Sunday, January 31, 2021

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တချို့ကို တပ်မတော်ဖမ်းဆီး၊ ပြည်သူတွေအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ရန် NLD က မေတ္တာရပ်ခံ

 

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တချို့ကို တပ်မတော်ဖမ်းဆီး၊ ပြည်သူတွေအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ရန် NLD က မေတ္တာရပ်ခံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တချို့ကို တပ်မတော်က ဖမ်းဆီးခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တစ်ချို့ကိုလည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က စံတော်ချိန်သို့ပြောသည်။

“သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ခေါ်သွားပါတယ်။ ဒီလိုသတင်းရပါတယ်။ ဝန်ကြီးချုပ်တွေကိုလည်း ဖမ်းဆီးခံထားရပါပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖမ်းတယ်။ ဘိုကလေး ၊ ကြံခင်း ၊ လပွတ္တာ အဲ့ဒီကလွှတ်တော်ကိုယ်စားလှယ်တွေလည်း ဖမ်းနေတယ်” ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။

လက်ရှိအခြေအနေတွင် ပြည်သူလူထုအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ရန် ဥပဒေဘောင်ကျော်သည့် လုပ်ဆောင်ချက်များ မပြုလုပ်ရန်လည်း ဒေါက်တာမျိုးညွှန့် က မေတ္တာရပ်ခံသည်။

ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကလည်း လွန်ခဲ့တဲ့ တစ်နာရီခန့်က လူမှုကွန်ရက်စာမျက်နှာမှာ “မဖြစ်စေချင်တဲ့ အရာတွေ ဖြစ်မလာစေဖို့အတွက် ဆုတောင်းခဲ့ပေမယ့် ဆုတောင်းမပြည့်ခဲ့ဘူး။ ကိုယ့်ဘက်က မှန်တယ်ဆိုရင် မှန်ကန်တဲ့အကြောင်း သက်သေပြလိုက်ရင် ဖြေရှင်းနိုင်တဲ့ ကိစ္စ ၊ အပ်နဲ့ ထွင်းရမယ့် ကိစ္စဟာ ပုဆိန်နဲ့ ပေါက်ရတဲ့ အခြေအနေဖြစ်ခဲ့ပြီ” ဟု ပြောဆိုရေးသားထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်တို့ကို တပ်မတော်က ယနေ့(ဖေဖော်ဝါရီ ၁ ရက်)နံနက် အစောပိုင်းတွင် ဖမ်းဆီးခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များကိုလည်း တပ်မတော်မှ ဖမ်းဆီးထားပြီး ဖုန်းဆက်သွယ်မှုများနှင့် ရုပ်သံလိုင်းများကိုလည်း ဖျက်တောက်ထားသည်။

http://sdtimedaily.com/2021/02/01/zm03-259/

ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲမည်ဟု တပ်မတော်ထုတ်ပြန်ကြေညာ

 

ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲမည်ဟု တပ်မတော်ထုတ်ပြန်ကြေညာ

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ၌ အခြေခံမဲစာရင်းများ ကွာဟချက်ကြီးမားနေသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးအားခေါ်ယူ၍ တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန်ထပ်မံပျက်ကွက်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖြေရှင်းပေးရန် နှစ်ကြိမ်တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း ပါရှိသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားနေဆဲ COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများကိုလည်း အမြန်ဆုံးကုစားသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်ဟုလည်း တပ်မတော်က ထုတ်ပြန်ကြေညာထားသည်။

http://sdtimedaily.com/2021/02/01/zm04-310/

မြန်မာနိုင်ငံသားများ၏ဆန္ဒကို လေးစားလိုက်နာရန် တပ်မတော်ခေါင်းဆောင်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

 

မြန်မာနိုင်ငံသားများ၏ဆန္ဒကို လေးစားလိုက်နာရန် တပ်မတော်ခေါင်းဆောင်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ၌ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံသားများ၏ဆန္ဒကို လေးစားလိုက်နာရန် မြန်မာတပ်မတော်ခေါင်းဆောင်များကို တောင်းဆိုလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် က ယနေ့(ဖေဖော်ဝါရီ ၁ ရက်) တွင် ထုတ်ပြန်သည့် အမေရိကန်သံရုံး၏ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုထားသည်။

