Friday, April 23, 2021

ဘုရားသုံးဆူမြို့ ဆိုင်ကယ်သပိတ် စစ်ကောင်စီတပ်မှ ကားဖြင့်လိုက်တိုက်၍ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိ

 ဘုရားသုံးဆူမြို့ ဆိုင်ကယ်သပိတ် စစ်ကောင်စီတပ်မှ ကားဖြင့်လိုက်တိုက်၍ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိ

April 24, 2021 165


ဆိုင်ကယ်သပိတ်ကို လိုက်တိုက်သည့် စစ်ကောင်စီတပ်ကားကို တွေ့မြင်ရစဉ်။

ဧပြီ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် ယနေ့ (ဧပြီ ၂၄ ) ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့မှ ကားဖြင့် လိုက်တိုက်ရာ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိပြီး လူငယ်အချို့ဖမ်းဆီးခံရသည်ဟု သိရသည်။


ယနေ့ နေ့လည် ၁၀နာရီခွဲဝန်းကျင်တွင် ဘုရားသုံးဆူ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီမှ အရပ်သားစီးကားဖြင့် လိုက်တိုက်သည့်အတွက် အမျိုးသမီးတစ်ဦးမှာ ဆိုးရွားစွာထိခိုက်ဒဏ်ရာရရှိပြီး ကျန်အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။


မြို့ခံ မျက်မြင်သက်သေတစ်ဦးက “သူတို့က ဆိုင်ကယ်ကို ကားနဲ့လိုက်တိုက်တယ်။ တစ်ယောက်က ကားအောက်ဝင်သွားတယ်။ မျက်နှာတွေစုတ်ပြတ်သွားတယ်။ ရစရာကိုမရှိတော့ဘူး။ သူတို့က ခေါင်းတွေဘာတွေလည်း ရိုက်ထားတယ်။ ဆေးရုံကိုခေါ်သွားလည်း ဆရာဝန်က မကုပေးဘူး။ လက်လွန်နေပြီးလို့ ပြောတယ်။ ကျန်တဲ့သူကို ရဲစခန်းကိုခေါ်သွားတယ်။ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ပါတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။


အဆိုပါ ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီးကို ဘုရားသုံးဆူ ဆေးရုံတွင် ဆေးကုသခွင့်ရယူသော်လည်းရရှိသည့်ဒဏ်ရာနှင့် ရိုက်နှက်ထားသည့် ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် ဆရာဝန်မှ ဆေးကုသပေးရန်ငြင်းဆန်ထားသည့်အတွက် လက်ရှိတွင် နေအိမ်သို့ပြန်လည် ခေါ်ဆောင်ထားသည်ဟု သိရသည်။


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ပိတ်ပင်တားဆီးမှု အမျိုးမျိုးကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပုံမှန်ချီတက်နေဆဲဖြစ်ပြီး လက်ရှိ ဘုရားသုံးဆူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသူ ၁၀ ဦးကျော်ရှိပြီဟု သိရသည်။

http://kicnews.org/2021/04/%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%b0%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%80/

No comments:

Post a Comment