ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ ဂျာကာတာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Nikkei Asia သတင်းတစ်ရပ်၌ဖော်ပြ
NEWS
ပုံစာ - ၂၀၁၈ ခုနှစ် ဇူလှိုင် ၁၂ ရက်က နေပြည်တာ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂါနာတို့ တွေ့ဆုံစဉ်
ပုံစာ - ၂၀၁၈ ခုနှစ် ဇူလှိုင် ၁၂ ရက်က နေပြည်တာ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂါနာတို့ တွေ့ဆုံစဉ်
PUBLISHED 26 APRIL 2021 REF: NIKKEI ASIA
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂါနာနှင့် ဧပြီ ၂၄ ရက်က ဂျာကာတာတွင် ပြုလုပ်သည့် မြန်မာ့အရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သီးသန့်တွေ့ဆုံခဲ့ကြောင်း အာဆီယံဒေသတွင်း သံတမန်များက ပြောကြားသည်။
ကုလအထူးကိုယ်စားလှယ်နှင့် ဆွေးနွေးမှုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နှစ် နိုဝင်ဘာတွင်ပြုလုပ်သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး ကုလအထူးကိုယ်စားလှယ်က ၎င်းအားမြန်မာနိုင်ငံလာရောက်ခွင့်ပြုရန် မေတ္တာရပ်ခံခဲ့သည်ဟုသိရသည်။
သို့ရာတွင် တပ်မတော်ဘက်က ၎င်းကိုလာရောက်ခွင့်ပြု မပြုနှင့်ပတ်သက်ပြီး ချက်ခြင်း ပြန်ဖြေခဲ့ခြင်းမျိုးမရှိကြောင်း အာဆီယံသတင်းရင်းမြစ်များက ပြောကြားသည်။
မစ္စစ်ဘာဂါနာသည် ဂျာကာတာတွင်ရှိနေစဉ်အတွင်း စင်ကာပူ ၊ အင်ဒိုနီးရှား ၊ မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း သီးသန့်တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။
ထို့ပြင် မစ္စစ်ဘာဂါနာသည် လာမည့်ရက်ပိုင်းအတွင်း အရှေ့တောင်အာရှတွင် ဆက်လက်ရှိနေပြီး ဆွေးနွေးမှုများပြုလုပ်မည်ဟုယူဆရပြီး ခရစ္စတင်းဘာဂါနာအနေဖြင့် မြန်မာနိုင်ငံကိုလာရောက်ရန်အသင့်ဖြစ်နေသည်မှာ သီတင်းပတ်နှင့်ချီရှိနေပြီဖြစ်ပြီး ဧပြီ ၉ ရက်က ၎င်းအခြေစိုက်ရာဖြစ်သည့် ဆွစ်ဇာလန်မှ ဘန်ကောက်ကိုရောက်ရှိလာပြီးနောက် ၎င်းကိုလက်ခံဖို့အသင့်မဖြစ်သေးကြောင်း တပ်မတော်ဘက်ကအကြောင်းပြန်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ၎င်းဘက်ကမူညှိနှိုင်းရန်အသင့်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုသည် ရေရှည်ငြိမ်းချမ်းသည့် အဖြေကိုမရစေနိုင်ကြောင်း တွစ်တာတွင်ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံအတွက်ခန့်အပ်မည့် အာဆီယံအထူးကိုယ်စားလှယ်နေရာအတွက် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့်ဘရူနိုင်းနိုင်ငံက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Hassan Wirajuda (ဟက်ဆန် ဝီရာဂျူဒါ) ကို အဆိုပြုရန် စဉ်းစားထားကြောင်း သတင်းများထွက်ပေါ်နေသည်။
မစ္စတာ ဝီရာဂျူဒါသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယင်းအဆိုပြုချက်အတွက် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်း အကြောင်းကြားပြီးပြီဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများက လက်ခံ မခံမသိရသေးဘဲ စင်ကာပူနှင့် ထိုင်းဘက်က အဆိုပြုခံရသူများလည်း ရှိထားသည်ဟု သိရသည်။
ဧပြီ ၂၄ ရက်က အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ငါးချက်အရ အာဆီယံအထူးကိုယ်စားလှယ်ဟာ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi (လင်ဂျော့ဟွိုင်) ၏ အကူအညီဖြင့် မြန်မာနိုင်ငံကညှိနှိုင်းဆွေးနွေးရေးလုပ်ငန်းစဉ်တွင် ကြားဝင်စေ့စပ်ပေးရန်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်မလာမီ မစ္စတာဝီရာဂျူဒါသည် အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တည်ထောင်ရာတွင် အခရာကျခဲ့ဖြစ်ပြီး ဖိလစ်ပိုင်အစိုးရနှင့်MLF ခွဲထွက်ရေးအဖွဲ့တို့ကြားတွင်လည်းကောင်း၊ အင်ဒိုနီးရှားအစိုးရနှင့် အာချေးဒေသလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့တို့ကြားတွင်လည်းကောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။
https://news-eleven.com/article/207325
No comments:
Post a Comment