ကရင်ပြည်နယ်ရှိ အာဇာနည် အထိမ်းအမှတ်တချို့ကို စစ်ကောင်စီ ဖျက်ဆီး
(Unicode)
ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကော့ကရိပ် ၊ ကြာအင်းဆိပ်ကြီး ၊ မြဝတီစတဲ့ မြို့နယ် (၄) မြို့နယ်မှာရှိတဲ့ အာဇာနည်ဗိမာန်နဲ့ အာဇာနည်ကျောက်တိုင်လုပ်ထားတဲ့ အဆောက်အဦးများ ကို မြန်မာစစ်အုပ်ချုပ်ရေး ကောင်စီက ဇွန်လ ၆ ရက်နေ့က ဖြိုဖျက်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ
ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက အာဇာနည် ကျောက်တိုင်တွေလုပ် ထားတဲ့အဆောက်အဦးတွေ ၊ မုဒ်ဦးတွေကို ဇွန်လ ၆ရက်နေ့ည အချိန်မှာတချိန်တည်း တပြိုင်တည်း ဖြိုဖျက်ခဲ့ကြောင်း ကရင်ပြည်နယ် မြဝတီမြို့က ဒေသခံတဦးက ပြောပြပါတယ်။
“ ကျနော်တို့မြို့မှာက မနေ့က ၉နာရီမှာ တမြို့လုံးမီးတွေ ဖြတ်လိုက်တယ်။ တမြို့လုံး မီးဖြတ်ပြီးတော့ သူတို့ ဘူဒိုဇာ ဘက်ဟိုးကားကြီးတွေ ကားကြီးတွေ သယ်လာပြီး ချပြီး ဖျက်တာပေါ့နော် ၊ ကျနော်တို့ သိရသလောက်တော့ ဗိုလ်ချုပ်အောင်ကြေးရုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်တပိုင်းရုပ်ထုတွေကျောက်တိုင်ကိုတေ့ာ မဖျက်ဘူး။ အာဇာနည် ကျောက်တိုင်နောက်မှာ background ဗိမာန်ကြီး ရှိတယ်၊ အပြားကြီးပေါ့ဗျာ ကြယ်တပွင့်နဲ့ဟာကို ဖျက်တာသူတို့ ထိုးဖျက်သွားတာပေါ့”
ဒီလိုဖျက်ပစ်တာဟာ သတ်မှတ်ပုံစံနဲ့ မညီပဲ နိုင်ငံရေး မဲဆွယ်တဲ့ ပုံစံဖြစ်နေလို့ ပြန်လည်ပြုပြင်ဖို့ အတွက်ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို စစ်ကောင်စီဘက်က ဇွန်လ ၇ ရက်နေ့ မှာ တုံ့ပြန်ခဲ့ပါတယ်။
မကြာသေးခင်တုန်းကလည်း NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် အမည်ပြောင်းခဲ့တဲ့ မွန်ပြည်နယ် ချောင်းဆုံ တံတား ကိုလည်း စစ်ကောင်စီလက်ထက်မှာ ပြန်လည်ပြီး သံလွင်တံတား (ချောင်းဆုံ) အဖြစ် ပြန်ပြောင်းခဲ့တာကြောင့် NLD နဲ့ ပတ်သက်တဲ့ သင်္ကေတတွေ လက်ရာတွေ ၊ အနီရောင်ကို အဓိက ထားဖျက်ချင်တာလို့ ယူဆရကြောင်း မြဝတီမြို့ခံက ဆက်ပြောပြပါတယ်။
“ အနီရောင် background ကြီးကို အကုန်ဖျက်တာ / ဗိုလ်ချုပ်အောင်ဆန်း တံတား ကိုဖျက်ပြီး ဘီးလူးချောင်း (ချောင်းဆုံတံတား) ဆိုပြီး ပြန်ပြီး အနီရောင်ကို ဖျက်ပစ်တယ်။ အစိမ်းသုတ်ပြီး NLD လက်ထက်မှာ ကျန်တဲ့ အနီရောင် background တွေ အကုန်ဖျက်ပစ်မယ်လို့ ကျနော်ထင်တယ်”
မြဝတီမြို့က အာဇာနည်ဗိမာန်ဟာ မြို့ခံလူထုတွေ အလျူခံပြီး တည်ဆောက်ထားတာ ဖြစ်သလို NLD နဲ့ မသက်ဆိုင်ကြောင်း ဒီလိုဖြိုဖျက်ခံရတဲ့ အတွက်တော့ လူထုတွေ စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ပြောပါတယ်။
“လူအတော်များများကို မေးကြည့်တဲ့ အခါမှာတော့ တသံတည်းထဲထွက်တာက အာဇာနည်ပန်းခြံကြီးဟာ ပြည်သူအလှူငွေနဲ့ စည်ပင်ဥက္ကဋ္ဌ ကနေ ဌာနဆိုင်ရာတွေ ပြည်နယ်နဲ့ ညွန်ကြားချက်တွေ အမိန့်တွေနဲ့တောင်းခံပြီးလုပ်တာ ။ ဒါတွေကပြည်သူရဲ့ အသဲနှလုံးပေါ့နော် ဒီအာဇာနည်ပန်းခြံကြီးက။ ”
NLD အစိုးရလက်ထက်မှာတုန်းကတော့ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်တာ ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် အမည်ပြောင်းတာတွေကို ဒေသခံတွေက ကန့်ကွက်မူတွေလုပ်ခဲ့ပါတယ် အဲဒီတုန်းကလည်း လူထုဆန္ဒကို မျက်ကွယ်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။
အခုလည်းမြို့လူထုတွေကတည်ဆောက်ထားတာတွေကို အခုလိုဖြိုဖျက်ပစ်တဲ့အတွက် လူထုကတော့ မကျေနပ်မူတွေ စိတ်မကောင်းတာတွေဖြစ်ရတယ် လို့လည်း ပြောပြကြပါတယ်။
ကရင်ပြည်နယ်ရှိ အာဇာနည် အထိမ်းအမှတ်တချို့ကို စစ်ကောင်စီ ဖျက်ဆီး (voanews.com)
No comments:
Post a Comment