ကချင်စစ်ဘေးဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးအဖြစ်များနေ
(Unicode)
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကချင်ဗန်းမော်ခရိုင်နဲ့ ချင်းပြည်နယ်ထဲက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါတွေ ဖြစ်နေကြပါတယ်။ လူတွေပြွတ်သိပ်နေကြရတဲ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းထဲက ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေကြပါတယ်။ ချင်းပြည်နယ် ကလက်ဝမြို့နယ်ဖက်မှာလည်း ရာသီတုပ်ကွေးရောဂါတွေဖြစ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီအခြေအနေတွေအကြောင်းကိုတော့ မဆုမွန်ပြောပြပါမယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲက ဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှာ ကလေးငယ် အများအပြား သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေကြပါတယ်။ ဗန်းမော်မြို့က ပြည်တွင်းဒုက္ခသည်စခန်းမှာဆိုရင် ကလေးတွေ ရာဂဏန်းလောက်ရှိပြီး ခန့်မှန်းခြေတဝက်လောက်က သွေးလွန်တုပ်ကွေးဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။
“ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်နေကြတယ်၊ အခုဒီရက်ပိုင်းပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေအဖြစ်များနေတာ၊ လူငယ်ကလေးတွေ တော်တော်များများဖြစ်နေကြတာပေ့ါနော် ဒီလိုဖျားနားပြီးတော့မှ တုပ်ကွေးဖြစ်နေတာ အဲ့ဒါမျိုးပဲရွာတွေဘက်မှာ အဲ့ဒီ အခုစစ်ဘေးရှောင်တွေဘက်မှာ စစ်ဘေးရှောင်ရယ်လို့လည်း မဟုတပါ်ဘူး၊ ဒီအားလုံးဖြစ်နေကြတာ ရွာတွေဘက်မှာ အခုရာသီကြောင့်လည်းဖြစ်မယ်ထင်တယ်၊ စစ်ဘေးရှောင်တဲ့ နေရာမှာကျတော့ နည်းနည်းလူတွေက ပို၊ ကလေးတွေရော လူတွေကပိုပြွတ်သိပ် ပြီးနေကြတော့ အဲ့ဒါပိုပြီးတော့ အခြေအနေဆိုးသွားတာပေါ့နော်၊ အခုလောလောဆယ်တော့ ကလေးတွေ ဘယ်လိုခေါ်မလဲ ဒီထက်ဝက်လောက်က ဖြစ်နေမယ်၊ ဖြစ်တဲ့ဟာလည်းဖြစ် တချို့လည်းပြန်ပျောက်ကြတာပေါ့နော် အဲ့လိုမျိုးတွေ ကလေးတွေကတော့ ရာဂဏန်းရှိမှာပေါ့နော် ဒါပေမယ့် ဒါပေမယ့် အကုန်လုံး (နေတာ) ပြန့်ကျဲနေတာ တချို့နေရာတွေ ဆယ်ဂဏန်းပဲရှိမယ်တချို့နေရာလည်း လေး၊ ငါးဆယ် အဲ့လိုမျိုးသူက စစ်ရှောင်တွေက စုစည်းနေတာမဟုတ်ဘူး”
ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး စုပြုံနေထိုင်နေကြရတဲ့ အခြေအနေကိုလည်း အဲ့ဒီအကူအညီပေးနေသူက ဆက်ပြောပါတယ်။
