Friday, April 23, 2021

မြန်မာနိုင်ငံသို့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ လာရောက်မှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကန့်ကွက်ဟု စင်ကာပူ ဝန်ကြီးချုပ် ပြောကြား

 မြန်မာနိုင်ငံသို့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ လာရောက်မှုကို  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကန့်ကွက်ဟု စင်ကာပူ ဝန်ကြီးချုပ် ပြောကြား

NEWS


PUBLISHED 24 APRIL 2021 REF: CNA

လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုဝိုင်းဝန်းဖြေရှင်းပေးရန် အာဆီယံကိုယ်စားလှယ်အဖွဲ့လာရောက်မည်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကန့်ကွက်ကြောင်း ဧပြီ ၂၄ ရက်တွင်  ဂျာကာတာ၌ ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် ပြောဆိုကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကပြောကြားသည်။ 


အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ၌ ၄င်းတို့မြင်စေချင်သည့် အချက် ခြောက်ချက်ကို ထုတ်ဖော် ပြောဆိုခဲ့ပြီး ယင်းအချက်များထဲတွင် အာဆီယံကိုယ်စားလှယ်အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုရန်၊ လက်နက်မဲ့ အရပ်သားများအပေါ် အင်အားသုံး နှိမ်နင်းမှုကို ရပ်ဆိုင်းရန် ၊ နိုင်ငံရေးအရဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့်  အာဆီယံကဦးဆောင်သည့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ခွင့်ပြုပေးရန် အချက်များ ပါဝင်သည်။


ယင်းတောင်းဆိုချက်အပြီးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံကိုယ်စားလှယ်အဖွဲဲ့လာရောက်မှု သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးမှုကို ၄င်းအနေဖြင့်မကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု အစည်းအဝေးအပြီးတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သတင်းထောက်များကိုပြောကြားသည်။ 


အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ အခြေအနေများနှင့် ပတ်သက်၍ မည်သည့်အရာများက ယခု အခြေအနေကို တွန်းပို့ခဲ့သည်ကို ရှင်းလင်း ပြောဆိုခဲ့သည်ဟု လီရှန်လွန်းက ပြောကြားသည်။


ထို့ပြင် လက်နက်မဲ့ အရပ်သားများအပေါ် သေစေလောက်သည်အထိ အင်အားအသုံးပြုခြင်းကို ရပ်တန့်ရန်၊  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်မြင့် အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရန် အစည်းအဝေးအတွင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက  ထပ်မံ တိုက်တွန်းခဲ့သည်။


“အဲဒီလို လုပ်ဆောင်မှုတွေဟာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ အဓိက ပါဝင်ပတ်သက်နေသူတွေအကြား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တည်ငြိမ်မှုကို ပြန်လည်ဖော်ဆောင်နိုင်ရေး မျှော်မှန်းချက်နဲ့ အပြုသဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်ဖို့ ပထမခြေလှမ်း ဖြစ်တယ်” ဟု စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကပြောကြားသည်။


  မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေမည့် အဖြေရှာမှု မှန်သမျှတွင်  တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီပါ ပါဝင်ရမည် ဖြစ်ကြောင်း  ဝန်ကြီးချုပ် လီ က ဆက်လက်ပြောကြားသည်။


မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သည် အဓိကကျသော အဖွဲ့အစည်းတစ်ခုအဖြစ် အမြဲတစေ ရပ်တည်ခဲ့သကဲ့သို့ NLD ပါတီ သည်လည်း လူထုထောက်ခံမှုကို အခိုင်အမာ ရရှိထားသည်ဟု ၎င်းကဆိုသည်။ 


ဆွေးနွေးအဖြေရှာမှုများ လွယ်ကူအဆင်ပြေရန်  ကူညီပံ့ပိုးနိုင်ရေး အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပြုသင့် ကြောင်း လည်း ၎င်းက တိုက်တွန်းခဲ့သည်။


ယခု အရေးကိစ္စသည် မြန်မာပြည်သူများ ဖြေရှင်းရမည့် ပြဿနာဖြစ်ခြင်းကြောင့် ပို၍ ရေရှည်ဖြစ်မည့် စီမံကိန်းသည် မြန်မာနိုင်ငံအပေါ်တွင်သာ တည်မှီကြောင်း စင်ကာပူ ဝန်ကြီးချုပ်က ဆိုသည်။


“အာဆီယံ အဖွဲ့ကြီးဟာ အနောက်နိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံနဲ့ ပိုမိုရင်းနှီးမှုရှိပြီး ၎င်းတို့ အခက်အခဲတွေနဲ့ ဖိအားတွေကို ပိုပြီးနားလည်သဘောပေါက်ကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက ဝန်ခံပြောဆိုခဲ့ပေမယ့် ဘယ်လိုပဲ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိစေကာမူ ပြည်ပနိုင်ငံ တစ်နိုင်ငံက ၎င်းတို့ကိုယ်စား ပြဿနာကို ဖြေရှင်းပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ သူတို့အတွက် ဆုမွန်ကောင်း တောင်းပေးပါကြောင်းနဲ့ အကူအညီ ဖြစ်စေနိုင်မယ့် တစ်ထောင့်တစ်နေရာကနေ ပါဝင်သွားမယ်” ဟု စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက  ပြောကြားသည်။


အာဆီယံ အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို     ဂရုမပြု၍ မရနိုင်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အာဆီယံ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်နေပြီး အာဆီယံ၏ လုပ်ငန်းစဉ်နှင့် ပြင်ပ မိတ်ဖက်နိုင်ငံများ၏  ပူးပေါင်းဆောင်ရွက်မှုများကို ဆကလက်  လုပ်ဆောင်ရမည်ဟု ၎င်းက ဆိုသည်။ 


“နှုတ်ဆိတ်နေတာနဲ့ ဘာတုံ့ပြန်မှုမှ မလုပ်တာဟာ အာဆီယံရဲ့ အခရာကျမှု၊ အများယုံကြည် လက်ခံမှုနဲ့ ပတ်သက်ဆက်နွှယ်မှုကို ထိခိုက်စေနိုင်တယ်” ဟု  ဝန်ကြီးချုပ် လီ က ပြောကြားခဲ့သည်။

https://news-eleven.com/article/207237

No comments:

Post a Comment