Monday, May 31, 2021

စစ်ကိုင်းတိုင်းတွင်း ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်

 စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ကြား မေလ ၃၁ ရက် ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကသာမြို့နယ်ဘက်မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ စစ်ကောင်စီက လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာမှာ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီနေ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကလေးမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့ (KCA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ပူပေါင်းထားပြီး PDF တပ်ဖွဲ့အနေနဲ့ တိုက်ခိုက်တာလို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူးကြီးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့က မနက် ၅ နာရီဝန်းကျင်၊ ၅ နာရီအကျော်လောက်မှာ ဝိုင်းကြတယ်ဗျ။ အရပ်ဝတ်တွေနဲ့ ဝင်လာပြီး ဒီကျနော်တို့ PDF ထဲမှာ ပါတဲ့ အိမ်ကို ဝိုင်းတာ သူတို့ကတော့ လွတ်သွားတယ်ဗျ။ အဲ့ဒီလိုမျိုးလေး အဲ့ဒါကို ကျနော်တို့ လူစုပြီးမှ ရွာခံတွေနဲ့ တိုင်ပင်ပြီး ရွာနာမှာစိုးလို့ပေါ့နော် ကျနော်တို့က ရွာခံတွေနဲ့ တိုင်ပင်၊ ရွာလည်း နာရင် နာ၊ ဝင်တိုက်ပေးပါဆိုလို့ ကျနော်တို့ အဲ့ဒီလိုမျိုး တိုက်ပွဲလေးထိတွေ့သွားတယ်ဗျ။ အဲ့ဒီလိုမျိုး ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတဲ့ လူမရှိပါဘူးဗျ။ သူတို့ဘက်ကတော့ ၃ ယောက်ကတော့ ထိတယ်။ ၃ ယောက် အနည်းဆုံး ထိတယ်ပေါ့နော်.. ဒါပေမဲ့ သေ မသေတော့.. ၂ ယောက်ကတော့နိုင်တယ်ဗျ တစ်ခါတည်း ခွေကျသွားတယ်ဆိုတော့။”

နေ့လယ်ပိုင်းမှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ညနေ ၃ နာရီလောက်မှာ ပြန်ငြိမ်သွားတယ်လို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ တပ်မှူးကြီးက ပြောပါတယ်။ သာစည်ကျေးရွာက ကျောင်းသားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် မိသားစုဝင်တွေကို ဒီနေ့မနက်စောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တိုက်ပွဲတွေ စဖြစ်တာလို့ PDF အဖွဲ့ဝင်ထဲက သာစည်ကျေးရွာခံတစ်ဦးက ပြောပါတယ်။

“ကျေးရွာအုပ်စုရေးမှူးပေါ့နော်၊ အုပ်ချုပ်ရေးမှူးအဟောင်းပေါ့နော်၊ ဒီ NLD အစိုးရတုန်းကအုပ်ချုပ်ရေးမှူး ခန့်ထားတဲ့ဟာပေါ့နော်။ အဲ့ဒါမိသားစုလိုက်ပါတယ်။ အဲ့ဒီထဲမှာ ကလေးတွေရောပေါ့နော်... သူကတော့ မိသားစုအလိုက် တူတွေ၊ တူမတွေရော မိန်းကလေးတော့များတယ်။ မိန်းကလေးက ၄ ယောက်လောက်တော့ ရှိမယ်နော်။ အဲ့ဒါပြီးရင် ယောကျာ်းလေးက ၉ ယောက်ဗျ။ အဲ့ဒီမှာ ကျနော်က နာမည်ကတော့ အတိအကျတော့ မသိသေးဘူးပေါ့နော် ကျနော်တို့ လောလောဆယ်တိုက်နေတုန်းနဲ့ ပါသွားတယ်ဆိုတော့လေ။ဥက္ကဋ္ဌမိသားစု တစ်စုနဲ့ အပြင်လူငယ်လေးတွေပေါ့နော်။ ကျောင်းသားလေးတွေ အဲ့ဒါ ၉ ယောက်။ အဲ့ဒါပြီးရင် ကျနော်တို့ NLD တိုက်ကပေါ့နော်... ကိုလှိုင်ထွန်း အဲ့ဒါတစ်ယောက်ပါတယ်ဗျ အားလုံးပေါင်း ၁၀ ယောက်ပေါ့။”

မနေ့က ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ထားတဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်ဘက်မှာလည်း ဒီနေ့ညနေ ညနေ ၅ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ငါးလုံးလောက် လာကြဲသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဉ် တစ်စင်းဗျ၊ တစ်စင်းအောက်နေကပြီးတော့ သူတို့ စက်သေနတ်နဲ့ ရမ်းပစ်လာလည်း ကြုံရတယ်။ ဒါပေမဲ့လို့ ဒီဘက်က PDF အဖွဲ့တွေက ငြိမ်နေတယ်။ ၅ နာရီ ၁၅ မှာ လာပြီး ဗုံးချသွားတာ ငါးလုံးလို့ ပြောပါတယ်။ အဲ့ဒီမှာ ငါးလုံးချပြီး သူပြန်လှည့်သွားပါတယ်၊ ဘယ်နေရာလဲ နေရာတွေက ခုနတော့ လူသူမရှိတဲ့နေရာဖြစ်သွားတာပေ့ါနော်။ ရွာတွေပေါ်တော့ မဟုတ်ဘူး။ လူအထိအခိုက်တော့ မရှိပါဘူး။ စစ်ကောင်စီက သူ့ဟာသူလာပစ်သွားတာပါ။”

စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာနဲ့ ကသာမြို့နယ်ထဲက ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဟိုဟာ မရှိပါဘူးဗျ၊ ဟိုဘက်မှာတော့ ရှိတယ်။ ကျနော်တို့ ဟားခါးဘက်မှာတော့၊ ဟားခါးဘက်မှာတော့ ရှိတယ်။ အဲ့ဒါပဲ ရှိပါတယ်။”

ကသာမြို့နယ်ထဲက ကသာ-ဗန်းမော်သွားတဲ့ လမ်းမပေါ်က မိုးတားနဲ့ ဟဲနားရွာကြားမှာ မနေ့ မေလ ၃၀ ရက်နေ့က စစ်တပ်နဲ့ ဒေသခံ PDF အဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကချင်လက်နက်ကိုင် KIA တပ်မဟာ ၈ က တပ်ဖွဲ့ ၁၅ ယောက်လောက် ပါဝင်တိုက်ခိုက်ပေးတယ်လို့ ကသာ PDF အဖွဲ့ကပြောပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုမှာ ဒေသခံ PDF တပ်ဖွဲ့ဘက်က ၅ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ မေလ ၃၀ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေး CDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၈ ဦး သေဆုံးခဲ့ပြီး ဒေသခံ CDF တပ်ဖွဲ့ဘက် ၂ ဦး သေ၊ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောတဲ့ သေဆုံးမှုအရေအတွက်ကိုတော့ သီးခြား မတည်မပြုနိုင်သေးပါဘူး။

https://burmese.voanews.com/a/sagaing-kalay-myanmar-military-coup-protest/5910886.html

No comments:

Post a Comment