Wednesday, June 30, 2021

ဒုက္ခသည်များဆိုင်ရာ ကုလ မဟာမင်းကြီးရုံး

 ဒုက္ခသည်များဆိုင်ရာ ကုလ မဟာမင်းကြီးရုံး

(Unicode)

ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စုစုပေါင်းရဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ အဲဒီ ဒုက္ခသည်တွေဟာ မြောက် Sumatera ပြည်နယ်မြို့တော် Medan မှာ မသေချာ မရေရာတဲ့အခြေအနေတွေအောက်မှာ နေထိုင်နေကြတာပါ။ အများစုဟာ ခိုလှုံခွင့်ရဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေကြပြီး တတိယနိုင်ငံတခုမှာ အခြေနေထိုင်နိုင်ဖို့ မျှော်လင့်နေကြတာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခု ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးထားခြင်းမရှိတာကြောင့် နိုင်ငံအတွင်း ရောက်နေကြတဲ့ ဒုက္ခသည် စုစုပေါင်း ၁၄,၀၀၀ အတွက် နေရာထိုင်ခင်းအသစ် မထောက်ပံ့ပေးနိုင်ပါဘူး။ ဒီအကြောင်း အင်ဒိုနီးရှားဌာနက Anugerah Ardiansyah ပေးပို့ထားတဲ့သတင်းကို တင်ပြပေးပါမယ်။

အသက် ၃၃ နှစ်အရွယ် Mouhammad Noor ဟာ မြန်မာနိုင်ငံ၊ မောင်တောမြို့က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်ပြီး လက်ရှိမှာ မြောက် Sumatera ပြည်နယ်မြို့တော် Medan မှာ နေထိုင်ပါတယ်။

၂၀၀၈ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်တဲ့အချိန်မှာ ဘဝသစ်ကို ထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့နေရပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အချိန်မှာ မျှော်လင့်ထားတာနဲ့ လက်တွေ့အခြေအနေ ကွာခြားနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာ အိုင်ဒီကဒ်ရဖို့တောင် မလွယ်ကူတဲ့အခြေအနေမို့ ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို လှေနဲ့ ထပ်မံ ထွက်ပြေးခဲ့ပါတယ်။

စာရွက်စာတမ်းအထောက်အထားမပါဘဲ ရောက်လာတဲ့ Noor ဟာ မလေးရှားမှာရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ ကျနော် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကြိုးစားခဲ့ပါတယ်။ မလေးရှားမှာ ဘာအထောက်အထားမှမရှိဘဲ အလုပ်လုပ်နေတာပါ။ မလေးရှားမှာ ကျနော်တို့လူမျိုးတွေ ပညာသင်ခွင့်လည်း မရကြတာကြောင့် ဒီမှာဆက်နေလဲ ဘာမှမထူးဘူးဆိုတာကို ကျနော် ၂၀၁၁ ခုနှစ်မှာ သဘောပေါက်လာတယ်။”

အဲဒီနောက်မှာတော့ Noor ဟာ ရိုဟင်ဂျာဒုက္ခသည် တဒါဇင်လောက်စုပြီး မလေးရှားက ထွက်ပြေးဖို့ စီစဉ်ခဲ့ပါတယ်။ သူတို့ဟာ သြစတေးလျကိုသွားပြီး ခိုလှုံခွင့်လျှောက်ထားလိုကြပေမယ့် အဲဒီလို သွားဖို့အတွက် အင်ဒိုနီးရှားကို အရင်သွားရမယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

ပွဲစားကတဆင့် သြစတေးလျကို သွားဖို့အတွက် သူတို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ Noor က ပြောပါတယ်။ လူ ၁၁ ဦးပါတဲ့ သူတို့အဖွဲ့ထံက ပွဲစားကငွေတွေယူသွားပြီး သြစတေးလျကိုသွားနိုင်ဖို့အတွက် အခု သူတို့ရောက်နေတဲ့ Medan မြို့မှာ စောင့်ခိုင်းထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ကားနဲ့လာခေါ်ပြီး Java ကျွန်းကတဆင့် သြစတေးလျကို ပို့ပေးမယ်လို့ ပွဲစားက ပြောထားတယ်လို့ ဆိုပါတယ်။

ပွဲစားရဲ့ အလိမ်ခံရပြီးတဲ့နောက် စာရွက်စာတမ်း အထောက်အထားမပါတဲ့ သူတို့အုပ်စုဟာ Medan မြို့က လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ သူတို့ကို အင်ဒိုနီးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံရပြီး တနှစ်လောက်ကြာတဲ့အခါမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီး Medan မှာရှိတဲ့ ဒုက္ခသည်စခန်းကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

သူတို့ကို UNHCR နဲ့ IOM နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအရေး အကူအညီပေးနေတဲ့အဖွဲ့အစည်းတို့က ကူညီပေးခဲ့ပြီး တခြားနေရာတွေကို ထွက်မပြေးကြဖို့ ပြောတယ်လို့ Noor က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်ပေမယ့် ဒုက္ခသည်တွေက အင်ဒိုနီးရှားကို မျက်စိကျနေကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးမထားပေမယ့် အင်ဒိုနီးရှားအစိုးရက ရောက်လာတဲ့ဒုက္ခသည်တွေကို ကြည့်ရှု စောင့်ရှောက်ထားတာ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေကို စောင့်ရှောက်ပေးထားတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ IOM ရုံးရဲ့ ဌာနေကိုယ်စားလှယ် Louis Hoffmann က ချီးကျူးပါတယ်။

“လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရက အသက်ကယ်တဲ့ အကူအညီတွေပေးနေတယ်ဆိုတာ သိသာပါတယ်။ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးမထားပေမယ့် ဒုက္ခသည်တွေကို အကူအညီပေးတဲ့အစဉ်အလာက ဒီနိုင်ငံမှာ ရှိနေပါတယ်။”

Medan မြို့မှာတင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ တူရကီ၊ သီရိလင်္ကာ၊ ဆိုမားလီးယား၊ ကူဝိတ်၊ အီရန်၊ အရတ်၊ ပါလက်စတိုင်း၊ အီသီယိုးပီးယားနဲ့ Ivory Coast နိုင်ငံတွေက ဒုက္ခသည် ၁၈၀၀ နီးပါး နေထိုင်နေကြတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

UNHCR က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ ဒုက္ခသည်စုစုပေါင်း ၁၄,၀၀၀ လောက်ရှိနေတာမှာ အဲဒီအထဲက အများစုဟာ အာဖရန်နစ္စတန်နိုင်ငံကဖြစ်ပြီး ဒုတယိအများဆုံးကတော့ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပြီး လက်ရှိမှာ ၃၅၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ် ခင်ဗျား။

ဒုကၡသည္မ်ားဆိုင္ရာ ကုလ မဟာမင္းႀကီးရံုး (voanews.com)

No comments:

Post a Comment