မင်းတပ်စစ်ဒုက္ခသည်တွေ ကိုဗစ်ကူးစက်မယ့်အန္တရာယ်စိုးရိမ်
(Unicode)
မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာချိန်မှာပဲ ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်း ယောမြို့နယ်ထဲကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကြားမှာ ကိုဗစ်ကပ်ရောဂါကူးစက်မယ့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတွေကတော့ တတ်နိုင် သလောက် ကာကွယ် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်းထဲက ယောမြို့နယ်ကို ထွက်ပြေးတိမ်းရှောင် ကြတဲ့ စစ်ဘေး ဒုက္ခသည်တွေ ထောင်နဲ့ချီရှိခဲ့ပါတယ်။
အခု ဇွန်လထဲမှာပဲ မြန်မာနိုင်ငံတဝှမ်း တကျော့ပြန် ကိုဗစ်ကူးစက်မှု မြင့်တက်လာချိန်မှာ စစ်ပွဲကြောင့် တိမ်းရှောင် ခိုလှုံနေရတဲ့ ဒုက္ခသည်စခန်းတွေမှာပါ ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့ ကူးစက်မှာကို ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ ယောမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် စခန်းတခုမှာ ခိုလှုံနေရသူတယောက်က သူတို့ စိုးရိမ်မှုကို ခုလိုပြောပြပါတယ်။
“စစ်ဘေးရှောင်စခန်းမှာ ဆရာဝန်ရှိတယ်။ ဆရာဝန်ရှိတဲ့အခါကျတော့ ဒေသခံတွေပေါ့လေ နယ်မြေဒေသခံတွေက စစ်ဘေးရှောင်စခန်းမှာ ဆေးခန်းလာပြတာမျိုးရှိတယ်။ နောက်တခုက အထဲက IDP Camp မှာ ရှိနေတဲ့ IDP တွေက အပြင်ထွက်လို့မရပေမယ့် အပြင်ကနေ ဆေးခန်းလာလာပြတဲ့ လူနာတွေက ရှိနေတဲ့အခါကျတော့ သူတို့တွေကနေတဆင့် IDP Camp မှာရှိနေတဲ့ လူတွေကို ကူးမှာ အကြောက်ဆုံး ဖြစ်လာပြီပေါ့လေ။ သူတို့ဆီကနေတဆင့် IDP Camp မှာရှိတဲ့ လူတယောက်သာ ကူးသွားခဲ့မယ်ဆိုရင် တယောက်မှ ကျန်မှာ မဟုတ်ဘူးပေါ့နော်။ ဒီမှာက စစ်ဘေးရှောင်စခန်းမှာရှိနေတာက သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ပိုများနေတဲ့အခါမှာ တယောက်ကူးပြီဆိုရင်တော့ တောက်လျှောက် အကုန်လွတ်မှာ မဟုတ်ဘူးပေါ့နော်။ အဲ့ဒါတော့ နည်းနည်းစိုးရိမ်ရတဲ့အပိုင်းပေါ့။ တခုရှိလာပြန်တာကလည်း Covid 19 နဲ့ ဆိုင်တဲ့ အသိပညာ ဗဟုသုတ မရှိဘူးပေါ့နော်။ စစ်ဘေးရှောင်တွေမှာ ကောင်းကောင်း မရှိတဲ့အခါကျတော့ လိုက်နာမှုအားနည်းတယ်။ နောက်တခုက အဲ့လိုမျိုး ဖြစ်နေတဲ့ကြားထဲက တကယ်လို့သာ အပြင်ကနေ ေ ဆးခန်းလာပြတဲ့ လူနာတွေဆီကနေ ကူးပြီဆိုရင် သွားပြီပေါ့ ကျွန်တော်တို့ စခန်းတခုလုံးက ကူးနိုင်စရာ အကြောင်းရှိတယ်။”