ထို့အပြင် အစိုးရတာဝန်ရှိသူအားလုံးနှင့် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုကြောင်း၊ နိုဝင်ဘာ ၈ ရက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွင်ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံသားများ၏ဆန္ဒကို လေးစားလိုက်နာရန် မြန်မာတပ်မတော်ခေါင်းဆောင်များကို တောင်းဆိုလိုကြောင်း အန်တိုနီဘလင်ကင် က ပြောကြားထားသည်။

၎င်းအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များအပါအဝင် အရပ်သားအစိုးရခေါင်းဆောင်အများအပြားကို မြန်မာ့တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်သည့်သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုအနေနှင့် အကြီးအကျယ် စိုးရိမ်သောကရောက်ရကြောင်း ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုကိုလိုလားသည့် မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်လျက်ရှိပြီး တပ်မတော်အနေဖြင့် ယခုကဲ့သို့သော ပြုမှုဆောင်ရွက်မှုများကို ချက်ချင်းနောက်ပြန်ဆုတ်ရမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

http://sdtimedaily.com/2021/02/01/zm05-272/

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံရ

 ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံရ

NEWS


PUBLISHED 1 FEBRUARY 2021

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။


“ဦးနိုင်ငံလင်းကို ၅ နာရီ ၁၅ လောက် လာခေါ်သွားပါတယ်။ စစ်တပ်ကခေါ်သွား တာပါ။ အခုလောလောဆယ် အိမ်ရှေ့မှာလဲ စစ်သားတွေရှိပါတယ်” ဟု ဝန်ကြီးဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူကပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရုံးအရှေ့တွင်  ရဲကား ငါးစီးချထားသည်ကို တွေ့ရှိရကြောင်း လှိုှုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ကျော်ထွန်းကပြောကြား သည်။


“မနက် အစောပိုင်းမှာ ကျွန်တော် တိုင်းရုံး အရှေ့ကို သွားကြည့်တော့ ရဲကားငါး စီးချထားတာတွေ့ရတယ်။ စစ်တပ်က လွှတ် တော် စလို့မရအောင် ခနထိန်းထားတာလို့ တော့ထင်တယ်။ ကျန်တာ ဘာမှ မသိရဘူး” ဟု ဦးကျော်ကျော်ထွန်းကပြောကြားသည်။


ယခုကဲ့သို့ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးများကို ဖုန်းဖြင့် ထပ်မံဆက်သွယ်သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။

https://news-eleven.com/article/203687

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများကို ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုက တောင်းဆို

 ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများကို ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုက တောင်းဆို

NEWS

Photo: AFP

Photo: AFP

PUBLISHED 1 FEBRUARY 2021 REF: CNA

နိုင်ငံတော်၏အတိုင်ပင်ခံပုရဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသော အစိုးရအဖွဲ့ တာဝန်ရှိသူများကို ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုက ဖေဖော်ဝါရီ ၁ ရက်တွင် တောင်းဆိုလိုက်ပြီး အာဏာသိမ်းခြင်း ဖြစ်ပုံရသည့်အပေါ် အမေရိကန်အစိုးရမှနေ၍ တုံ့ပြန်မှုတစ်ရပ် ပြုလုပ်ရန် သတိပေးလိုက်ကြောင်း သိရသည်။


နိုဝင်ဘာရွေးကောက်ပွဲများနှင့် ပတ်သက်၍ မသမာမှုဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ တပ်မတော်နှင့် အရပ်သားအစိုးရအဖွဲ့တို့အကြား သီတင်းပတ်အတန်ကြာ တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။


အမေရိကန်ပြည်ထောင်စုသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပိတ်ဆို့တားဆီးခြင်းကိုလည်းကောင်း၊ ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်ပြီး ယင်းခြေလှမ်းများအား ပြန်လည်ပြောင်းလဲခြင်း မပြုခဲ့လျှင် သက်ဆိုင်ရာ တာဝန်ရှိသူများအား အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ အမျိုးသမီး ယန်ဆာကီက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။


