Sunday, January 31, 2021

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တချို့ကို တပ်မတော်ဖမ်းဆီး၊ ပြည်သူတွေအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ရန် NLD က မေတ္တာရပ်ခံ

 

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တချို့ကို တပ်မတော်ဖမ်းဆီး၊ ပြည်သူတွေအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ရန် NLD က မေတ္တာရပ်ခံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တချို့ကို တပ်မတော်က ဖမ်းဆီးခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တစ်ချို့ကိုလည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က စံတော်ချိန်သို့ပြောသည်။

“သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ခေါ်သွားပါတယ်။ ဒီလိုသတင်းရပါတယ်။ ဝန်ကြီးချုပ်တွေကိုလည်း ဖမ်းဆီးခံထားရပါပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖမ်းတယ်။ ဘိုကလေး ၊ ကြံခင်း ၊ လပွတ္တာ အဲ့ဒီကလွှတ်တော်ကိုယ်စားလှယ်တွေလည်း ဖမ်းနေတယ်” ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။

လက်ရှိအခြေအနေတွင် ပြည်သူလူထုအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ရန် ဥပဒေဘောင်ကျော်သည့် လုပ်ဆောင်ချက်များ မပြုလုပ်ရန်လည်း ဒေါက်တာမျိုးညွှန့် က မေတ္တာရပ်ခံသည်။

ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကလည်း လွန်ခဲ့တဲ့ တစ်နာရီခန့်က လူမှုကွန်ရက်စာမျက်နှာမှာ “မဖြစ်စေချင်တဲ့ အရာတွေ ဖြစ်မလာစေဖို့အတွက် ဆုတောင်းခဲ့ပေမယ့် ဆုတောင်းမပြည့်ခဲ့ဘူး။ ကိုယ့်ဘက်က မှန်တယ်ဆိုရင် မှန်ကန်တဲ့အကြောင်း သက်သေပြလိုက်ရင် ဖြေရှင်းနိုင်တဲ့ ကိစ္စ ၊ အပ်နဲ့ ထွင်းရမယ့် ကိစ္စဟာ ပုဆိန်နဲ့ ပေါက်ရတဲ့ အခြေအနေဖြစ်ခဲ့ပြီ” ဟု ပြောဆိုရေးသားထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်တို့ကို တပ်မတော်က ယနေ့(ဖေဖော်ဝါရီ ၁ ရက်)နံနက် အစောပိုင်းတွင် ဖမ်းဆီးခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များကိုလည်း တပ်မတော်မှ ဖမ်းဆီးထားပြီး ဖုန်းဆက်သွယ်မှုများနှင့် ရုပ်သံလိုင်းများကိုလည်း ဖျက်တောက်ထားသည်။

http://sdtimedaily.com/2021/02/01/zm03-259/

No comments:

Post a Comment