Tuesday, June 1, 2021

ကယားပြည်၊ မြို့နယ်တချို့မှာ ကုန်ဈေးနှုန်းတက်ပြီး စားကုန်ရှားပါးနေ

 ကယားပြည်၊ မြို့နယ်တချို့မှာ ကုန်ဈေးနှုန်းတက်ပြီး စားကုန်ရှားပါးနေ

ကယားပြည်နယ်ထဲက မြို့တချို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတာကြောင့် သွားလာရေး ထိခိုက်နေသလို ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်နေပါတယ်။ ဒါကြောင့် လွိုင်ကော်မြို့မှာ လောင်စာဆီ တပီပါကို ကျပ် ၃၀၀,၀၀၀ ဖားဆောင်းမြို့နယ်မှာ ဆန်တအိတ်ကို ၁၅၀,၀၀၀ အထိ ဈေးတက်နေပါတယ်။ ကယားပြည်မှာ စားသောက်ကုန်တွေ ရှားပါးနေတဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ကယားပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား ပစ်ခတ် တိုက်ခိုက်မှုတွေ မေလ ၂၁ ရက်နေ့မှာ စခဲ့ပြီးနောက် စစ်တပ်က ကယားပြည်နယ်ထဲ မော်တော်ယာဉ် အသွားအလာတွေ ထိန်းချုပ်ခဲ့ပါတယ်။ ဒီကြားထဲ သွားလာရေးအတွက် အဓိကကျတဲ့ တံတားတချို့လည်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာကြောင့် လမ်းပန်းဆက်သွယ်ရေး အတော်လေး ပြတ်တောက်နေတာပါ။

ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်လိုရှိနေတဲ့ ကယားပြည်နယ်ထဲက တချို့မြို့နယ်တွေမှာ ဆန်၊ ဆီ၊ ဆားလို အခြေခံ စားသောက်ကုန်တွေ ဝယ်လို့မရတဲ့ အခြေအနေအထိ ကြုံနေရပါတယ်။ အထူးသဖြင့် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဆန်တအိတ်ကို ကျပ် ၁၅၀,၀၀၀ အထိ ဈေးတွေထိုးတက်သွားတာပါ။

“ဟုတ်တယ် မော်ချီးဘက်၊ ၁ သိန်းဈေးတောင်မှ ဝယ်လို့မရဘူး အဲဒီလို။ အဓိက ကုန်ခြောက်ရော၊ ဆန်စပါးရော။ ဒီအခြေအနေနဲ့ဆိုလို့ရှိရင်တော့ သိပ်မကြာဘူး... ကုန်သွားမယ့် အနေအထားတော့ ရှိတယ်၊ သူများတွေ အလုအယက် လိုက်ဝယ်နေကြပြီ။ ဆန်တွေ၊ ဆားတွေ၊ ဆီတွေ။”

ဖားဆောင်းမြို့နယ်က ဒေသခံတဦးပြောသွားတာပါ။ လွိုင်ကော်မြို့မှာဆိုရင် ဒီဇယ်နဲ့ ဓာတ်ဆီလို လောင်စာဆီဈေးက အရင်က တပီပါကို ကျပ် ၁၆၀,၀၀၀ ပဲရှိပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ကျပ် ၃၀၀,၀၀၀ အထိ ဈေးထိုးတက်သွားပါတယ်။ ဝင်ငွေလည်း မရှိတော့တဲ့အတွက် တချို့ဆိုရင် ပိုင်ဆိုင်မှုတွေ ရောင်းချပြီး စားဝတ်နေရေး ဖြေရှင်းရကြောင်း လွိုင်ကော်မြို့က ဒန်နီရဲလ်က ပြောပါတယ်။

“လမ်းတွေလည်း သွားလို့မရဘူး၊ အဝင်လည်းမရ အထွက်လည်း မရတဲ့ နေရာတွေကျ ရှိတာလေးတွေ ထုခွဲရောင်းချနေရတာပေါ့။ အဲဒါမို့ ဆန်ဈေးဆိုရင် ၇၀,၀၀၀၊ ၈၀,၀၀၀၊ ၁၀၀,၀၀၀ တွေ တက်လာတာ။ အနိမ့်ဆုံးဆိုရင်တောင်မှ ရှုးရှဲ (အသင့်စားလက်ဖက်ထုပ်) တောင် ဝယ်လို့မရတော့ဘူး။ ပိုက်ဆံရှိရင်တောင်မှ ကျပ်တည်းသွားတယ်။”

ဒီလိုရေရှည်ဖြစ်နေမယ်ဆိုရင် အတော်လေး ခက်ခဲလိမ့်မယ်လို့ ကယားဒေသခံတချို့က ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တွေ နှစ်ဘက် ပစ်ခတ်မှုတွေကြောင့် မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်တွေက ထွက်ပြေးတိမ်းရှောင်နေရသူဟာ ၁၅၀,၀၀၀ လောက်ရှိနိုင်ကြောင်း ကုလစာနာမှုအဖွဲ့ OCHA ကထုတ်ပြန်ထားပါတယ်။

သူတို့အတွက် လုံလောက်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ လုံခြုံတဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေကြောင်းလည်း စစ်ရှောင်ဒုက္ခသည်တွေ ယာယီခိုလှုံနေတဲ့နေရာမှာ ဦးဆောင်စီစဉ်ပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နှစ်ဘက်စလုံးမှာ သေဆုံးမှုတွေ ရှိပါတယ်။ အရပ်သားသေဆုံးမှုကတော့ အယောက် ၃၀ ကျော်ရှိကြောင်း ဖယ်ခုံမြို့ လူထုလှုပ်ရှားမှု သပိတ်ကော်မတီက မှတ်တမ်းတင်ထားတာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ကတော့ ကယားပြည်နယ်တွင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုထားပါတယ်။

ကယားပြည်၊ မြို့နယ်တချို့မှာ ကုန်ဈေးနှုန်းတက်ပြီး စားကုန်ရှားပါးနေ (voanews.com)

No comments:

Post a Comment