“ဒီမိုကရေစီစံနှုန်းများနှင့် တရားဥပဒေစိုးမိုးရေးတို့အား လိုက်နာရန်နှင့် ယနေ့ ထိန်းသိမ်းလိုက်သူများအား ပြန်လွှတ်ပေးရန် ကျွနု်ပ်တို့အနေဖြင့် တပ်မတော်နှင့် အခြားသက်ဆိုင်ရာ အားလုံးတို့အား တောင်းဆိုလိုက်သည်” ဟု ၎င်းက ပြောကြားထားသည်။


ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အလွယ်တကူအနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲများ၌ မှုမမှန်မှုများ ဖြစ်ပေါ်ခဲ့သည်ဟူသော အခိုင်အမာပြောဆိုမှုများကို ဖြေရှင်းရန် အာဏာသိမ်းမှု ပြုလုပ်နိုင်ကြောင်း တပ်မတော်က လွန်ခဲ့သည့် သီတင်းပတ်ကတည်းက အရိပ်အမြွက် ပြသထားခဲ့သည်။

https://news-eleven.com/article/203693

အရေးပေါ်ကာလ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်

 အရေးပေါ်ကာလ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်

NEWS


PUBLISHED 1 FEBRUARY 2021

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားချက်များ ရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။


ထို့ပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား ခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန် ဆက်လက် ပျက်ကွက်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန် တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။


လက်ရှိ ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာသည်။


ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။


အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတစ်ရပ်ကိုလည်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) က ပြုလုပ်ခဲ့ကြောင်း မြဝတီသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

https://news-eleven.com/article/203696

ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုတို့အား ထိန်းသိမ်းထား

 ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုတို့အား ထိန်းသိမ်းထား

NEWS


PUBLISHED 1 FEBRUARY 2021 မခိုင်

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် ခေတ္တဝန်ကြီးချုပ်ဦးဘော့စကိုအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများအား တပ်မတော်က ထိန်းသိမ်း ထားကြောင်း သိရသည်။


အဆိုပါထိန်းသိမ်းခံရမှုတွင် ခေတ္တဝန် ကြီးချုပ် ဦးဘော့စကို၊ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်၊ ဝန်ကြီးဦးတီရယ်၊ ဝန်ကြီး ဦးမော်မော်နှင့် NLD ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းဌေး၊ ဘောလခဲမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးစိုင်းကြီးတို့ပါဝင်ကြောင်း သိရသည်။


သို့ရာတွင် ဝန်ကြီးဒေါက်တာအောင်ကျော်ဌေးမှာ ထိန်းသိမ်းခံရသည့်အထဲတွင် ပါဝင်ခြင်းရှိ မရှိမသိရသေးပေ။


လွိုင်ကော်မြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင်းမြို့တွင်း၌ တပ်မတော်မှ တင့်ကားနှင့် အခြားယာဉ်များဖြင့် လုံခြုံရေး လှည့်လည်ခဲ့သည်ကိုတွေ့ရပြီး ဒေသကွပ် ကဲရေး စစ်ဌာနချုပ်-လွိုင်ကော်လမ်းအား သံဆူးကြိုး အတားအဆီးများဖြင့် ကာရံထား သည်ကို တွေ့ရသည်။


ထို့အတူ ညနေပိုင်းတွင် လွိုင်ကော်မြို့ တွင်းတွင် လုံခြုံရေးအတွက် ရဲကားများဖြင့်လှည့်လည်လျက်ရှိပြီး မြို့နေလူထုမှာ ယခင် ကဲ့သို့ သွားလာလျက်ရှိသည်ကိုတွေ့ရကာ အစိုးရရုံး၊ လွှတ်တော်ဝန်းနှင့် NLD ပြည်နယ် ရုံးတို့ကို တပ်မတော်မှ လုံခြုံရေး ယူထားသည် ကို တွေ့ရသည်။

https://news-eleven.com/article/203731

အစိုးရ အုပ်ချုပ်ရေး ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် ဂျပန်ရောက်မြန်မာများ ဆန္ဒထုတ်ဖော်

