တန့်ဆည်မြို့နယ် ရပ်ကျေးဥက္ကဌ တဦး သေနတ်ပစ်ခံ သေဆုံး
(Unicode)
စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က စစ်ကောင်စီနဲ့နီးစပ်သူတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တာတွေ ဖြစ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ရဲမွန် ကပြောပြပါမယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ ဒီကနေ့ ဇွန် ၂ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက ခန့်ထားတဲ့ ပေါ်ဦးရပ်ကွက်က အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းမှာ သေဆုံးသွားပါတယ်။
ဒီကနေ့ မနက်အခြေအနေနဲ့ပတ်သက်လို့ တန့်ဆည်မြို့ခံတဦးက အခုလိုပြောပါတယ်။
“မနက်က ၇ နာရီကျော်ကျော်ပါခင်ဗျ။ သူလဖက်ရည်ဆိုင်ကအပြန် သူ့အိမ်ရှေ့နားမှာလို့ ပြောလို့ရပါတယ်ခင်ဗျ။ သေနတ်ကပစ်တာ ၄ ချက်အပစ်ခံရတာ ၃ ချက်က ထိတယ်။ ကျွန်တော်တို့ ကျည်ခွံတွေ့တဲ့အတွက် ကျည်ခွံက ပစ္စတိုလို့ ယူဆလို့ရတယ်ခင်ဗျ။ လက်မောင်း တချက်ထိတယ်။ ရင်ညွန့်တချက်ထိတယ်။ ပခုံးကိုတချက်ထိတယ်။ အရင်ဦးသိန်းစိန် လက်ထက်တုန်းကလည်း ရပ်ကျေးဥက္ကဌ လုပ်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်တော့ ရပ်ကျေးဥက္ကဌက နားပြီး လက်ရှိ ဒီစစ်အစိုးရလက်ထက်ရောက်တော့လည်း ဥက္ကဌ တာဝန်ထမ်းဆောင်နေတာ။”
မေ ၂၉ ရက်က တန့်ဆည်မြို့အနီးက ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တာရှိပြီး အဲ့ဒီရှာဖွေမှုအပေါ်မှာ အခုသေနတ်နဲ့ပစ်ခံရတဲ့ ဦးရဲထွန်းမှာ သတင်းပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ ဦးရဲထွန်းကို သေနတ်နဲ့ပစ်ခတ်သူတွေဟာ တန့်ဆည်ပြည်သူ့ ရဲဘော် အဖွဲ့ဖြစ်ပြီး တခြား ရပ်ကျေးဥက္ကဌတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးမယ်ဆိုရင် အခုလို ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်လို့ တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့က သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာကာကွယ်ရေး အဖွဲ့တွေ ပစ်ခတ်တာတွေ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။
“မြောက်ကုန်းရွာ မြင်သား မြောက်ကုန်းရွာဗျ။ ရွာထဲဝင်လာမှာ ဆိုးလို့လူငယ်တွေက စောင့်နေတာ။ PDF အဖွဲ့တွေက စောင့်နေတာကနေ စောင့်မှန်းသိတော့ လက်နက်ကြီးနဲ့ထုတယ်။ သူတို့က ဒလန်တွေက ခေါ်လာတာ။ ဒလန်က လက်နက်တွေ ရှိတယ် အဖွဲ့အစည်းတွေရှိတယ်ဆိုပြီး ခေါ်တာကနေမှ လာပြီးတော့ ရှာတာပေါ့။ မရှာခင်မှာ ရွာတွေက စောင့်မှန်းသိတော့ တောတွေ တောင်တွေကို လက်နက်ကြီးနဲ့ထုတော့တာပေါ့။”
ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ဂန့်ဂေါမြို့နယ် ရဲလှ နှမ်းခါးကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာ ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့သွားပြီး ဒေသခံရွာသား ၃ ဦးသေဆုံးခဲ့သေးသလို စစ်ကောင်စီတပ်တွေ လာရောက်ရှာဖွေတာကြောင့် ကျေးရွာအတွင်း နေထိုင်သူတွေဟာ နီးစပ်ရာ ကျေးရွာတောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
တန့်ဆည်မြို့နယ် ရပ်ကျေးဥက္ကဌ တဦး သေနတ်ပစ်ခံ သေဆုံး (voanews.com)
No comments:
Post a Comment