Tuesday, June 1, 2021

မြိတ်မြို့ သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

 မြိတ်မြို့ သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

မြိတ်မြို့က DVB သတင်းထောက်နဲ့ မဇ္ဈိမသတင်းထောက်တို့ကို ပုဒ်မ ၅၀၅ (က) နဲ့ စစ်အုပ်ချုပ်ရေးကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ သူတို့ နှစ်ဦးဟာ စစ်အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ဒုတိယမြောက် ထောင်ချအပြစ်ပေးခံရတဲ့ သတင်းသမားတွေ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူမှုတွေ လုပ်ရာမှာ တတ်ကြွလှုပ်ရှားသူတွေတင်မက သတင်းသမားတွေလည်း ပစ်မှတ်ထားခံရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကပဲ ပဲခူးတိုင်း၊ ပြည်မြို့မှာနေထိုင်တဲ့ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) သတင်းဌာန သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅ - ကနဲ့ ထောင်ဒဏ် သုံးနှစ်အပြစ်ပေးခံရပြီးနောက် ဒီကနေ့မှာ နောက်ထပ်သတင်းသမားနှစ်ဦးကို ထောင်ဒဏ်ပြစ်ဒဏ်ချလိုက်တာပါ။ သူတို့တွေကတော့ မြိတ်မြို့က DVB သတင်းထောက် ကိုအောင်ကျော် နဲ့ မဇ္ဈိမ သတင်းထောက် ကိုဇော်ဇော်တို့ဖြစ်ပါတယ်။

သူတို့ကို မြိတ် ထောင်တွင်း အထူးတရားစီရင်ရေးမှာပဲ ဒီကနေ့ အမိန့်ချမှတ်လိုက်တာလို့ သိရပါတယ်။ ဖမ်းဆီးအရေးယူခံရချိန်ကနေ ဒီကနေ့ အမိန့်ချတဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရဘဲ အမိန့်ချတဲ့ ခဏသာ ဖုန်းစကားပြောခွင့် ရခဲ့တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက် ကိုအောင်ကျော်ရဲ့ ဇနီးက ပြောပြပါတယ်။

"အခုထောင် ၂ နှစ်ချတဲ့အပေါ်မှာ သူက အယူခံ လုံးဝမဝင်ပါဘူးလို့ ညီမကို ပြောတယ်။ သူ့ဇနီး တယောက်အနေနဲ့ သူ့ဆန္ဒ၊ သူ့သဘောအတိုင်း ကျမ လိုက်နာတယ်။ သူအယူခံမဝင်ဘူးဆိုတော့ ကျမလည်း အယူခံမဝင်ဘူးပေါ့နော်။ သူဘာကြောင့် အယူခံမဝင်တာလဲဆိုတော့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိဘူး။ သတင်းမီဒီယာသမားတယောက်ကို ၅၀၅ က နဲ့ အကြမ်းဖက် ရိုက်နှက်ပြီးတော့ ထောင်ချတာက လုံးဝ တရားမျှတမှုရှိတဲ့ အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်။ မြန်မာနိုင်ငံမှာ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှုလည်းမရှိတဲ့အတွက် သူက မြန်မာနိုင်ငံမှာရှိတဲ့ တရားဥပဒေကို လုံးဝမယုံကြည်တော့ဘဲနဲ့ ဒီ အယူခံကိစ္စကိုလည်း သူဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ကာလမှာ အယူခံဝင်မယ်ဆိုရင်လည်း ထူးခြားလာမယ်လို့ မမျှော်လင့်ထားဘူးလို့ ပြောတယ်။"

စစ်အုပ်ချုပ်ရေး ကောင်စီက DVB သတင်းဌာနအပါအဝင် သတင်းဌာန ၅ ခု ပိတ်သိမ်းမခံရသေးခင် မတ်လ ၁ ရက်နေ့ ညပိုင်းက သတင်းထောက်ကိုအောင်ကျော်ကို သူ့နေအိမ်မှာ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ရာဘာချည် လောက်လေးခွတွေနဲ့ အိမ်ကို ပစ်ခတ်တာ၊ တံခါးမှန်တွေ ချိုးဖျက်ကာ အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးခဲ့တာကို မဖမ်းခင် ကိုအောင်ကျော်ကိုယ်တိုင် လူမှုကွန်ယက်ပေါ် တိုက်ရိုက်လွှင့်ထုတ်ခဲ့ပါတယ်။

ဖမ်းဆီးခံရစဉ်က ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ခံခဲ့ရပြီး အမှုရင်ဆိုင်ရာမှာလည်း ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် သူ့အမှုကို ရှေ့နေလိုက်ပေးမယ့်သူ မရှိခဲ့ပါဘူး။ သူကိုယ်တိုင် ခုခံချေပခဲ့ရတယ်လို့ သူ့ဇနီးကပြောပါတယ်။