 

အစိုးရ အုပ်ချုပ်ရေး ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် ဂျပန်ရောက်မြန်မာများ ဆန္ဒထုတ်ဖော်

 
2867

ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ အုပ်ချုပ်ရေး ထိပ်ပိုင်းခေါင်းဆောင်များ နှင့် အလွှာစုံ နိုင်ငံရေး ခေါင်းဆောင်များ တပ်မတော်မှ ယနေ့နံနက် ဖမ်းဆီးထိန်းသိမ်ခံရမှုအပေါ် ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ကုလသမဂ္ဂ(UN) ရုံးရှေ့တွင် ဝိုင်းဝန် ရှုတ်ချကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ထောင်နှင့်ချီသည် ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ဂျပန်နိုင်ငံ၊ Shibuya မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် သွားရောက်စုရုံး၏ ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ဝန်ကြီးနှင့် အနိုင်ရ ပါတီကိုယ်စားလှယ် ခေါင်းဆောင်များ လွတ်ပေးရေး နှင့် စစ်အာဏာရှင် စနစ်ဆန်ကျင်ကြောင်း မြန်မာ၊ ဂျပန် နှစ်ဘာသာဖြင့် ကြွေးကြော် အော်ဟစ်ခဲ့ကြသည်။

We love Myanmar Japan ဖေ့စ်ဘွတ် လူမှုကွန်ယက်မှ ထုတ်လွှင့်ချက်အရ ဂျပန်ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံပါဝင်၍ ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခြင်းဖြစ်ပြီး စစ်အုပ်စုမှ မတရား အာဏာသိမ်းခြင်းကို အပြင်အထန် ရှုတ်ချကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်း ခံရသော အစိုးရ အဖွဲ့ဝင်များကို ချွင်းချက်မရှိ လွတ်ပေးရန် ထုတ်ပြန်ချက်ကို ဖတ်ကြားသွားခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကိုလည်း ဂျပန်နိုင်ငံ UN ရုံးကို ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ယနေ့နံနက် ထုတ်လွှင့်သည့် မြဝတီရုပ်သံသတင်း၌ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို မဖြေရှင်း ခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားစေခြင်းတို့ကြောင့်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ်၊ ပုဒ်မ(၄၁၇) အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေတစ်နှစ် ကြေညာလိုက်ကြောင်း သတင်း ထုတ်ပြန်ခဲ့ သည်။

အလားတူ ယနေ့ ထွက်ပေါ်လာသည့် သတင်းများအပေါ်အခြေခံပြီး အမေရိကန်သမ္မတရုံးမှ တပ်မတော်အပါ အဝင် အခြားအဖွဲ့အစည်းများအားလုံး အနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ဥပဒေ စိုးမိုးရေးကို အလေး အနက်ထားလိုက်နာပြီး ယနေ့ ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံးလွတ်ပေးရန် တောင်းဆို ထားသည်။

ထို့အပြင် အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ မှ ရလဒ်များကို တစုံတရာ ပြောင်းလဲရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို ချိုး ဖျက်ရန် ကြိုးပမ်းခြင်း စသည့် ကိစ္စမှန်သမျှကို ဆန့်ကျင်ပါကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။

ဤသို့ ဆောင်ရွက်သည့် တာဝန်ရှိသူများ အပေါ်တွင်လည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေခဲ့ရသည့် မြန်မာ ပြည်သူများနှင့်အတူ ထပ်တူ ရပ်တည်သွားမည် ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

http://kicnews.org/2021/02/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b-%e1%80%a1%e1%80%af%e1%80%95%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%b8-%e1%80%b1%e1%80%81%e1%80%ab%e1%80%84/

ကရင်ပြည်နယ်အတွင်းစစ်ရေးတင်းမာမှုအပေါ် နိုင်ငံတကာဖိအားလိုအပ်ကြောင်း KNU ပြော

 

