူငယ်အဖွဲ့ Tai Youth Yangon နှင့် Tai Students’ Union တို့ ပူးပေါင်းပြီး အလှူငွေ ကောက်ခံကာ ကရင်နီစစ်ရှောင်နေရာပေါင်း (၁၂)နေရာ ရှိ စစ်ရှောင် ပြည်သူ (၂၇၂၆)ဦး ကို ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ အလှုငွေကောက်ခံပြီး လှူဒါန်းထောက်ပံ့ပေးရခြင်းသည် သျှမ်းတိုင်းရင်းသားများအနေဖြင့် ၎င်းတို့နှင့် ထပ်တူရှိနေကြောင်း၊ ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Tai Youth Yangon က ထပ်လောင်းပြောသည်။
အလားတူ လူသားချင်း စာနာထောက်ထားမှုဖြင့် စစ်ဘေးရှောင်ပြည်သူများကို ကူညီးထောက်ပံ့ပေးသည့် လုပ်ငန်းစဉ်များကို ခွင့်ပြုပေးသင့်ကြောင့်စစ်ကောင်စီထံသို့ အထက်ပါ အဖွဲ့စည်းများက တောင်းဆိုလိုက်သည်။

ကရင်နီ စစ်ရှောင်များကို ခက်ခက်ခဲခဲ သွားရောက်ကူညီထောက်ပံ့နေရ - SHAN News (Burmese)

ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ

 

ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ

0

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ဖွဲ့စည်းကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဆီဆိုင်မြို့ အနီးတစ်ဝိုက်တွင် ပအိုဝ်းအမျိုးသား အစည်းအရုံး( PNO) အင်အားဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။


မေလ ၂၉ ရက်နေ့တွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်အပြီးတွင် ဆီဆိုင်မြို့အနီးတဝှိက်တွင် ပြည်သူ့စစ် အဖြစ် ရပ်တည်နေသော (PNO) အင်အားဖြည့်တင်းလာကြောင်း ဆီဆိုင်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ရွာထဲမှာတော့ PNO စစ်သားတွေများလာတာကို တွေ့ရတယ်၊ ဆီဆိုင်မြို့အနောက်ဖက်ရွာတွေက ရှမ်း – ကယားနယ်စပ် နဲ့ နီးနေတော့ သူတို့က လုံခြုံရေးအရ စခန်းချထားရတယ် ပြောတယ်၊ အရင်ကလည်း က ကယားပြည်ဖက်သွားပြီး စစ်ကောင်စီကို သွားတိုက်ကူတယ်ဆိုတဲ့ သတင်းကလည်းထွက်နေတော့ သူတို့ကို ပြန်လာတိုက်မှာ ကြောက်လို့ လုံခြုံရေးချထားတဲ့ သဘောပေါ့” လို့ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦး က ဆိုသည်။

PNO သည် နယ်မြေလုံခြုံရေး အရ အကာအကွယ်ယူထားသည့် ပုံစံမျိုးရှိနေကြောင်း၊ PNO သည် စစ်ကောင်စီ တပ်ဖွဲ့ ကို ပူးပေါင်းသည် တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

“ PNO တပ်က အင်အားတွေ ထပ်စုနေတယ်လို့ ကြားတယ်။ နယ်မြေ လုံခြုံရေး ဆိုတဲ့ပုံစံနဲ့ စစ်အားတွေ အများကြီးဖြည့်နေတယ်” ဟု ပအိုဝ်းလူငယ်တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ဆောင်နန်းခဲကျေးရွာတွင် စစ်ကောင်စီ နှင့် ကယန်းပြည်သစ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ PNO သည် စစ်ကောင်စီဘက် စစ်ကူပေးပြီး တိုက်ပေးခဲ့ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် PNO သည် ပအိုဝ်းအမျိုးသားနှင့် လူငယ်များ၏ သဘော ထားမပါဘဲ အကြမ်းဖက် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းပါက ဒေသတွင်းတိုက်ပွဲများနှင့် ၎င်းတို့၏ အသက်၊ အိုးအိမ်စည်းစိမ်များအတွက် အာမမခံနိုင်ကြောင်း ပအိုဝ်း ပြည်သူများက မေ ၃၀ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ - SHAN News (Burmese)

စစ်ကိုင်းတိုင်းတွင်း ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်

 စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ကြား မေလ ၃၁ ရက် ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကသာမြို့နယ်ဘက်မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ စစ်ကောင်စီက လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာမှာ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီနေ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကလေးမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့ (KCA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ပူပေါင်းထားပြီး PDF တပ်ဖွဲ့အနေနဲ့ တိုက်ခိုက်တာလို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူးကြီးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့က မနက် ၅ နာရီဝန်းကျင်၊ ၅ နာရီအကျော်လောက်မှာ ဝိုင်းကြတယ်ဗျ။ အရပ်ဝတ်တွေနဲ့ ဝင်လာပြီး ဒီကျနော်တို့ PDF ထဲမှာ ပါတဲ့ အိမ်ကို ဝိုင်းတာ သူတို့ကတော့ လွတ်သွားတယ်ဗျ။ အဲ့ဒီလိုမျိုးလေး အဲ့ဒါကို ကျနော်တို့ လူစုပြီးမှ ရွာခံတွေနဲ့ တိုင်ပင်ပြီး ရွာနာမှာစိုးလို့ပေါ့နော် ကျနော်တို့က ရွာခံတွေနဲ့ တိုင်ပင်၊ ရွာလည်း နာရင် နာ၊ ဝင်တိုက်ပေးပါဆိုလို့ ကျနော်တို့ အဲ့ဒီလိုမျိုး တိုက်ပွဲလေးထိတွေ့သွားတယ်ဗျ။ အဲ့ဒီလိုမျိုး ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတဲ့ လူမရှိပါဘူးဗျ။ သူတို့ဘက်ကတော့ ၃ ယောက်ကတော့ ထိတယ်။ ၃ ယောက် အနည်းဆုံး ထိတယ်ပေါ့နော်.. ဒါပေမဲ့ သေ မသေတော့.. ၂ ယောက်ကတော့နိုင်တယ်ဗျ တစ်ခါတည်း ခွေကျသွားတယ်ဆိုတော့။”