ဖမ်းဆီးခံရပြီး ရက်အတော်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရပြီး နောက် ထောင်တွင်းတရားစီရင်ရေး အနေနဲ့ ၇ ကြိမ်မြောက် ရုံးချိန်းအပြီးမှာဘဲ အခုလို ထောင်ဒဏ် ၂ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မဇ္ဈိမ သတင်းထောက် ကိုဇော်ဇော် ကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းခံရအပြီး ၇ ကြိမ်မြောက် ရုံးချိန်းအပြီးမှာပဲ အခုလို ထောင်ဒဏ် ၂ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။

"စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ မှန်တာပြောတာ...သတင်းသမားက သတင်းရေးတာ။ သတင်းရေးတာကို သွေးထိုးလှုံဆော်တဲ့ပုဒ်မနဲ့ ဖမ်းတယ်။ ကျမယောကျာ်း သွေးထိုးတာ မဟုတ်ဘူးလေ။ သတင်းသမားက သတင်းလုပ်တာလေ။ မတရား ဖမ်းဆီးတာပေါ့။ စိတ်ထဲမှာ မကောင်းဘူး။ သူ့အတွက် ပိုစိတ်မကောင်းဖြစ်ရတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖရန်တီယာ သတင်းဌာနက နိုင်ငံခြားသား အယ်ဒီတာဒန်နီ ဖန်စတာကို အကြောင်းပြချက်မသိရဘဲ လုံခြုံရေးအာဏာပိုင်တွေက လေဆိပ်မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်းသမားတွေကို ပြစ်မှတ်ထား ဖမ်းဆီး အရေးယူခံနေရသလို အမှုရင်ဆိုင်ရာမှာလည်း သတင်းသမားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အခွင့်အရေးမျိုးတွေ ဥပဒေအရမရရှိခဲ့ဘူးလို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"အဓိက အခက်အခဲက တည်ဆဲဥပဒေက အကာအကွယ်ပေးထားပါလျက်နဲ့ အဲဒီဥပဒေပြဌာန်းချက်ကို သတင်းမီဒီယာသမားတွေက အကျိုး ခံစားခွင့်မရဘူး။ အဲဒီမရတာကိုလည်းပဲ သတင်းမီဒီယာသမားတွေကို အကာကွယ်ပေးရမယ့် သတင်းမီဒီယာကောင်စီကိုယ်တိုင်က အလေးအနက်ထားပြီးတော့ အကာအကွယ်မပေးနိုင်ဘူး။ ကျနော်တို့.... မီဒီယာသမားတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေရှေ့ရပ်တွေဘက်ကတော့ ပုဒ်မ ၅၀၅ က မြောက်၊ မမြောက်ဆိုတာပဲ သက်သေပြဖို့အတွက် အထောက်အထားတွေ ရှာဖွေရတာပေါ့။ အဲဒီအခါမှာ ပြည်တွင်းသတင်းဌာနကို တာဝန်ထမ်းဆောင်တဲ့ မီဒီယာသမားနဲ့ ပြည်ပသတင်းဌာနကြီးတွေမှာ တာဝန်ထမ်းဆောင်တဲ့ သတင်းမီဒီယာသမားတွေ မတူပြန်ဘူး။ အဲဒီမှာလည်းပဲ တူညီတဲ့ အခွင့်အရေးမရဘဲနဲ့ ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်။ နောက်သက်ဆိုင်တဲ့ ကာယကံရှင်မိသားစုတွေနဲ့ ဒီသတင်းထောက်တွေနဲ့ တွေ့ဆုံခွင့်မရတာတို့ ဒီအပိုင်းတွေ ကြုံတွေ့ရတယ်။"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ သတင်းယူနေစဉ် သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ သူတို့နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတာမှာ ဖေဖော်ဝါရီ ၁ ရက်က စလို့ ဒီနေ့အထိ တနိုင်ငံလုံးမှာ ဖမ်းဆီးခြင်းခံရတဲ့ သတင်းထောက် ၈၀ ထက် မနည်းရှိပါတယ်။

ဒီထဲက အယောက် ၃၀ ပြန်လည်လွတ်မြောက်လာပေမဲ့ အယောက် ၄၀ ကျော်ကတော့ တပ်မတော် အကြည်ညိုပျက်စေအောင် ပြောဆိုရေးသားမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ -က နဲ့ အမှုဖွင့်ကာ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေး စခန်းတွေမှာ စစ်မေးဖမ်းဆီး ခံထားရပါတယ်။

နောက်ထပ် အယောက် ၂၀ နီးပါးကတော့ ဥပဒေပုဒ်မ ၅၀၅ -က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ မဇ္ဈိမ၊ DVB စတဲ့ သတင်းလုပ်ငန်းကြီးတွေ အပါအဝင် လုပ်ငန်းလည်ပတ်ခွင့် ရပ်ဆိုင်းလိုက်တဲ့ သတင်းဌာနပေါင်းလည်း ၈ ခုရှိသွားပါပြီဖြစ်ပါတယ်။

မြိတ်မြို့ သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ် (voanews.com)

No comments:

Post a Comment