Tuesday, June 1, 2021

နမ္မတူစစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ပြန်

 နမ္မတူစစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် အနည်းဆုံး စစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ရင်းပြန်နေကြပါပြီ။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတဲ့အတွက် လူ ၂၀၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ ရှမ်းပြည်နယ် စစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်က တဘက်၊ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်တွေက တဘက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေက ပြီးခဲ့တဲ့ မတ်လကုန်လောက်က စတင်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲကြောင့် စစ်ရှောင် ၃,၀၀၀ နီးပါးလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

ဒီလ ၁ ရက်နေ့ကတော့ သီပေါမြို့ကို တိမ်းရှောင်နေကြရတဲ့ စစ်ရှောင် ၄၀၀ လောက်ဟာ နေရပ်ရင်း ပြန်ကြပြီဖြစ်ကြောင်း ၂၀၀ ကျော်လောက် ကျန်ရှိနေသေးကြောင်း မန်လီဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ၄၀၀ နီးနီးလောက် ပြန်ကြပြီ။ မန်လီကပဲ။ မန်လီနဲ့ ပေါင်းနေတာ တာပုလဲရှိတယ်။ မနေ့ကတော့ ပြန်ကြမယ်ထင်တယ်။ တာပုလဲရော၊ မန်လီရော။ မန်လီက အိမ်ခြေက ၁၀၀ ကျော်တယ်။ ၁၀၀ ကျော်ထဲမှာက အိမ်မီးလောင်တာက ၄၉ အိမ်ပေါ့။ မီးလောင်တဲ့အိမ်တွေက မပြန်သေးဘူးရှင့်။ မလောင်တဲ့အိမ်တွေက အကုန်ပြန်သွားပြီ မနေ့ကတည်းက။ မပြန်သေးတာ လူဦးရေက အယောက် ၂၀၀ ကျော်လောက်တော့ ကျန်မယ်။”

မီးလောင်သွားတဲ့အိမ်က အမျိုးသားတွေဟာ နေရပ်ပြန်ပြီး ယာယီနေထိုင်ဖို့ ပြင်ဆင်နေကြကြောင်းနဲ့ ပြင်ဆင်ပြီးသွားရင် နောက်ရက်ပိုင်းတွေ ကျန်ရှိသူတွေလည်း နေရပ်ပြန်တော့မှာဖြစ်ကြောင်း ပြောပါတယ်။

အဓိက တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေဟာ ပန်လုံ၊ မန်လီ၊ မန်ကျန်း၊ မန်ဆာနဲ့ ရေအိုးကျေးရွာစတဲ့ ကျေးရွာတွေ ဖြစ်ပြီး ဒီကျေးရွာတွေက ဒေသခံ ၃,၀၀၀ လောက်ဟာ မန်စံ၊ ကောင်းဟုန်း၊ မန်မိုင်၊ နားလေ၊ ပန်သပြေစတဲ့ ကျေးရွာတွေနဲ့ သီပေါမြို့ကို တိမ်းရှောင်ခဲ့ရတာပါ။

မန်စံ၊ ကောင်းဟုန်၊ ပန်သပြေစတဲ့ကျေးရွာတွေကို တိမ်းရှောင်နေသူ ၁,၀၀၀ လောက် ဟာလည်း မေလကုန်ပိုင်းက နေရပ်ရင်းကျေးရွာကို ပြန်နေပြီဖြစ်ကြောင်း စစ်ရှောင်တွေကို ကူညီသူ တစ်ဦးက ပြောပါတယ်။

“ဟုတ် ကောင်းဟုန်းက၊ မိုင်းမုကျေးရွာအုပ်စု ကောင်းဟုန်ကျေးရွာရယ်။ မန်စံရယ်၊ နောက်ပြီးတော့ ပန်သပြေကျေးရွာပေါ့။ ဒီဟာတွေက အရင်ပြန်သွားတာ။ ၃၁ ရက်နေ့တည်းက ပြန်သွားတာ။ ၃၀ ရက်နေ့ဆိုရင်တော့ ဟို ကောင်းဟုန်းကျေးရွာက ပြန်ကြတာ။ ၁,၀၀၀ လောက်တော့ ရှိလိမ့်မယ်ခင်ဗျ။ Camp ၂ ခု၊ ၃ ခုပေါ့နော်။ ၁,၀၀၀ လောက်။”