ကရင်ပြည်နယ်အတွင်းစစ်ရေးတင်းမာမှုအပေါ် နိုင်ငံတကာဖိအားလိုအပ်ကြောင်း KNU ပြော

 
2215

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်အတွင်း တင်းမာလာသည့် အောက်ခြေ စစ်ရေးပဋိပက္ခနှင့်ပတ်သက်ပြီး ဖြေရှင်းညှိနှိုင်းရန် ကရင်အမျိုးသား အစည်းအရုံး-KNU၏ ကြိုးပမ်းမှုအပေါ် တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိခြင်းကြောင့် နိုင်ငံတကာမှ ဝိုင်းဝန်းတွန်းအားပေးရန် လိုအပ်လာပြီးဖြစ်ကြောင်း KNU က ပြောဆိုလိုက်သည်။

လတ်တလော ပဋိပက္ခ တင်းမာမှုအပေါ် ဖြေရှင်းရန် KNU မှ တပ်မတော်နှင့် တွေ့ဆုံ ညှိနှိုင်းရန် ကြိုးပမ်းသော် လည်း တစ်စုံတစ်ရာ တုန့်ပြန်မှု မရရှိခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်အားပေးထောက်ခံခဲ့သည့် နိုင်ငံတကာ တိုင်းပြည်၊ အဖွဲ့အစည်းများအနေဖြင့် ပါဝင်လာရန် လိုအပ်ပြီးဖြစ်ကြောင်း KNU နိုင်ငံရေးခြားရေး ဌာန ဥက္ကဋ္ဌ ပဒိုစော တောနီက ယမန်နေ့ ထိုင်း-မြန်မာနယ်စပ်၌ ပြုလုပ်သည့် (၇၂) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ၌ ထိုသို့တိုက်တွန်းပြောကြားခဲ့သည်။

“ နိုင်ငံတကာ တိုင်းပြည်များစွာရှေ့မှောက်မှာ ချုပ်ဆိုထားတဲ့အတိုင်း ကျနော်တို့က လိုက်နာကျင့်သုံးသွားမယ်ဆိုပေမဲ့ သူတို့ ပြောတဲ့အတိုင်း Home made peace process ဆိုပြီး ၈ နှစ် ၉ နှစ်လောက် ကိုယ်တွေအချင်းချင်းပဲ သွားတဲ့အခါ ဘာမှ ဖြစ်မလာဘူး။ ဒါကြောင့် နိုင်ငံတကာအပါအဝင် ကမ႓ာ့ကုလသမဂ္ဂ အနေနဲ့ လက်ရှိ စစ်ပြေးရှောင်နေရတဲ့သူတွေ အတွက်ပါ ကူညီထောက်ပံ့မှုပစ္စည်းတွေ ရောက်နိုင်ဖို့အတွက်ပါ ဝင်ရောက် ပြောဆိုလာဖို့ လိုလာပြီး” ဟု ပြောဆိုခဲ့သည်။

လတ်တလော ဖြစ်ပွားနေသည့် အောက်ခြေစစ်ရေး ပဋိပက္ခများကို ဖြေရှင်းညှိနှိုင်းရန် KNUမှ သက်ဆိုင်ရာ တပ်မတော် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့သို့ ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလကတည်းက စာနှစ်ကြိမ်ပေးပို့ အကြောင်းကြား ထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

လတ်တလော စစ်ရေးပဋိပက္ခကြောင့် ထောင်နှင့်ချီသည့် ဒေသခံ ပြည်သူများ စစ်ဘေးရှောင်နေရပြီး ၎င်းတို့ အတွက် ပြည်တွင်းမှ ကရင်လူငယ်များ၏ စုပေါင်း ကောက်ခံထားသည့် အလှူပစ္စည်းများမှာ KNU ဆက်ဆံရေး ရုံးတွင် ရောက်နေပြီးဖြစ်သော်လည်း သက်ဆိုင်ရာ စစ်ပြေးရှောင်များထံသို့ ပေးပို့သွားရန်အတွက် နှစ်ဖက်ညှိနှိုင်း နိုင်ခြင်းမရှိသေးကြောင်းလည်း KNU က ဆိုသည်။

