ကျောင်းမတက်ရေး နှိုးဆော်ဆန္ဒပြမှုတွေနဲ့အတူ တက်ကြွသူတချို့ ဖမ်းခံရ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဒီနေ့ ၄ လပြည့်သွားပါပြီ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့အထိ ဆက်ရှိနေပါတယ်။ ဒီနေ့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တာကြောင့် ဆန္ဒပြသူတွေကတော့ စစ်အာဏာရှင် လက်အောက်မှာ ကျောင်းမတက်ကြဖို့ နှိုးဆော်ဆန္ဒပြမှုတွေနဲ့ ဟောပြောမှုတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ အနက်ရောင် ယူနီဖောင်း ဆင်တူဝတ်ထားတဲ့ ဖုန်းအရောင်းဆိုင် ဝန်ထမ်းတချို့ ဖမ်းဆီးခံရပါတယ်။ ဒီကနေ့ နိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။
စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတာ ၄ လပြည့်တဲ့ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ ရန်ကုန်မြို့ထဲ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်သွားလာနေတာကို အရင်နေ့တွေထက် ပိုပြီး မြင်တေ့ွရပါတယ်။ လှည်းတန်းမြို့နယ်ထဲမှာ ဈေးသပိတ်လုပ်ခဲ့ကြတဲ့ နေရာကို စစ်တပ်က လူစုခွဲပြီးချိန်ရောက်လာပြီးအနားက အနက်ရောင် ယူနီဖောင်းတွေ ဝတ်ထားကြတဲ့ Oppo ဖုန်းအရောင်းဆိုင်က ဝန်ထမ်းတစ်ချို့ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ရန်ကုန်မှာက လှည်းတန်းမှာတော့ ကျနော်တို့ ဈေးသပိတ်လေး လုပ်ပါတယ်ဗျ။ အဲ့ဒါပြီး နောက်ပိုင်းတော့ Oppo ကုမ္ပဏီက ဝန်ထမ်းတွေ ယူနီဖောင်း အနက်ဝတ်လို့ဆိုပြီး အဖမ်းခံရတာရှိတယ်။ ခုထိလည်း တွေ့ခွင့်မရသေးဘူး။ ကျနော်တို့ ရုံးကို လှမ်းဆက်တော့ ရုံးပိုင်းက သွားတယ်။ သွားတော့ ခု ထုတ်ဖို့အတွက် ကြိုးစားတယ်ပေါ့။ ဒါပေမဲ့ သူတို့ကို ခုထိ ပေးမတွေ့ဘူးတဲ့။ လူက ၇ ယောက်၊ ၈ ယောက်အထိ ပါသွားတယ်။ Oppo ကုမ္ပဏီက ယူနီဖောင်းတွေက အမဲပဲ ထွက်တာ။ ဆိုင်ထဲမှာ နေနေတဲ့သူတွေကို ဖမ်းသွားတာဗျ။”
စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ ဆန္ဒပြသူတွေ လမ်းမကြီးတွေပေါ်မှာ ချီတက် ကြွေးကြော်ဆန္ဒပြကြပါတယ်။ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့ ပထမဆုံးရက်မှာ အာဏာရှင်စနစ် အောက်မှာ ကျောင်းမတက်ကြဖို့နဲ့ ပြည်သူ့ပညာရေးစနစ်ကို ဖော်ဆောင်ဖို့ တိုက်တွန်းတဲ့ ဟောပြောမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။
“သပိတ်တွေက လမ်းမထက်ကို ပြန်တက်လာတယ်။ မုံရွာရဲ့ အဓိက လမ်းမတွေထဲမှာ တစ်လမ်းဖြစ်တဲ့ ပေ ၈၀ လမ်းမပေါ်ကို တက်ပြီး ဆန္ဒပြကြတယ်။ တစ်နိုင်ငံလုံး နှိုးဆော်ထားတဲ့ အတိုင်းပဲ စာအံသံတိတ် အာခံသပိတ် အနေနဲ့ ကျနော်တို့ အဓိကကတော့ လက်ရှိ ကလေးတွေအတွက် လုံခြုံမှု မပေးနိုင်တဲ့ စာသင်ခန်းတွေကို ခေတ္တခဏ ရုပ်သိမ်းပြီးတော့ပေါ့။ အမျိုးသားညီညွတ်ရေး အစိုးရက အကောင်အထည်ဖော်မယ့် ပြည့်သူ့ပညာရေး အစီအစည်တွေမှာ ပြည်သူလူထုကနေပြီးတော့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီးတော့ ကိုယ်ရဲ့ သားသမီးတွေအတွက် ပညာသင်ဖို့ အခွင့်အလမ်းကို ကိုယ်တိုင် ဖန်တီး ဖော်ဆောင်ကြဖို့ပေါ့နော်။ အဲ့ဒါကို အဓိကထားပြီး ပြောဖြစ်တယ်ဗျ။”
