Tuesday, June 1, 2021

ဒီးမော့ဆိုနဲ့ မိုးဗြဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွား

 ဒီးမော့ဆိုနဲ့ မိုးဗြဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွား

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်အစပ်က မိုးဗြဲမြို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဒီနေ့မှာလဲ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာပါ။ မိုးဗြဲမြို့ ပစ်ခတ်မှုမှာ အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ဒီးမော့ဆိုမြို့နဲ့ မိုးဗြဲမြို့မှာ ဒီကနေ့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေတာပါ။

ဒီကနေ့ဖြစ်ပွားတဲ့ ဒီမော့ဆိုမြို့က တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ရှိသူ တဦးက ပြောပါတယ်။

"ဒီးမော့ဆိုသဲသောင်ဘက်မှာရယ်၊ ဒီးမော့ဆို PDF တချို့နဲ့ တိုက်ပွဲအနည်းငယ်ဖြစ်ပွါးတယ်လို့ သိထားပါတယ်။ ဒီးမော့ဆိုကတော့ မနက် ၆ နာရီလောက်မှာ မနက် ၆ နာရီလောက်မှာ ၁၂၀ မမတွေနဲ့ လွိုင်ကော်ကနေပြီးတော့ ကျနော်တို့ ဒေါ့ငံခါးရပ်ကွက်ကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာတွေ ရှိတယ်ပေါ့။ ရုံးတွေ လူနေအိမ်တွေ ချိန်ရွယ်ပြီး ပစ်ခတ်မှုတွေ ရှိတယ်။ အဲဒါက ကျနော်တို့ ၁၂ နာရီလောက် အထိပစ်ခတ်မှု ရှိခဲ့တယ်ပေါ့။"

နှစ်ဘက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က လွိုင်ကော်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒီးမော့ဆို ရဲစခန်းကနေပြီးတော့ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ ညနေပိုင်းက ဒီးမော့ဆိုမြို့နယ်ထဲမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းအကူသုံး တိုက်ခိုက်ခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ ဒီတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှု ရှိခဲ့တယ်လို့ KNDF ဘက်က ပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်မိုးဗြဲမြို့မှာလည်း ဒီကနေ့မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စစ်ရှောင်နေရသူ မိုးဗြဲမြို့ခံ တဦးက ပြောပါတယ်။

"၁၂ နာရီနောက်ပိုင်းမှာ သူတို့ ပစ်နေတယ်။ PDF အဖွဲ့လည်း ပြန်ပစ်နေတယ်လို့တော့။ အခုပစ်နေတုန်းပဲ။ ကျနော်တို့ ဟို စစ်ဘေးရှောင်အဖွဲ့ဆိုတော့ ဟိုတောင်မှာတော့ အသံကြားသေးတယ်။"

စစ်ကောင်စီတပ်နဲ့ မိုးဗြဲကာကွယ်ရေး PDF အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုမှာ ဒေသခံပြည်သူတစ်ဦး ထိမှန် ဒဏ်ရာရထားတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

"မိုးဗြဲဘက်မှာက ကျနော်တို့ ၁၂ နာရီကျော်ကျော်လောက်က အကြမ်းဖက် စစ်ကောင်စီတွေက လာရောက်ပစ်ခတ်တာပေါ့နော်။ ဆိုင်ကယ်စီးလာတဲ့ လူငယ်တယောက် သေနတ်မှန်တာပေါ့။ နှစ်ဘက်ပစ်ခတ်မှုတော့ ပြန်လှန်ပစ်ခတ်တာပေါ့နော်။ မိုးဗြဲ PDF ကနေပြီးတော့ ပြန်လည်ခုခံတဲ့ အနေအထားတချို့တော့ ရှိတာပေါ့နော်။"

ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့တုန်းက ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ ဒေသခံကာကွယ်ရေးအဖွဲ့ကနေ မိုးဗြဲရဲစခန်းကို ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အများပြားကျဆုံးခဲ့သလို ၄ ဦး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နောက်ပိုင်း စစ်တပ်ဘက်က တပ်အင်အားဖြည့်တင်းလာပြီး အကြမ်းဖက် တုံ့ပြန်လာတာကြောင့် ဖယ်ခုန်နဲ့ မိုးဗြဲမြို့ဒေသခံတွေ သောင်းနဲ့ချီ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

တောတွင်းယာယီစစ်ရှောင်စခန်းရောက် မိုးဗြဲစစ်ရှောင်တဦးက သောင်းနဲ့ချီတဲ့ ဖယ်ခုန် မိုးဗြဲမြို့က စစ်ရှောင်တွေ မိုးတွင်းမှာ အခက်အခဲ ရှိနေတယ်လို့ အခုလိုပြောပါတယ်။

"မိုးရွာရင်တော့ ကျနော်တို့က မိုးကာအောက်မှာနေရတယ်။ သစ်ပင်ကြီးအောက်မှာပဲ ကျနော်တို့က နေရတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေပဲ ဦးစားပေးပြီးမှ နေနေရတာပေါ့နော်။ ကျနော်တို့ ယောကျာ်းတွေ သွားနိုင်လာနိုင်တဲ့သူတွေ ညပိုင်းတော့ ကင်းတွေ၊ ဘာတွေစောင့်ရတာပေါ့နော်။ ဖယ်ခုန်မြို့၊ မိုးဗြဲမြို့ကျေးရွာတွေအကုန်လုံး ကျနော်တို့ အရှေ့ဘက်အုပ်စုဆိုရင်တော့ အနည်းဆုံးတော့ ရွာ ၈ ရွာ၊ ၉ ရွာ ဆိုတော့ လူကတော့ ၅၀၀၊ ၆၀၀ လောက်ရှိတယ်။ အနောက်ကယန်းပေါ့နော်။ အဲဒီမှာတော့ သောင်းဂဏန်းလောက်ရှိလိမ့်မယ်။"

ဒီးမော့ဆိုမြို့နဲ့ မိုးဗြဲမြို့ဘက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးနေတာတာနဲ့ ပတ်သက်လို့ သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ကယားပြည်နယ်ထဲမှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား မေလ ၂၁ ရက်နေ့ကတည်းက ပစ်ခတ်တိုက် ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့နယ် ၊ ဒီးမော့ဆို မြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်း-ကယားပြည်နယ်အစပ် မိုးဗြဲမြို့က ဒေသခံ ၇၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိကယားပြည်နယ်အတွင်း စစ်တပ်ကနေ အင်အားထပ်မံဖြည့်တင်းလာနေတာကြောင့် တိုက်ပွဲထပ်မံဖြစ်ပွါးလာနိုင်ဦးမယ်လို့လည်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။

ဒီးမော့ဆိုနဲ့ မိုးဗြဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွား (voanews.com)

No comments:

Post a Comment