အင်ဒိုနီးရှားတွင် အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံဒေသတွင်း ခေါင်းဆောင်များတွေ့ဆုံ
NEWS
Photo:AP
Photo:AP
PUBLISHED 24 APRIL 2021 REF:AP
ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အရေးပေါ် ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံဒေသတွင်း ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး ရာနှင့်ချီသော ဆန္ဒပြသူများကို သေဆုံးစေခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ လုပ်ဆောင်ချက်များကို အဆုံးသတ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် ဒေသတွင်းခေါင်းဆောင်များက တောင်းဆိုဖွယ်ရှိကြောင်း AP သတင်းဌာနက ဖော်ပြသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ ခြောက်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးသုံးဦးတို့သည် နှစ်နာရီကြာ ဆွေးနွေးပွဲအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် လတ်တလောရလဒ် ထွက်ပေါ်လာရန် မျှော်လင့်ချက်အနည်းငယ်သာ ရှိသည်။ သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို မျက်နှာချင်းဆိုင်တွေ့ဆုံရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်သည် ၎င်းနှင့်တိုက်ရိုက် ဆွေးနွေးရန်အတွက် အာဆီယံ ၁၀ နိုင်ငံအတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ရပ်ရရှိခြင်း ဖြစ်သည်။
“ဖြစ်ပေါ်လာတဲ့ ကံဆိုးမိုးမှောင်ကျမှုမှာ မြန်မာနိုင်ငံ၊ အာဆီယံနဲ့ ဒေသတွင်းအတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှနန်က ဆွေးနွေးပွဲအကြိုနေ့တွင် ပြောကြားခဲ့သည်။
အကြိုတွေ့ဆုံမှုများ၌ ဆွေးနွေးခဲ့သည့် အဆိုပြုချက်တစ်ရပ်တွင် လက်ရှိအာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ဘရူနိုင်းဝန်ကြီးချုပ် ဟက်ဆန်နယ်ဘိုကီယာအနေဖြင့် တပ်မတော်ခေါင်းဆောင်ပိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏အဖွဲ့တို့ အပြန်အလှန်ဆွေးနွေးမှုဖြစ်ပေါ်ရေး တွန်းအားပေးရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်တွေ့ဆုံရေး ပါဝင်နေသည်။
ယင်းအဆိုပြုချက်တွင် မြန်မာနိုင်ငံက သဘောတူမည်ဆိုပါက ဘရူနိုင်းဝန်ကြီးချုပ်နှင့်အတူ အာဆီယံအထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် ဘရူနိုင်းနိုင်ငံမှပင်ဖြစ်သော လင်ဂျော့ဟွိုင်လည်း လိုက်ပါမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အာဆီယံသံတမန်တစ်ဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
အခြေအနေများ တိုးတက်မှုရှိပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ပေးအပ်သွားဖွယ်ရှိသည်ဟု အခြားသံတမန်တစ်ဦးက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက “ဒီလိုကွဲရှလွယ်တဲ့အနေအထားကနေ ရုန်းထွက်ရေးမှာ မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ဖို့ နောက်ထပ်ခြေလှမ်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်တစ်ရပ် ရရှိနိုင်ပါတယ်” ဟု သူ၏မျှော်လင့်ချက်ကို ပြောကြားခဲ့သည်။
ဘရူနိုင်းမှတစ်ဆင့် အာဆီယံအနေဖြင့် အဆိုပြုချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် အာဏာထိန်းသိမ်းမှုနှင့်ပတ်သက်၍ အပြစ်တင်ဖွယ်မရှိဘဲ အပြန်အလှန်ဆွေးနွေးရေး၊ ရင်ကြားစေ့ရေးနှင့် မြန်မာပြည်သူတို့၏ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးတို့ကို လုပ်ဆောင်ရန် တောင်းဆိုထားသည်။ အနောက်နိုင်ငံများက ဖိအားပေးနေသော်လည်း ဒေသတွင်း အဖွဲ့အစည်းအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ပိုမိုအားကောင်းသော အနေအထားတစ်ရပ်ကို ရယူနိုင်ရန် ရုန်းကန်နေရလျက်က ၎င်းတို့အဖွဲ့၏ ထိပ်တိုက်မတွေ့ရေး ချဉ်းကပ်ပုံကို ထိန်းသိမ်းထားဆဲဖြစ်သည်။
အာဆီယံနိုင်ငံများအားလုံးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြသော်လည်း သူ့အား ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အကြီးအကဲအဖြစ် မိန့်ခွန်းပြောစေမည်မဟုတ်ဟု အာဆီယံသံတမန်များက ပြောကြားခဲ့သည်။
ယခုကဲ့သို့ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲပြုလုပ်ခြင်းသည် တစ်နှစ်ကျော်အတွင်း အာဆီယံခေါင်းဆောင်များအတွက် ပထမဆုံးအကြိမ်လည်းဖြစ်သည်။
သူ၏အဖွဲ့ဝင်အများအပြားအနေဖြင့် တရုတ် သို့မဟုတ် အမေရိကန်နိုင်ငံတို့ဖြင့် မတူကွဲပြားစွာ ဆက်ဆံခြင်းအပါအဝင် မတူကွဲပြားပိုင်ခွင့်၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် အခြေခံမူနှင့် အများသဘောတူညီမှုဖြင့် ဆုံးဖြတ်ခြင်း တို့ကြောင့် အာဆီယံအနေဖြင့် အကျပ်အတည်းများကို လျင်မြန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိခဲ့သည်။
အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံအပြင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်သည်။
https://news-eleven.com/article/207221
No comments:
Post a Comment