ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော NSPC နှင့် DKBA အဖွဲ့၊ KNU/KNLA (PC)အဖွဲ့တို့နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေး
NEWS
PUBLISHED 26 APRIL 2021 အောင်မင်းသိန်း
နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာနတွင် ဧပြီ ၂၆ ရက် က အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မ တီ(NSPC) နှင့် NCA ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) အဖွဲ့၊ ကရင်အမျိုးသားအစည်း အရုံး/ကရင်လက်နက်ကိုင်အဖွဲ့(ငြိမ်းချမ်းရေးကောင်စီ)- KNU/KNLA (PC)တို့ သီးခြားစီတွေ့ဆုံညှိနှိုင်း အစည်းအဝေး ပြု လုပ်ခဲ့သည်။
NSPC နှင့် DKBA တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး NSPC ဘက်မှဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်ပြီး DKBA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးတို့ ဦး ဆောင်တက်ရောက်ခဲ့ကြသည်။
အလားတူ NSPC နှင့် KNU/KNLS(PC) တို့ တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပြီး NSPC ဘက်မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်ပြီး KNU/KNLA(PC) ဘက်မှ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ် နော်ကဘော်ထူးတို့ ဦးဆောင် တက်ရောက်ခဲ့ ကြသည်။
'' အဓိကအားဖြင့်တော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်းနဲ့ လိုအပ်ချက်တွေအပေါ်မှာကျွန်တော်တို့ ကော်မတီအနေနဲ့ ဘယ်လို ညှိနှိုင်းဆောင်ရွက်ပေးရမလဲ။ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဒေသဖွံ့ဖြိုးအောင်၊ အဓိကအားဖြင့်တော့ အဲ့ဒီမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့စားဝတ်နေရေး အဆင်ပြေအောင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပညာရေးလုပ်ငန်းတွေ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ၊ ဒါတွေကို အဆင်ပြေချောမွေ့စေဖို့အတွက် ဒါကို ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်'' ဟု NSPC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန်အတွက် ဆွေးနွေးညှိနှိုင်းမှုဆောင်ရွက်ခြင်းများသည် အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားစည်းလုံးညီညွှတ်ရေးကို များစွာအထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်သွားမည် လုပ်ငန်းစဉ်များသည့် ပြောင်းလဲမှုမရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က '' လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဆောင်ရွက်ထားတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မယ်ဆိုပြီးတော့ NCA အခန်း(၁)မှာ ပါဝင်တဲ့ အခြေခံမူတွေအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိ အနေအထားကတော့ NCA အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီးတော့မှ တပ်မတော်အနေနဲ့ကတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်သွားမယ်။ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်နဲ့ ဒီမိုကရေစီကျင့်စဉ်အရ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာနိုင်ဖို့အတွက် ဦးတည်ပြီးတော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ယခုအစည်းအဝေးတွင် ဒေသတွင်းရှိ မည်သို့သော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မည်သို့ ကူညီဆောင်ရွက်ပေးရမည်၊ မည်သို့ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည် စသည့်အချက်များကို ပွင်းပွင်းလင်းလင်း ညှိနှိုင်းဆွေးနွေးသွားကြရန်လည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။
အစည်းအဝေးတွင် ဒေသတွင်း ဆောင်ရွက်ရန်လိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကိစ္စ၊ ပညာရေးအတွက် လိုအပ်လျက်ရှိသည့် အထောက်အကူပြု ပစ္စည်း လိုအပ်ချက်များကို KNU/KNLA(PC) အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်နော်ကဘော်ထူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး စသည့်လုပ်ငန်းများကို အတူတကွဆောင်ရွက်မည်ဟု Bilateral တွင် လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများ ရှိနေသော်လည်း မိမိတို့၏ ခံယူချက်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွင် အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောကြားသည်။
“ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားမယ့်ခရီးက အရေးကြီးတယ်။ ကျန်ခဲ့တဲ့ မနေ့က အနေအထားက ပြီးသွားပြီ။ ရှေ့ဆက်မယ့် အခြေအနေက ကျွန်တော်တို့အတွက် အရေးကြီးတယ်။ အဲ့တာကြောင့် ဒီငြိမ်းရေးဖြစ်စဉ် သွားမယ့် တောက်လျောက် တောက်လျောက်မှာ ကျွန်တော်တို့က ဒီလမ်းကြောင်း ပေါ်ကနေပြီးတော့ ဘယ်တော့မှ အောက်မဆင်းဘူး။ ကျန်တဲ့သူတွေလည်း လိုက်ပါလာဖို့လိုတယ်” ဟု ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောကြားသည်။
NSPC အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဖြစ်သည့်အတွက် အခြားသော ကျန်ရှိနေသည့် အဖွဲ့များလည်း လာရောက်နိုင်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အမြန်ဆုံး အတူတကွ ဆောင်ရွက်နိုင်ပါစေကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောကြားသည်။
https://news-eleven.com/article/207320
No comments:
Post a Comment