အလားတူ ၇၂ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာတွင်လည်း NCA အပစ်ရပ် စာချုပ်အတိုင်း အပစ်ရပ်ခိုင်မာရေးအတွက် သက်ဆိုင်ရာတပ်များ မတွေ့ဆုံနိုင် သေးချိန်တွင် နှစ်ဖက်တပ်များ၏ ရပ်တည်ချက်၊ လုပ်ငန်းစဉ်နှင့် လုပ်ရပ်များကြောင့် KNU နယ်မြေအချို့တွင် စစ်ရေး ပဋိပက္ခဖြစ်ပွားနေရပြီး ပြည်သူများ စစ်ပြေးရှောင်နေရခြင်းကြောင့် NCA လမ်းညွှန်ချက်အတိုင်းဖြေရှင်းရန်လိုပြီး ပြဿ နာပိုမိုမကြီးထွားလာစေရန်လည်း တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်ကြောင်း ထည့်သွင်းတိုက်တွန်းထားသည်။

ယမန်နေ့ ပြုလုပ်သည့် ကရင့်တော်လှန်ရေး နေ့အခမ်းအနားကို အကျဉ်းချုံးပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ကာ သက်ဆိုင်ရာ KNU ခေါင်းဆောင်အချို့နှင့် မဟာမိတ်ခေါင်းဆောင်များပါဝင်တက်ရောက်ခဲ့ပြီး သဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှာ စကား ပြောကြားခြင်းနှင့် အလေးပြုခြင်း အခမ်းအနားဖြင့် အစီအစဉ်ကို ရုပ်သိမ်း လိုက်သည်။

အလားတူ ယမန်နေ့ ကျရောက်သည့် (၇၂)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို သက်ဆိုင်ရာ KNU တပ်မဟာ၊ တပ်ရင်းဒေသများ၌ အသီးသီး ပြုလုပ်ကျင်းပခဲ့ကြပြီး စစ်ရေးတင်းမာနေသည့် KNU တပ်မဟာ (၅) ဒေသ၌ ပြုလုပ်သည့် တော်လှန်ရေးနေ့ အခမ်းအနားကိုလည်း တပ်မတော်မှ အခမ်းအနား နေရာကို ပြောင်းရွှေ့ ကျင်းပရန် ကန့်ကွက်အကြောင်းကြားခဲ့သေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းလောက်မှစ၍ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန် နှင့် ကျောက်ကြီးဒေသတို့တွင် အောက်ခြေ စစ်ရေး ပဋိပက္ခဖြစ်ပွားနေပြီး ဒေသခံ အရပ်သားပြည်သူ ထောင်နှင့် ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသလို ဒေသခံ ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့ရကာ ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

http://kicnews.org/2021/02/%e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b/

ကရင်ရေးရာဝန်ကြီး နော်ပန်းသ ဉ္ဇာမျိုး ထိန်းသိမ်းခံထားရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်

 

ကရင်ရေးရာဝန်ကြီး နော်ပန်းသ ဉ္ဇာမျိုး ထိန်းသိမ်းခံထားရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်

 
283

ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်သား လူမျိုးရေးရာဝန်ကြီး နော်ပန်းသ ဉ္ဇာမျိုးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အဖမ်းခံထားရပြီး ယနေ့ ညနေ ၆ နာရီအထိ မိသားစုနှင့် အဆက်အသွယ် မရ ဖြစ်နေသည်ဟု သူမနှင့်အတူနေ မိသားစုထံမှ သိရသည်။

ကရင်ရေးရာဝန်ကြီးနော်ပန်းသ ဉ္ဇာမျိုးကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ နေထိုင်သည့် ပန်းဝါလမ်းရှိနေအိမ်၌ တပ်တာဝန်ရှိသူများက လာရောက်ခေါ်ဆောင်ကာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

“ မနက်၆ နာရီလောက်က ပန်းဝါလမ်းက အိမ်မှာလာခေါ်သွားတာ။ အခုချိန်ထိတော့ အဆက်အသွယ်မရသေးဘူး” ဟု ဝန်ကြီးနှင့် အတူနေထိုင်သူ တဦးကအတည်ပြု ပြောသည်။

