မြန်မာဘက်လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက် ထိခိုက်ဒဏ်ရာရမှု ရှိ
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကို ဒုက္ခသည် ၆၀၀ ထက်မနည်းရောက်ရှိနေပြီး ဇွန် ၂ ရက်နေ့ကတော့ ထိုင်းဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံရာနေရာကို လက်နက်ကြီးကျည်ကျပြီး ထိုင်းစစ်သားတဦးနဲ့ စစ်ဘေးရှောင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ရဲ့တောင်ဘက် ၁၀ မိုင်အကွာမှာ မြန်မာစစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့တွေနဲ့ ဒီကေဘီအေ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်တို့ကြား အင်္ဂါနေ့နေ့လယ်ကစပြီး ဒီကနေ့ထိ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထိုင်းဘက်ခြမ်း မယ့်ကိုကင်းကျေးရွာအထိ စစ်ဘေးရှောင် ၆၀၀ ထက်မနည်း ထွက်ပြေးခိုလှုံလာကြပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ထိုင်းဘက်ခြမ်း မယ့်ကိုးကင်းကျေးရွာရဲ့ နွားတင်းကုတ်အတွင်။ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်နေရာကို လက်နက်ကြီးကျည်ဆံကျရောက်လို့ ထိုင်းနိုင်ငံသားတဦးနဲ့ စစ်ဘေးရှောင်ရွာသားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်လူအခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပြပါတယ်။
"ဒီနေ့ နေ့လယ်ပိုင်းခင်းပိုင်းအချိန်အထိ လက်နက်ကြီးအသံတွေ ကြားနေရတယ်။ ထိုင်းဘက်ခြမ်းအထိလည်း လက်နက်ကြီးတလုံးကျတယ်။ ထိုင်းနိုင်ငံသား တယောက်နဲ့ ထွက်ပြေးလာတဲ့ ရွာသားတွေပါ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ၂ နာရီ၊ ၃ နာရီအထိ လက်နက်ကြီးအသံတွေ ကြားနေရတယ်။"
အခုလို ထိုင်းနိုင်ငံပိုင်နက်ထဲ လက်နက်ကြီးကျည်ကျခဲ့တာနဲ့ သူ့စစ်သားတဦး ထိခိုက် ဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရဘက်က အခုချိန်ထိ တစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။
မနေ့ကနေ စပြီး ထွက်ပြေးလာနေတဲ့ ဒုက္ခသည်တွေဟာ နေ့လယ်အထိ ထွက်လာနေဆဲမို့ ထိုင်းဘက်ခြမ်း မယ့်ကိုကင်းကျေးရွာကို မနက်ကထိ ရောက်လာတဲ့ ဒုက္ခသည် ၆၀၀ ထက်မနည်းရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
"ဒုက္ခသည်ကကျတော့ မနေ့ကတည်းက စပြီး လာကြတာ မနေ့ကတည်းက ဖလူးဘက်ခြမ်းမှာ ဒီကေဘီအေနဲ့ စစ်ကောင်စီနဲ့ ဖြစ်တဲ့တိုက်ပွဲကြားမှာ ဒုက္ခသည်က မနေ့က ၄၀၀ လောက်ရှိတယ်။ ဒီနေ့မနက်ကတော့ update ရတာ ၆၀၀ ကျော်လောက်ရှိတယ်။ အခုချိန်မှာ ဒီထက်များလာတယ်။ အခုချိန်ထိလာနေတုန်းပဲ လက်နက်ကြီးသံတွေက အခုထိကြားနေတုန်းပဲ။ ရွာသားတွေကတော့ ထွက်ပြေးလာနေတုန်းပဲ။ ဒီဘက်ခြမ်းမှာ ကိုဗစ်ကလည်းဖြစ်နေတော့ ထိုင်းတာဝန်ရှိပုဂ္ဂိုလ်တွေက အတွင်းထဲကို ပေးမဝင်ဘူး။"
ဘာကြောင့်တိုက်ပွဲဖြစ်ရသလဲဆိုတဲ့ အခြေအနေကို မေးမြန်းဖို့ စစ်ကောင်စီဘက်ရော၊ ဒီကေဘီအေဘက်ကိုရော နှစ်ဘက်လုံးကို ဆက်သွယ်လို့ မရခဲ့ပါဘူး။
ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေးလေ့လာသူ ဦးအောင်စိုးကတော့ မနေ့က နှစ်ဘက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။
"မနေ့ကတော့ သူတို့ကားကိုစောင့်ချလိုက်တာပဲ။ စခန်းကိုလာတော့ စခန်းမရောက်ခင် ရွာအဝင်မှာ စောင့်ချလိုက်ကြတာပဲ။ ဒီကေဘီအေတင်မကဘူး၊ ၃ ဖွဲ့လောက်တော့ပါတယ်။ GZ တွေရယ်၊ GZ တွေ သူတို့က အတော်များတယ်၊ ၂၀၀ လောက်ပါတယ်။"
ဇွန်လ ၂ ရက် မနက် ၄ နာရီခွဲအချိန်လောက်က ကရင်ပြည်နယ် မြဝတီမြို့ နှင့် မိုင် ၅၀ ခန့်အကွာ မြဝတီခရိုင် ဝေါလေမြို့ ရဲစခန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက RPG လက်နက်ကြီးနဲ့ ပစ်ခတ်သလို ဝေါလေမြို့က စစ်မြေပြင်အင်ဂျင်နီယာ (GE)တပ် အခြေချ လုပ်ငန်းခွင်နေရာတွေမှာလည်း ပစ်ခတ်မှုတွေ၊ မီးရှို့မှုတွေရှိနေပြီး ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
မြန်မာဘက်လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက် ထိခိုက်ဒဏ်ရာရမှု ရှိ (voanews.com)

No comments:
Post a Comment