ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံတကာကူညီဖို့ UNHCR တောင်းဆို
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် ပံ့ပိုးကူညီပေးကြဖို့ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၄ ရက်ကြာ ခရီးထွက်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးက ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ရေး၊ အဆင်ပြေပြေ နေထိုင်နိုင်ရေးအပြင်၊ ဘဝရှေ့ရေး ရေရှည်အတွက် အဖြေရှာနိုင်ဖို့ ဦးစားပေး ဆောင်ရွက်ကြဖို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီးတွေ ဖြစ်ကြတဲ့ Gillian Triggs နဲ့ Raouf Mazou တို့က ဗုဒ္ဓဟူးနေ့ ခရီးစဉ် အဆုံးသတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားတာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ထားတဲ့ ဘာရှန်ချာကျွန်းကိုလည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုခဲ့ရာမှာတော့ အိမ်ယာဆောက်လုပ်ထားတာ အပါအဝင် အကုန်အကျခံ သုံးစွဲထားတာတွေ တွေ့ရပေမဲ့လည်း ဘာရှန်ချာ ကျွန်းမှာ ရောက်နေကြတဲ့ ဒုက္ခသည် ၁၈,၀၀၀ လောက်အတွက် ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီ လိုအပ်ချက်တွေ ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိသလို၊ အဖြေဟာလည်း မြန်မာနိုင်ငံအပေါ် မူတည်နေကြောင်းလည်း ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးတွေက ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ်တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။
ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံတကာကူညီဖို့ UNHCR တောင်းဆို (voanews.com)
No comments:
Post a Comment