Tuesday, June 1, 2021

ကယားပြည်နယ်တွင်း လေကြောင်းပစ်ခတ်မှု ခရစ်ယာန်အဖွဲ့အစည်းတွေ စိုးရိမ်

 ကယားပြည်နယ်တွင်း လေကြောင်းပစ်ခတ်မှု ခရစ်ယာန်အဖွဲ့အစည်းတွေ စိုးရိမ်

(Unicode)
ကယားပြည်နယ်အတွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခတ်မှုတွေ လုပ်လာတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်း ဗြိတိန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ CSW နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ HART က သတိပေး ပြောကြားလိုက်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ သေကြေ၊ ပျက်စီးမှုတွေအတွက် ပြည်တွင်းက ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေကလည်း စိတ်မကောင်း ဖြစ်ရကြောင်း ဗွီအိုအေကို ပြောပါတယ်။ HART ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ကယားပြည်နယ်တွင်း အခြေအနေတွေကို ဗွီအိုအေ မြန်မာက ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။

ကယားပြည်နယ်ထဲမှာ လေကြောင်းပစ်ခတ်မှုတွေနဲ့ လက်နက်ကြီး အသုံးပြုတာတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့တဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ UK အခြေစိုက် ခရစ်ယာန်အဖွဲ့ နှစ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

“ ကယားပြည်နယ်ထဲက အဓိကရုဏ်းဟာ မြန်မာနိုင်ငံအတွက် လတ်တလော အရေးအပေါ် အခြေအနေတခု ဖြစ်တယ်” လို့ HART ရဲ့ အမှုဆောင်ဒါရိုက်တာ Baroness Cox က ဇွန်လ ၁ရက်မှာထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ် ။

မေလ ၂၁ ရက်ကစပြီးဖြစ်နေတဲ့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်မှာ အရပ်သား ၃၁ ယောက်သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့ လူထုလှုပ်ရှားမှု သပိတ်ကော်မတီက မှတ်တမ်းတင်ထားပါတယ်။ အဲဒီသေဆုံးသူတွေထဲက နှစ်ယောက်ဟာ မေလ ၂၃ နဲ့ ၂၄ ရက်မှာ စစ်ရဟတ်ယာဉ်ပေါ်က ပစ်လိုက်တဲ့ ကျည်ဆံထိမှန်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ကယားပြည်နယ်အတွင်း သေကြေပျက်စီးမှုတွေ ရှိလာတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ ဥက္ကဋ္ဌ၊ သာသနာပိုင်ချုပ် စတီဗင်သန်းမြင့်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဘုရားရှင် ကိုယ်တော်မြတ်က လူသားတိုင်းကို ချစ်တဲ့အတွက် ချစ်ချင်းမေတ္တာကိုသာ အဓိက ထားစေချင်တယ်။ နောက် မည်သူမဆို ဒီလိုသေကြေ ပျက်စီးမှုတွေ ကြုံတဲ့အခါမှာ လွန်စွာမှ စိတ်ဝမ်းနည်း ကြေကွဲမှု ဖြစ်ရတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် သင်ပုန်းချေခြင်းနဲ့ ခွင့်လွှတ်ခြင်းဟာ အဓိက ဖြစ်တဲ့အတွက် ပို၍နားလည်၊ ပို၍ဉာဏ်ရှိတဲ့သူက စတင်ပြီးတော့ ပြန်လည်ကြေအေးခြင်းအမှုကို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ ငြိမ်းချမ်းမှု၊ ကြေအေးမှု ရရှိဖို့ ဆုတောင်းလျက်ရှိတယ် ဆိုတာပါပဲ။”

ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ CSW နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ HART ကတော့ မေလ ၂၄ ရက်က ကက်သလစ် ဘုရားကျောင်းကို ရဟတ်ယာဉ်ပေါ်က ပစ်ခတ်ခဲ့တာမှာ အရပ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်တပ်နဲ့ ကယားပြည်နယ်တွင်း ဒေသခံလက်နက်ကိုင်တွေ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရသူဟာ ၈၅,၀၀၀ နဲ့ ၁၀၀,၀၀၀ ကြား ရှိနေပြီလို့ ကုလလူသားချင်းစာနာ ထောက်ထားရေးအဖွဲ့ OCHA က ဒီနေ့ ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အများစုက ဒီမော့ဆိုးအပြင်ဘက် တောင်ကြားထဲက ယာယီစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတာပါ။ တချို့ကတော့ ပီကင်းကောခူ စစ်ရှောင်စခန်းကို ရောက်လာကြကြောင်း စခန်းတာဝန်ခံဖြစ်တဲ့ ခူးရယ် က ပြောပါတယ်။ ရေ၊ အစားအသောက်လိုအပ်သလို တချို့စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောလို ရောဂါမျိုးတွေဖြစ်နေတဲ့အတွက် ဆေးဝါးလိုအပ်ချက်လည်းရှိကြောင်း သူကပြောပါတယ်။

“ ကျနော်တို့ဘက်က လူဦးရေ ၃၀,၀၀၀ လောက်ရှိတယ်။ စစ်ကောင်စီဘက်က လမ်းကြောင်းသာ မပိတ်ခဲ့ဘူးဆိုရင် ဆေးဝါးသာ လုံလုံလောက်လောက် ရှိခဲ့မယ်ဆိုရင် အဆင်ပြေမယ့် အနေအထားမှာ ရှိတယ်ဗျ။ ကလေးတို့၊ ကိုယ်ဝန်ဆောင်မိခင်တို့၊ မီးဖွားတဲ့သူတွေရှိတယ်ပေါ့။ နောက် မြီးကောင်ပေါက် ကျနော်တို့ စခန်းမှာပဲ၊ အဲဒီလူတွေအတွက် ကျနော်တို့ အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိတယ်။”

ကယားပြည်နယ်ထဲက မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို သုံးမြို့နယ်စလုံးမှာ နှစ်ဘက်တိုက်ပွဲတွေက ဆက်ရှိနေပါတယ်။ စစ်တပ်က လွိုင်ကော်မြို့ပေါ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ညမထွက်ရအမိန့်လည်း ဆက်ရှိနေပါတယ်။ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်လည်း ကယားပြည်နယ်မှာ အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန်ဈေးနှုန်းတွေ ဆက်တက်နေဆဲ ဖြစ်ပါတယ်။

ကယားပြည်နယ်တွင်း လေကြောင်းပစ်ခတ်မှု ခရစ်ယာန်အဖွဲ့အစည်းတွေ စိုးရိမ် (voanews.com)

No comments:

Post a Comment