Wednesday, June 30, 2021

စစ်ကောင်စီ အရေးယူအပြစ်ပေးပုံ ဥပဒေနဲ့ မကိုက်ညီ (ကုလပြောခွင့်ရ Dujarric)

 စစ်ကောင်စီ အရေးယူအပြစ်ပေးပုံ ဥပဒေနဲ့ မကိုက်ညီ (ကုလပြောခွင့်ရ Dujarric)


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူ ၅ ထောင်ကျော်ရှိပြီး၊ ရာနဲ့ချီတဲ့ လူတွေကိုလည်း တရားရုံး လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ အရေးယူ အပြစ်ပေးခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထားသူ ၅,၂၀၂ ယောက် ရှိခဲ့ပြီး၊ ဒီအထဲက ၂၀၀ ကျော်ဟာလည်း မေးခွန်းထုတ်စရာ တရားရေး လုပ်ငန်းစဉ်အောက်မှာ လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ ဥပဒေအမျိုးမျိုးနဲ့ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ ၂၆ ယောက် သေဒဏ်ချမှတ်ခံရပြီး၊ ဖမ်းဝရမ်း ထုတ်ထားတဲ့အတွက် တိမ်းရှောင်နေရသူပေါင်း ၂ ထောင်လောက် ရှိနေပါတယ်။” လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒါဇင်နဲ့ချီတဲ့ သူတွေကိုလည်း မျက်ကွယ်မှာပဲ သေဒဏ်၊ တသက်တကျွန်း၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အပြစ်ပေးခံရတာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားသူတွေထဲက ထင်ရှားကျော်ကြားသူ ၂၄ ယောက်အပေါ် စွဲချက်တွေကို ရုပ်သိမ်းလိုက်ကြောင်း စစ်တပ်ပိုင် ရုပ်မြင်သံကြားက အင်္ဂါနေ့မှာပဲ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းရာက နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သာမက သတင်းသမားတွေ၊ အနုပညာရှင်တွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ သတင်းသမား ၉၃ ယောက်ထက်မနည်း ရှိခဲ့ပြီး ၅၄ ယောက်ဟာလည်း ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အရေးယူအပြစ်ပေးပုံ ဥပဒေနဲ့ မကိုက်ညီ (ကုလပြောခွင့်ရ Dujarric) (voanews.com)

No comments:

Post a Comment