ဒီးမော့ဆိုမှာ တိုက်ခိုက်မှုတွေ ရှိနေဆဲ
စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ဘက်မှာ ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာလည်း မြို့ခံတွေ မြို့ထဲကနေ ထွက်သွားကြဖို့ စစ်တပ်ဘက်က သတိပေးတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရပါတယ်။ ကယားပြည်နယ်ဘက်က အခြေအနေတွေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ပစ်ခတ်မှုတွေအတွင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက် သေဆုံးတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
"ဒီနေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ၁၂ နာရီကျော်လောက်က စံပြ ၆ မိုင်ကြီးရွာမှာ ပစ်ခတ်မှုတချို့ ရှိတယ်ပေါ့။ PDF အဖွဲ့ဘက်က တဦးကျဆုံးတယ်ပေါ့နော်။ အကြမ်းဖက်ကောင်စီက ရွာဘက်ကို စံပြ ၆ မိုင်ဘက်ကို တက်လာခဲ့တဲ့အတွက် ပစ်ခတ်မှုတချို့ဖြစ်ပွါးတာပေါ့နော်။"
ဒီကနေ့ ဒီးမော့ဆိုမြို့နယ်အတွင်း နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို မသိရသေးပေမဲ့ မနေ့က တိုက်ပွဲအခြေအနေကိုတော့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။
"ဒီးမော့ဆိုမှာတော့ ဒီနေ့တော့ မသိသေးဘူူး။ မနေ့ကတော့ ဒီးမော့ဆိုမြို့မ ရဲစခန်း ပတ်ဝန်းကျင်မှာ ကျနော်တို့ လုံခြုံရေးစစ်ဆေးတာ ရှိတယ်။ အဲဒီမှာ ရပ်ကွက်အတွင်း ၃ နေရာကနေပြီးတော့ အကြမ်းဖက် ၄၀ လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ဟာတွေ ရှိတယ်။ ပစ်ခတ်ပြီးတော့ မြို့တောင်ဘက်ကို ပြန်ပြီး ဆုတ်သွားတယ်။ ကျနော်တို့ဆီကတော့ စစ်သည် တဦးဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။
မနေ့ညနေတုန်းကလည်း ဒီးမော့ဆိုမြို့ထဲက ဒေါ့ငံခါးရပ်ကွက်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။
မေလ ၂၁ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား ပစ်ခတ်မှုတွေဖြစ်ပွါးနေသလို သောင်းနဲ့ချီတဲ့ဒေသခံတွေလည်း စစ်ရှောင်နေရပါတယ်။
အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ် မိုးဗြဲမြို့အတွင်းမှာ မြို့နေသူတွေ ရှောင်ထွက်သွားဖို့ ဒီမနက်မှာ စစ်တပ်က လိုက်ပြီးကြေညာနေတယ်လို့ မိုးဗြဲမြို့ခံတဦးကပြောပါတယ်။
"မိုးဗြဲမြို့အတွင်းမှာ ရှိနေတဲ့ပြည်သူအပေါင်းတို့ ရွာအပြင်သို့ ထွက်သွားပေးပါရန် သူတို့ကစစ်ဘေးကို အတတ်နိုင်ဆုံး ရှောင်ရှားပေးပါရန် ဆိုပြီးမှ စစ်တပ်တွေက အော်လံနဲ့ အော်ပြီးမှ ရွာထဲကို ထွက်သွားခိုင်းတဲ့ အနေအထားလည်း ရှိတယ်။ ဒီမနက် ၁၀ နာရီခွဲတုန်းက။"
စစ်တပ်က အဲဒီလို လိုက်သတိပေးနေတဲ့အတွက် တမြို့လုံးနီးပါး ထွက်သွားနေကြတယ်လို့ သူကပြောပါတယ်။
"ပြည်သူတွေက ထွက်နေကြတယ်။ အကုန်လုံး ကုန်သလောက်တော့ ရှိပြီ။ တချို့က ရပ်ကွက်မှာ အစောင့်ရှောက်တွေ ထားဖို့ပေါ့နော်။ ထားထားတယ်။ ဆယ်ပုံတပုံလောက်ပဲ ကျန်တယ်။"
ဘာကြောင့်လဲလို့ မပြောဘဲ ပြည်သူတွေကို မြို့ရွာကနေ ရှောင်ထွက်သွားဖို့ စစ်တပ်က အော်လံနဲ့ လိုက်အော်နေတဲ့အပေါ် ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက အခုလိုမြင်ပါတယ်။
"ဒေသခံတွေပြောတာလည်း အဲဒီလိုမျိုးပဲ ကြားတာပေါ့နော်။ သူတို့က ရည်ရွယ်ချက်ရှိရှိ လူထုကို ဒုက္ခပေးဖို့ ရည်ရွယ်တယ်လို့ပဲမြင်တယ်။ အိမ်တွေဖောက်မယ်၊ ဆိုင်တွေဖောက်မယ်။ သူတို့ ပုံမှန်လုပ်နေကြအတိုင်းပဲ သူတို့... ထင်တာပေါ့။"
မိုးဗြဲမြို့အတွင်း မနေ့ ဇွန်လ ၂ ရက်နေ့က နှစ်ဘက်ပစ်ခတ်မှုမှာ အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မိုးဗြဲမြို့မှာ စစ်တပ်လုံခြုံရေးအဖွဲ့ကို လာရောက်ပစ်ခတ်တာလို့ ပြောပါတယ်။
"ဒီးမော့ဆိုဘက်ကနေ မိုးဗြဲဘက်အဝင်အထွက်လမ်းမှာ ကျနော်တို့ ကင်းစောင့်နေတဲ့ဟာရှိတယ်။ အဲဒါကို မိုးဗြဲရဲ့ တောင်ဘက်လောက်မှာ အကြမ်းဖက် ၃၀ လောက်က လာပစ်တာရှိတယ်။ ဒီဘက်က ပြန်ပြီး ပစ်ခတ်တဲ့အခါမှာ အနောက်တောင်ဘက် ပြန်ဆုတ်သွားတာရှိတယ်။ အဲဒီမှာတော့ ကျနော်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။"
မေလ ၂၃ ရက်နေ့တုန်းက မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့အပြီးမှာ စစ်တပ်ဘက်ကနေ အင်အားထပ်မံဖြည့်တင်းထားပါတယ်။
ဖယ်ခုံနဲ့ မိုးဗြဲဘက်၊ အရှေ့ပဒေါင်ခေါ် အရှေ့ကယန်းဒေသဘက်မှာ စစ်ရှောင် ၇၀၀ လောက်ရှိပြီး အနောက်ကယန်းဒေသဘက်မှာ စစ်ရှောင် ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ စစ်ရှောင်ရွာသားတွေက ပြောပါတယ်။
မေလ ၂၁ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးပဋိပက္ခတွေကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နဲ့ ရှမ်းပြည်နယ် ဇယ်ခုန်မြို့နယ် မိုးဗြဲမြို့တွေက စုစုပေါင်း ပြည်သူ ၇၀,၀၀၀ ကျော် စစ်ဘေးဒုက္ခသည် ဖြစ်နေကြပါတယ်။
No comments:
Post a Comment