မုံရွာမြို့ တစ်ဘက်ကမ်းမှာတော့ ရွာပေါင်းစုံက လူအင်အားထောင်ချီနဲ့ သပိတ်စစ်ကြောင်းချီတက်ပြီး ဒီမနက်ဆန္ဒပြခဲ့ကြပါတယ်။
မုံရွာမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့ မဖူးသိမ့်သိမ့်တုန်ကို အရပ်ဝတ်တွေနဲ့ လူတစ်စုက ဖမ်းဆီးသွားတယ်လို့ မုံရွာမြို့ ဆန္ဒပြပွဲတွေမှာ ပါဝင်နေသူတစ်ဦးက ပြောပြပါတယ်။ စစ်တပ်က စစ်ဘေးရှောင်တွေအတွက် အလှုငွေလာယူဖို့ ဖုန်းဆက်ချိန်းပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့ညနေက ဗကသ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မဖူးသိမ့်သိမ့်တုန်ကို ဖမ်းဆီးသွားတယ်။ အဓိက ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူးဗျ။ Ocean Center မှာ စစ်ဘေးရှောင်တွေအတွက် အလှူငွေပေးအပ်ဖို့ဆိုပြီးတော့ အဲ့ဒီလို ချိန်းခေါ်ပြီးတော့ အရပ်ဝတ်နဲ့ စစ်သား ၈ ယောက်လောက်ကနေပြီးတော့ ဖမ်းသွားတာလို့ ကျနော်တို့ ကြားတယ်ဗျ။ ခုချိန်ထိ ဘယ်မှာထားထားလဲဆိုတာကို စုံစမ်းလို့ မရသေးဘူးဗျ။”
စစ်တပ်အာဏာသိမ်းပြီး ၄ လကြာလာချိန်မှာ လူငယ်တချို့ကတော့ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ နည်းလမ်းကို ရွေးချယ်လာကြပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ပြန်လည် ခုခံချင်သူတွေ ရှိနေတယ်လို့ လူငယ်တယောက်က ပြောပြပါတယ်။
“စစ်ကောင်စီတပ်တွေ ဝင်လာရင် ခုခံကာကွယ်မယ်ဆိုတဲ့ လူငယ်တွေရှိသလို ဒီအတွက်လည်းပြင်ဆင် နေကြတယ်လို့ ကျနော်တို့ သိရတယ်လေ။ ရေရှည်မှာ ကျလာလို့ရှိရင် စစ်ကောင်စီတပ်တွေရဲ့ မတရား နှိပ်စက်ဖမ်းဆီးသတ်ဖြတ်နေတာတွေကို ပြန်လည်ခုခံနိုင်မယ့် လက်နက်ကိုင်တိုက်ပွဲတွေကတော့ ထားဝယ်မြို့ပေါ်မှာတင်ပဲ ဖြစ်လာနိုင်တယ်။ ဖြစ်လည်း ဖြစ်ဖို့ တော်တော်လေး နီးစပ်နေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒီတော့ လမ်းမတွေပေါ်မှာ ဆန္ဒပြနေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကလည်း ရှိနေမယ်။ ဒီလိုမျိုး ဆန္ဒပြနေတဲ့ ပြည်သူလူထုအပါအဝင် ပြည်သူလူထုကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ဟာတွေကို လက်နက်နဲ့ ပြန်လည်ပြီးတော့ ခုခံကာကွယ်နိုင်ဖို့အတွက် ပြင်ဆင်တဲ့ လှုပ်ရှားမှုတွေရှိသလို သူ့ကို ပြန်ပြီးတော့ တုံ့ပြန်ကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်တဲ့ အင်အားစုတွေလည်း ရေရှည်မှာကျရင် ရှိလာနိုင်တယ်လေ။”
စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးဖြိုခွဲမှုတွေကြားကပဲ နေ့စဉ်ဆန္ဒပြနေကြတဲ့ မန္တလေး၊ စစ်ကိုင်း၊ လောင်းလုံမြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဆက်ရှိနေသလို ဖျာပုံ၊ မတ္တရာ၊ မိုးကောင်းနဲ့ လက်ပံတောင်းတောင်ဒေသက ကျေးရွာတွေမှာ ကျောင်းမတက်ရေးဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
ကျောင်းမတက်ရေး နှိုးဆော်ဆန္ဒပြမှုတွေနဲ့အတူ တက်ကြွသူတချို့ ဖမ်းခံရ (voanews.com)
No comments:
Post a Comment