မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်များ အထူးအစည်းအဝေးကို ကြိုဆိုကြောင်း သြစတြေးလျ ကြေညာချက် ထုတ်ပြန်
NEWS
PUBLISHED 26 APRIL 2021
ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်များ အထူးအစည်းအဝေး ကျင်းပမှုနှင့် မြန်မာ့အရေး ဆွေးနွေးမှုများကို ကြိုဆိုကြောင်း သြစတြေးလျနိုင်ငံက ဧပြီ ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူပြီးနောက်ပိုင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ အကြမ်းဖက်မှုကို ရှောင်ကြဉ်ရန်နှင့် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပြီး စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် သြစတြေးလျအစိုးရက အစဉ်တစိုက် တောင်းဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သားများအပေါ် သေဆုံးစေသည့်အထိ အင်အားအသုံးပြုမှုများကို သြစတြေးလျနိုင်ငံက ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံတွင် အခြေအနေများ ပိုဆိုးရွားလာမှုမှတစ်ဆင့် ဒေသတွင်း တည်ငြိမ်မှုကို ဂယက်ရိုက်ခတ်လာမည်ကိုလည်း စိုးရိမ်နေဆဲ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ခက်ခဲသည့် အခြေအနေများကြားတွင် မြန်မာ့အရေးကို ဒေသတွင်းနိုင်ငံများနှင့်အတူတကွ ဆွေးနွေး အဖြေရှာခဲ့သည့် အစည်းအဝေးဖြစ်မြောက်မှုအတွက် အာဆီယံခေါင်းဆောင်များနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့၏ ဦးဆောင်မှုကိုလည်း သြစတြေးနိုင်ငံက ချီးကျူးခဲ့သည်။
ထို့အပြင် ယင်းအထူးအစည်းအဝေးအတွင်း ရရှိခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်ကို ကြိုဆိုကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
အာဆီယံ၏ ပထမဆုံး ဆွေးနွေးဖက်ဖြစ်သည့် သြစတြေးလျသည် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘောဆောင်သော ထောက်ခံအားပေးမှုများပေါ်ရန် အလေးအနက်ကတိကဝတ်ပြုကြောင်းနှင့် အစည်းအဝေးအတွင်းရရှိခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန်လည်း သြစတြေးလျက တိုက်တွန်းထားသည်။
အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ရရှိလာသည့်ဘုံသဘောတူညီချက် ငါးချက်ကို ထောက်ခံတဲ့အနေဖြင့် သြစတြေးလျသည် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီများပေးရန် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဌာနကို သြစတြေးလျကဒေါ်လာငါးသန်း ပေးအပ် သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
သြစတြေးလျသည် အထူးသဖြင့် အာဆီယံအပါအဝင် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် အနီးကပ် လက်တွဲလုပ်ဆောင်ပြီး မြန်မာနိုင်ငံတွင် ပဋိပက္ခများ လျှော့ချရေးနှင့် ပြဿနာများ ချုပ်ငြိမ်းပြေလည်ရေးကို ဦးတည်သော ဒေသတွင်း နိုင်ငံများ၏ ကြိုးပမ်းမှုများကို အားပေးထောက်ခံမည်ဟုလည်း ဆိုသည်။
ဒဏ်ခတ်အရေးယူမှု နည်းလမ်းများ အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး သြစတြေးလျ အစိုးရ၏မူဝါဒ ချမှတ်မှုများကိုလည်း မြန်မာပြည်သူများ၏အကျိုးကိုရှေးရှုပြီး လေ့လာသုံးသပ်မှုများ ဆက်လက် လုပ်ဆောင်မည်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
https://news-eleven.com/article/207318
No comments:
Post a Comment