ဝန်ကြီး နော်ပန်းသ ဉ္ဇာမျိုးသည် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ အစိုးရ သက်တမ်း ကုန်ဆုံးလျှင် ဝန်ကြီးအဖြစ်မှ အနားယူသွားမည့်သူလည်း ဖြစ်သည်။ မကြာသေးမီက ရန်ကုန်တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများက နှုတ်ဆက်ပွဲ အသီးသီးပြုလုပ်ပေးခဲ့သည်။

http://kicnews.org/2021/02/%e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%b1%e1%80%9b%e1%80%b8%e1%80%9b%e1%80%ac%e1%80%9d%e1%80%94%e1%80%b9%e1%82%80%e1%80%80%e1%80%ae%e1%80%b8-%e1%80%b1%e1%80%94%e1%80%ac%e1%80%b9%e1%80%95%e1%80%94/

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ

 

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ

မွန်သတင်းအေဂျင်စီ (၁ ဖေဖော်ဝါရီ ၂၀၂၁)

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက် ၈ နာရီတွင် မြဝတီရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းကြေညာချက်တွင် မဲစာရင်းများ ပမာဏကြီးမားစွာ မှားယွင်းနေခြင်း မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှွတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ရွှေ့ဆိုင်းမှု မရှိခြင်း၊ ပြည့်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။

၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေဖြင့် ထောက်ခံပွဲ အလံလွင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိသည် အဆိုပါ ပြသနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ(၄၁၇)အရ နိုင်ငံတော်အား အရေပေါ်အခြေအနေကြေငြာလိုက်သည်။

မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာ တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ် အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ယခုအမိန့်အား ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ – မွန်သတင်းအေဂျင်စီ (monnews.org)

မြန်မာအခြေစိုက် သံတမန်တွေကို မြန်မာစစ်တပ် ပြစ်တင်ဝေဖန်

 လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက သံတမန်တချို့ဟာ အခြေအနေမှန်ကိုမသိဘဲ ယူဆချက်တွေနဲ့ ထုတ်ပြန်ပြောဆိုနေတယ်လို့ တပ်မတော်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုဖြစ်နိုင်တဲ့ မဲ ၁၀ သန်းခွဲ မဲစာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို တပ်မတော်အနေနဲ့ လက်မခံနိုင်တာကြောင့် ထုတ်ပြန်ပြောဆိုတာတွေ ရှိခဲ့ပြီး သံတမန်တွေဘက်က ဒါကို သေသေချာချာ စိစစ်လေ့လာသင့်တယ်လို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်အနေနဲ့ ဒီမိုကရေစီစံနှုန်းအတိုင်း လိုက်နာကြဖို့ တိုက်တွန်းအားပေးတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို တရားဝင်မဲ နောက်ဆုံးမဲစာရင်း ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

မဲစာရင်း မသမာမှုတွေ ရှိခဲ့တယ်လို့ တပ်မတော်ဘက်က ပြောဆိုလာတဲ့နောက်ပိုင်း တပ်မတော်နဲ့ အစိုးရကြား တင်းမာမှုတွေရှိလာပြီး တပ်မတော်က အာဏာသိမ်းနိုင်ချေရှိတယ်လို့ သုံးသပ်ချက်တွေ ပေါ်ထွက်လာတာကြောင့် ပြည်တွင်းပြည်ပ စိုးရိမ်မှုတွေ တိုးလာပါတယ်။အဲဒီနောက် အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂနည်းတူ မြန်မာနိုင်ငံအခြေစိုက် သံရုံးတချို့ကလည်း ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ကန့်ကွက်တယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။

တပ်မတော်ဘက်က ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းတွေ လိုက်နာစေဖို့ ဖြစ်နိုင်သမျှ လုပ်ဆောင်မှုတွေ လုပ်သွားမယ်လို့လည်း ဆိုထားပါတယ်။ ဖြစ်နိုင်သမျှ လုပ်ဆောင်မှုတွေ ဆိုတဲ့နေရာမှာတော့ အသေးစိတ် ရှင်းရှင်းလင်း ဖော်ပြထားတာ မရှိပါဘူး။

မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ကိုယ်စားလှယ်သစ်တွေနဲ့ ပြည်သူ့လွှတ်တော်ကို ကျင်းပဖို့ရှိပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်မှာ ဖြစ်ပါတယ်

https://burmese.voanews.com/a/myanmar-army-diplomats/5758647.html

နိုင်ငံရေး အခြေအနေအပေါ် ထင်မြင်ယူဆချက်များ မပေးရန် သံတမန်အသိုင်းအဝိုင်းအား တပ်မတော်သတိပေး

 ရွေးကောက်ပွဲ ရလဒ်အငြင်းပွားမှုကို အခြေခံပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေအပေါ်  ထင်မြင်ယူဆချက် သက်သက်ဖြင့် သဘောထားထုတ်ပြန်ချက်များမလုပ်ရန် သံတမန်အသိုင်းအဝိုင်းအား တပ်မတော်က ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကာ သတိပေးလိုက်သည်။

ဇန်နဝါရီ ၃၁ ရက် ညပိုင်းက ထုတ်ပြန်သည့် တပ်မတော်၏ အဆိုပါသဘောထားထုတ်ပြန်ချက်တွင် တကယ့် ဖြစ်ရပ်များကို  သိရှိနားလည်ခြင်းမရှိဘဲ ပုံမှန်လုပ်ဆောင်နေကျအတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်များ၏ဖြစ်ပေါ်လာမည့် အဆင့်များကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထောက်ခံမှု မပြုသင့်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏တပ်မတော်အရာရှိကြီးများကို မိန့်ခွန်းပြောရာ၌ အခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိပါက ဖျက်သိမ်းပစ်ရမည် ဆိုသည့် ပြောကြားချက်ပေါ် အခြေခံလျက် မြန်မာနိုင်ငံတွင် တပ်မတော်အာဏာသိမ်းမှု ပြန်ဖြစ်လာမည်ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက စိုးရိမ်ခဲ့သည်။

ယင်းနောက်  ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံး ၁၈ ခုက တပ်မတော်နှင့် နိုင်ငံအတွင်းရှိအခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် တိုက်တွန်းကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သောကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက်ရှေ့ရှုလုပ်ဆောင်နေကြသူအားလုံးကို ထောက်ခံကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို နှောင့်နှေးကြန့်ကြာစေသည်ဆိုသော သံတမန်အသိုင်းအဝိုင်း၏ပြောကြားချက်ကို ငြင်းဆိုကြောင်း တပ်မတော်၏ ဇန်နဝါရီ ၃၁ ရက် ညပိုင်းသဘောထားထုတ်ပြန်ချက်က ဆိုသည်။ တပ်မတော်သည် တည်ငြိမ်အေးချမ်းစွာပြုပြင်ပြောင်းလဲရေး နှင့် အဆင့်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံဖြစ်သည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းခင်းပေးခဲ့သူဖြစ်သည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် NLD အစိုးရအား တပ်မတော်အနေဖြင့် ကန့်ကွက်နေရခြင်းမှာ ရွေးကောက်ပွဲရလဒ်တစ်ခုတည်းအတွက် မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် မဲမသမာမှုဖြစ်စေနိုင်သော မဲ ၁၀ ဒသမ ၅ သန်းခန့်အတွက် ၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လက်ခံနိုင်ဖွယ်မရှိဟု တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ယင်းသို့ကြီးမားသော အမှားအယွင်းမျိုးကို သံတမန်အသိုင်းအဝိုင်းအနေဖြင့်ရော လက်ခံနိုင်မည်လားဟု တုန့်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ၊ ပြည်သူအားလုံးသာယာဝပြောရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ချမှတ်ထားသည့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီစံနှုန်းများကိုလိုက်နာနိုင်ရေး ဖြစ်နိုင်သမျှ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

https://myanmar.mmtimes.com/news/150743.html