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“သူတို့ အင်အား ပြန် ထပ်ဖြည့်ပြီးတဲ့နောက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာက ၂ ရက်၊ ၃ ရက်လောက် ရှိမယ်ခင်ဗျ။ အဲဒါဖြစ်ပြီးတဲ့နောက်မှာ RCSS က ဆုတ်ခွာသွားလိုက်တာ။ ဒီ ၃၁ ရက်နေ့ နောက်ပိုင်းမှာတော့ ကျနော်တို့ ဒေသတွင်းမှာတော့ သိပ်မကြားရသလောက်ပဲဗျ။”

မေလ ၂၅ ရက်နေ့ ပတ်ဝန်းကျင်က SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်တွေက အင်အားဖြည့်တင်းတာရှိခဲ့ကြောင်းနဲ့ ၂၆ ရက်နေ့မှာတော့ ရေအိုးရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုခဲ့တာပါ။

သီပေါမြို့က စစ်ရှောင်တွေကို ကူညီပေးနေတဲ့ သီပေါလူငယ် လူမှုကူညီရေးအသင်းက ကိုတူးလီကလည်း အခုလို သုံးသပ်ပြောဆိုပါတယ်။

“လောလောဆယ်တော့ ငြိမ်နေတယ်ဗျ။ တိုက်ပွဲက လောလောဆယ်တော့ ငြိမ်နေတယ်၊ ရှေ့ကတော့ ဘယ်လိုပြန်ဖြစ်မလဲ မသိဘူးပေါ့။”

နမ္မတူမြို့နယ်တွင်း တိုက်ပွဲကြောင့် ကျေးရာ ၄ ရွာလောက်က နေအိမ် ၁၂၀ နီးပါး မီးလောင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့လို့ စစ်ရှောင်တွေ နေရပ်ပြန်ချိန်မှာ ဒီလ ၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံ ၂၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

တိမ်းရှောင်သူအများစုဟာ သက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါဝင်ကြောင်း ကျေးသီး ဒေသခံက အခုလို ပြောပါတယ်။

“မနေ့က စပြီးတော့ ရှောင်လာတာပေါ့နော္။ တိုက်ပွဲက သူတို့ ရွာနဲ့ ၁ မိုင်လောက်တော့ ဝေးပါသေးတယ်။ အဲဒီလိုဖြစ်လို့ စိတ်ပူလို့ ထွက်ပြေးလာတာပေါ့။ များသောအားဖြင့် သက်ကြီးရွယ်အိုနဲ့ မိန်းကလေးတွေပေါ့နော်။ကလေးငယ်တွေ အဲဒီလိုမျိုးတွေပါပဲဗျ။ သူတို့ ရှောင်သွားကြတာကတော့ သူတို့ရွာနဲ့ ၂ မိုင်ကျော်ကျော်ဝေးတဲ့၊ ၃ မိုင်နီးပါးပေါ့နော်။ ဝေးတဲ့ နောင်ဆွမ်းဘုန်းကြီးကျောင်း။ လူဦးရေတော့ ၂၀၀ ကျော်လောက်ပေါ့နော်။ အဲဒီလောက်တော့ ရှိမယ်ဗျ။”

တိုက်ပွဲဖြစ်ပွားတာကတော့ ဟိုပုံကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အခုလို တိုက်ပွဲတွေ ဖြစ်နေတာကို ရပ်တန့်ဖို့အတွက် ရှမ်းပြည်နယ်က သံဃာတော်တွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ လူထုတွေကလည်း တောင်းဆိုနေကြတာဖြစ်ပါတယ်။ မေလ ၃၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူငယ်တွေက လက်နက်ကိုင်အဖွဲ့ကို အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့ပြီး တိုက်ပွဲတွေ ရပ်ဆိုင်းဖို့၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေကို ကူညီကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

နမ္မတူစစ်ရှောင် ၁,၀၀၀ ကျော် နေရပ်ပြန် (voanews.com)

No comments:

Post a Comment