ကိုဗစ်အန္တရာယ်ကာကွယ်တဲ့အနေနဲ့ ဒုက္ခသည် စခန်းအဝင်အထွက်ကို တင်းကြပ်ထားပါတယ်။ တကယ်လို့ ကပ်ရောဂါ ကူးစက်လာရင်တော့ ကုသဖို့ ပေးနိုင်ဖို့ အခက်အခဲရှိတယ်လို့ စခန်းတာဝန်ခံတဦးက အခုလိုပြောပါတယ်။
“ကျွန်တော်တို့က စိုးရိမ်စိတ်တော့ရှိတာပေါ့။ ကူးစက်လာရင် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ ဒီမှာ ဆေးလည်းမရှိ ဆရာဝန်လည်း မရှိဆိုတော့။ သတ်သတ်ခွဲထားဖို့ပဲရှိတာ ကွာရတင်းသဘောမျိုး သတ်သတ် ခွဲထားဖို့ပဲနေရာရှိတာ။ ကျွန်တော်တို့ ဒီမှာ ဟန်းဂျဲလ်ဘူးလေးရှိတယ်။ နှာခေါင်းစည်းတွေရှိတယ်။ ရွာထဲကို သွားရင် နှာခေါင်းစည်းနဲ့သွား ပြန်လာရင် လက်ဆေး ရွာထဲကိုလည်း အများကြီးမသွားဖို့ ၁ ဆောင်ကို ၁ ယောက်စီ သွားဖို့ ပြောထားတယ်။ အဲ့လိုပဲ ရွာထဲကလာရင်လည်း နှာခေါင်းစည်းတွေနဲ့ ဒီထဲကို ဝင်လာရင် ဆပ်ပြာနဲ့ဆေးဖို့ ဒါပဲရှိတာ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဒါပဲရှိတာလေ။”
စစ်ပွဲတွေကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်း ယောမြို့နယ်ထဲက ယာယီစခန်း ၁၀ ခုမှာ လာရောက်ခိုလှုံနေသူ ဒုက္ခသည် ၃ ထောင်ကျော်ရှိပါတယ်။ ကိုဗစ်ကာကွယ်တဲ့အနေနဲ့ ယာယီခိုလှုံရေးစခန်းတွေထဲ အဝင်အထွက် တင်းကြပ်ထားတဲ့အတွက် စခန်းအတွင်း တကိုယ်ရေးသုံး ပစ္စည်းတွေအပါအဝင် လိုအပ်တာတွေ ဝယ်ယူဖို့ အခက်ကြုံနေကြပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဇွန် ၁ ရက်ကနေ ၂၈ ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကို နှာခေါင်းစည်း ၁၂ သန်းကျော် ဖြန့်ဝေထားတယ်လို့ ပြောကြားထားပါတယ။် ကျန်းမာရေး ဝန်ကြီးဌာနက ဖြန့်ဝေထားတဲ့ နှာခေါင်းစည်းတွေဟာ ယောမြို့နယ်ထဲက ဒုက္ခသည် စခန်းတွေဆီ မရောက်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဝယ်ယူ နေရတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
နိုင်ငံတဝှမ်းလုံးမှာ ကိုဗစ်ကူးစက်တာတွေ မြင့်တက်လာနေတာမှာ ဇွန် ၂၇ ရက် ညကနေ ၂၈ ရက်ညအထိ ဓါတ်ခွဲနမူနာ ၆၅၀၀ ကျော် စစ်ဆေးခဲ့တဲ့ထဲက ၁၂၂၅ ဦး ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စတင်ဖြစ်ပေါ်တဲ့အချိန်က စပြီး ဒီနေ့အထိ ကူးစက်သူကတော့ ၁ သိန်း ၅ သောင်း ၄ ထောင်ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၃၃၀၉ ဦးရှိပါတယ်။
မင်းတပ်စစ်ဒုက္ခသည်တွေ ကိုဗစ်ကူးစက်မယ့်အန္တရာယ်စိုးရိမ် (voanews.com)
No comments:
Post a Comment