ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား
June 1, 2021 1141
ပုံ- ခွဲထွက်(DKBA)အဖွဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကျော်သက်
ဇွန် ၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက်ခြမ်း ဖလူးကျေးရွာအနီး မြဝတီ-ဝေါလေမြိုင်သွားကားလမ်း သုံးထပ် ကွေ့အလွန်တွင် ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့် (BGF)ပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့က ဝေါလေမြို့မှ မြဝတီမြို့သို့ ရိက္ခာ၊ လစာ လာထုတ်သည့် ဝေါလေမြိုင်မြို့ နယ်မြေရဲ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁)ဦးကို ခွဲထွက် (DKBA) အဖွဲ့က ယခု တိုက်ပွဲဖြစ်ရာ နေရာ အနီးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့အား ဖမ်းဆီးခေါ် ဆောင်ရာမှ အစပြုကာ စစ်ကောင် စီတပ်နှင့် စစ်ရေးတင်းမာမှု ဖြစ်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် ဗိုလ်ချုပ်စောကျော်သက်ဦးဆောင်သည့် DKBAဘက်မှ အခြားသော နယ်မြေခံ ကရင်လက်နက်ကိုင်အဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF တို့ ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကေအိုင်စီအနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
၎င်းထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ယမန်နေ့ မေလ ၃၁ ရက် ညနေပိုင်းကတည်းက မြဝတီတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူတစ်ချို့မှာ ကြိုတင်ရှောင်တိမ်းမှုများရှိခဲ့သည်။
ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သော ခွဲထွက် (DKBA) အဖွဲ့သည် ပြီးခဲ့သည် ၂၀၁၅ ခုနှစ်ကတည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ခွဲထွက်ကာ သီးသန့်ရပ် တည်လျက်ရှိပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတိုက်ပွဲအပါအဝင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစွာ ဖြစ်ခဲ့ဘူးကြောင်း သိရသည်။
http://kicnews.org/2021/06/%e1%80%97%e1%80%ad%e1%80%af%e1%80%9c%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%b1%e1%80%85%e1%80%ac%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%80%e1%80%b9-%e1%80%a6/
No comments:
Post a Comment