Monday, May 31, 2021

လှိုင်သာယာအုပ်ချုပ်ရေး ကောင်စီဝင်သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

 လှိုင်သာယာအုပ်ချုပ်ရေး ကောင်စီဝင်သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

(Unicode)

စစ်ကောင်စီအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာဘယ်သူ့လက်ချက်မှန်းမသိရဘဲသေနတ်ပစ်ခံရပြီးသေဆုံးသူတွေ ရှိနေပါတယ်။ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာပြည်သူ့ရှေ့ဆောင် PPP ပါတီဝင်တဦး မနေ့တနင်္လာနေ့က ပစ်သတ်ခံခဲ့ရတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်းကတင်ပြပါမယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ ခိုင်ရွှေဝါလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ဇွန်လ ၁ ရက်နေ့ မနက် ၈နာရီဝန်းကျင်လောက်က အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။ သေဆုံးသူဟာ ပြည်သူ့ရှေ့ဆောင် PPP ပါတီဝင် ဦးစိုင်းလင်းဇော်ဖြစ်ပြီး၊ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြို့နယ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ သူမောင်းလာတဲ့ မော်တော်ယာဉ် ခဏရပ်ထားတုန်းမှာ သေနတ်နဲ့ ပစ်ခံရလို့ လည်ပင်းကို ကျည်ဆန်မှန်ခဲ့ပြီး၊ လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာတင် သေဆုံးသွားခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်ပြီးပြီးချင်း စစ်ကားတွေရောက်လာပြီး အဲဒီအနီးတဝိုက်ကို စစ်ဆေးရှာဖွေတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကိုပြောပါတယ်။

“သူအပစ်ခံရတာနဲ့ ရောက်လာတာပဲ စစ်ကားတွေက။ သူဖြစ်သွားတဲ့နေရာမှာ တောက်လျှောက်စစ်ဆေးရေးတွေ လုပ်တယ်။ လုံခြုံရေးပိုင်းကတော့ အခု လှိုင်သာယာဘက်မှာ ၁ရက်နေ့ဆိုပြီး သတင်းကထွက်ထားတာဆိုတော့ သူတို့အရင်ကထက် လုံခြုံရေးတင်းကြပ်ထားတာ ရှိတယ်။ စခန်းသိမ်းတိုက်မယ်၊ မြို့သိမ်းတိုက်မယ် သတင်းကထွက်ထားတော့ လုံခြုံရေးအရင်ကထက် ပိုချထားတယ်။ ရပ်ကွက်ထဲလည်း သူတို့ညတိုင်းပတ်တယ်။”

မေလ ၅ ရက်နေ့ကလည်း ဦးစိုင်းလင်းဇော်ရဲ့ နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ သူဟာ စစ်ကောင်စီကို ထောက်ခံအားပေးပြီး ရပ်ကွက်တွင်းသတင်းတွေကို ပေးနေသူလို့ ရပ်ကွက်နေပြည်သူတွေက ပြောပေမဲ့ ဒါကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ အခုလို စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ လှိုင်သာယာ မြို့နယ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်တယောက် သေနတ်နဲ့ လုပ်ကြံခံရတဲ့ တနေ့ထဲမှာပဲ လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာလည်း နေ့လည် ၂နာရီခွဲ ဝန်းကျင်လောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

“လုံခြုံရေးကတော့ ခဏလာသွားတယ်။ လာပြီးခဏပဲ ပြန်သွားတယ်။ နေ့လည် ၂ နာရီခွဲလောက် ပေါက်တယ်။ အဲဒီ ရုံးရဲ့အရှေ့မှာ ဖြစ်တာ၊ ဘာမှထိခိုက်မှုတော့ မရှိဘူး။ ထွေထွေထူးထူးတော့ ရပ်ကွက်ထဲဝင်သောင်းကျန်းတာတော့ လက်ရှိအချိန်ထိတော့ မရှိသေးဘူး။”

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာလည်း စစ်တပ်လိုလားသူလို့ အများမြင်ကြသူ ၂ ယောက် မေလထဲမှာပဲ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ဘယ်သူတွေက ပစ်သတ်သလဲဆိုတာလည်း ခုထိ မသိရပါဘူး။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတော့ CDM လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတယောက် မေလ ၃၁ ရက်က ပစ်သတ်ခံရပါတယ်။ မနကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးတင်စိုးဆိုသူကို အမည်မသိသူတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသတွင်းကလာတဲ့ သတင်းတချို့မှာ ဖော်ပြပါတယ်။ သူ့ကိုတော့ ဒေသခံတွေက ခင်မင်ကြတယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းထားတာ ၄ လ ရှိလာချိန် မြန်မာနိုင်ငံနေရာ အနံှ့မှာ ပေါက်ကွဲမှုတွေ ဖြစ်နေသလို လမ်းမပေါ်မှာ ပစ်ခတ် လုပ်ကြံမှုတွေလည်း ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကြားမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ မြို့တချို့မှာ ဖြစ်ပွားနေပါတယ်။

လှိုင်သာယာအုပ်ချုပ်ရေး ကောင်စီဝင်သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး (voanews.com)

No comments:

Post a Comment