နေ့လယ်ပိုင်းမှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ညနေ ၃ နာရီလောက်မှာ ပြန်ငြိမ်သွားတယ်လို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ တပ်မှူးကြီးက ပြောပါတယ်။ သာစည်ကျေးရွာက ကျောင်းသားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် မိသားစုဝင်တွေကို ဒီနေ့မနက်စောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တိုက်ပွဲတွေ စဖြစ်တာလို့ PDF အဖွဲ့ဝင်ထဲက သာစည်ကျေးရွာခံတစ်ဦးက ပြောပါတယ်။

“ကျေးရွာအုပ်စုရေးမှူးပေါ့နော်၊ အုပ်ချုပ်ရေးမှူးအဟောင်းပေါ့နော်၊ ဒီ NLD အစိုးရတုန်းကအုပ်ချုပ်ရေးမှူး ခန့်ထားတဲ့ဟာပေါ့နော်။ အဲ့ဒါမိသားစုလိုက်ပါတယ်။ အဲ့ဒီထဲမှာ ကလေးတွေရောပေါ့နော်... သူကတော့ မိသားစုအလိုက် တူတွေ၊ တူမတွေရော မိန်းကလေးတော့များတယ်။ မိန်းကလေးက ၄ ယောက်လောက်တော့ ရှိမယ်နော်။ အဲ့ဒါပြီးရင် ယောကျာ်းလေးက ၉ ယောက်ဗျ။ အဲ့ဒီမှာ ကျနော်က နာမည်ကတော့ အတိအကျတော့ မသိသေးဘူးပေါ့နော် ကျနော်တို့ လောလောဆယ်တိုက်နေတုန်းနဲ့ ပါသွားတယ်ဆိုတော့လေ။ဥက္ကဋ္ဌမိသားစု တစ်စုနဲ့ အပြင်လူငယ်လေးတွေပေါ့နော်။ ကျောင်းသားလေးတွေ အဲ့ဒါ ၉ ယောက်။ အဲ့ဒါပြီးရင် ကျနော်တို့ NLD တိုက်ကပေါ့နော်... ကိုလှိုင်ထွန်း အဲ့ဒါတစ်ယောက်ပါတယ်ဗျ အားလုံးပေါင်း ၁၀ ယောက်ပေါ့။”

မနေ့က ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ထားတဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်ဘက်မှာလည်း ဒီနေ့ညနေ ညနေ ၅ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ငါးလုံးလောက် လာကြဲသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဉ် တစ်စင်းဗျ၊ တစ်စင်းအောက်နေကပြီးတော့ သူတို့ စက်သေနတ်နဲ့ ရမ်းပစ်လာလည်း ကြုံရတယ်။ ဒါပေမဲ့လို့ ဒီဘက်က PDF အဖွဲ့တွေက ငြိမ်နေတယ်။ ၅ နာရီ ၁၅ မှာ လာပြီး ဗုံးချသွားတာ ငါးလုံးလို့ ပြောပါတယ်။ အဲ့ဒီမှာ ငါးလုံးချပြီး သူပြန်လှည့်သွားပါတယ်၊ ဘယ်နေရာလဲ နေရာတွေက ခုနတော့ လူသူမရှိတဲ့နေရာဖြစ်သွားတာပေ့ါနော်။ ရွာတွေပေါ်တော့ မဟုတ်ဘူး။ လူအထိအခိုက်တော့ မရှိပါဘူး။ စစ်ကောင်စီက သူ့ဟာသူလာပစ်သွားတာပါ။”

စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာနဲ့ ကသာမြို့နယ်ထဲက ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဟိုဟာ မရှိပါဘူးဗျ၊ ဟိုဘက်မှာတော့ ရှိတယ်။ ကျနော်တို့ ဟားခါးဘက်မှာတော့၊ ဟားခါးဘက်မှာတော့ ရှိတယ်။ အဲ့ဒါပဲ ရှိပါတယ်။”

ကသာမြို့နယ်ထဲက ကသာ-ဗန်းမော်သွားတဲ့ လမ်းမပေါ်က မိုးတားနဲ့ ဟဲနားရွာကြားမှာ မနေ့ မေလ ၃၀ ရက်နေ့က စစ်တပ်နဲ့ ဒေသခံ PDF အဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကချင်လက်နက်ကိုင် KIA တပ်မဟာ ၈ က တပ်ဖွဲ့ ၁၅ ယောက်လောက် ပါဝင်တိုက်ခိုက်ပေးတယ်လို့ ကသာ PDF အဖွဲ့ကပြောပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုမှာ ဒေသခံ PDF တပ်ဖွဲ့ဘက်က ၅ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ မေလ ၃၀ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေး CDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၈ ဦး သေဆုံးခဲ့ပြီး ဒေသခံ CDF တပ်ဖွဲ့ဘက် ၂ ဦး သေ၊ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောတဲ့ သေဆုံးမှုအရေအတွက်ကိုတော့ သီးခြား မတည်မပြုနိုင်သေးပါဘူး။

https://burmese.voanews.com/a/sagaing-kalay-myanmar-military-coup-protest/5910886.html