“ကျန်းမာရေးစောင့်ရှောင့်မှုရယ်လို့ ဘာခေါ်မလဲ သေချာစနစ်တကျ ရရှိတာတော့ မရှိဘူးပေါ့။ ဖြစ်လို့ရှိရင် အဲ့ရွာမှာရှိတဲ့ ကျန်းမာရေးဆေးပေးခန်းတွေသွားကြတယ်၊ အဲ့လိုလောက်ပဲ ရှိတယ်ပေါ့နော် နောက်တော့ ဒီအလှူရှင်တွေက တချို့ပို့လာတဲ့ အဲ့ဆေးတွေဘာတွေ နည်းနည်းပါးပါးရှိတယ်၊ အဲ့ဒါမျိုးနဲ့ပဲ ဟိုဟာလုပ်ကြတယ်။ ဒီစနစ်တကျစောင့်ရှောင့်မှု ကာကွယ်စောင့်ရှောင့်မှုကတော့ မရှိဘူး။”
ဒုက္ခသည်တွေ ခိုလှုံနေကြရတဲ့ စခန်းတွေမှာ ရေအိမ်တွေ မလုံလောက်တာ၊ နေရာထိုင်ခင်း အခက်အခဲရှိတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့အတွက် ကူးစက်မှုတွေ တိုးလာမှာကိုလည်း ကူညီပေးနေသူတွေက စိုးရိမ်နေပါတယ်။ ချောင်းတွေထဲ ရေသွားချိုးကြရသူတွေမှာလည်း ရေမသန့်တဲ့အတွက် အရေပြားရောဂါတွေ ဖြစ်နေကြပါတယ်။ အများအပြားက အမျိုးသမီးတွေဖြစ်ကြပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကြားမှာလည်း ရာသီတုပ်ကွေးဖြစ်နေကြပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ နေရာတွေမှာ ကျန်းမာရေးပညာပေးမှုတွေ ရေသန့်အောင် ဆေးခတ်တာတွေ လုပ်ပေးနေတယ်လို့ ပလက်ဝမြို့နယ် ကုသရေးဦးစီးဌာက ဆရာဝန်တစ်ဦးက ပြောပါတယ်။
“ရာသီတုပ်ကွေးကတော့ ရှိတော့ရှိမယ် ခင်ဗျ၊ အဲ့ရာသီတုပ်ကွေးကတော့ ရိုးရိုးတုပ်ကွေးကတော့ စစ်ရှောင်ကပဲ ဖြစ်တာများတယ်။
အဲ့လိုအများကြီးမရှိဘူးခင်ဗျ၊ အများကြီးဆိုတာ ဟိုလိုပမာဏနဲ့ ပြောရလောက်အောင် မရှိဘူး၊ ပုံမှန်ကို တစ်ရက်ကို တစ်ယောက် နှစ်ယောက်၊ အဲ့လိုဆေးရုံးလာပြတာလောက်ပဲရှိမယ်။ ဟုတ်ကဲ့ ကျနော်တို့ကတော့ ပုံမှန် အဲ့စစ်ရှောင်စခန်းတွေကို ဆေးခန်းသွားတာရှိတယ်ဗျ၊ ကျနော်တို့ ဒီဆရာမနေတွေနဲ့လေး အဲ့ဖွင့်တဲ့အချိန်မှာ တစ်ခါတစ်လေ ကျန်းမာရေးပညာပေးတဲ့ ကိစ္စတွေလုပ်တယ်၊ ပြီးလို့ရှိရင် ကျနော်တို့ ဒီတစ်မြို့လုံးကို အဆိတ်ဆေးပေါ့ ပိုးလောက်လန်သေတဲ့ ဆေးပေါ့နော်၊ အဲ့ကောင်ခပ်ပြီးပါပြီး နယ်တွေကိုလည်း ပိုးလောက်လန်သေတဲ့ ဆေး အဆိတ်ဆေးခပ်ဖို့အတွက် ဖြန့်ထားပြီးပါပြီခင်ဗျ။”
ချင်းပြည်နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အခုဇွန်လဆန်းအထိ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာက လူပေါင်း ၂ သောင်းကျော် အိုးအိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာလည်း မတ်လလယ်ကစ လူပေါင်း ၁ သောင်းကျော် နေရပ်စွန့် ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြီးခဲ့ ကြသပတေးနေ့ သတင်းရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ကချင်စစ်ဘေးဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးအဖြစ်များနေ (voanews.com)
No comments:
Post a Comment