စစ်ဘေးရှောင်များ ပြန်မောင်းထုတ်မှုကို ကရင် CBO များ ပြစ်တင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များကို လက်မခံပဲ ပြန်မောင်းထုတ် နေခြင်းသည် နိုင်ငံတကာ ဥပဒေကို ထိုင်းအစိုးရမှ ချိုးဖောက်ရာရောက်သည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်း အချို့က ပြောဆိုလိုက်သည်။
ယခုရက်ပိုင်းတွင် KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် ထိုင်းဖက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရဖက်မှ လက်မခံပဲ ပြန်လည်မောင်းထုတ်နေသည့်အပေါ် ကရင်အရပ်ဖက်အဖွဲ့အစည်းအချို့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကရင်အမျိုးသမီးအစည်းအရုံး KWO အထွေထွေ အတွင်းရေးမှူး နော်ကညောဖောက “အမှားလုပ်နေတဲ့သူတွေ ကို သူတို့ပံ့ပိုးကူညီနေတဲ့အတွက် War Crime လို့ပြောလို့ရတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသူ တွေကို လက်မခံခြင်းက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်။ အဲဒါကြောင့် ထိုင်းကလည်း ဗမာတွေနဲ့အတူတူပဲ သူတို့ဗမာတွေကို ကူညီနေတဲ့အတွက် သူတို့က အမှားတွေကို လုပ်နေတဲ့သူတွေ ဖြစ်တယ်။ အဲဒါ International Crime ပဲလေ အမှားလုပ်တဲ့အတွက် ထွက်ပြေးလာတဲ့သူတွေကို အတင်းပြန်ခိုင်းတယ်။ အသက်ဘေးကနေ ထွက်ပြေးလာတဲ့သူတွေကို အတင်းပြန်ခိုင်းတာဟာ နိုင်ငံတကာ ဥပဒေစည်း မျဉ်းစည်းကမ်း တွေကို ချိုးဖောက်ပြီးတော့ အမှားလုပ်နေတာဖြစ်တယ်” ဟု ပြောသည်။
မတ်လ ၂၉ ရက်နေ့ (ယမန်နေ့) က သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးရောက်ရှိလာသည့် စစ် ဘေး ဒုက္ခသည်များကို ထိုင်းအစိုးရဖက်မှ ပြန်လည်ပို့ဆောင်ခံရသည့် ဖြစ်စဉ်ရှိ ခဲ့သကဲ့သို့ မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း စစ်ဘေးရှောင်များကို လက်မခံပဲ မြန်မာဖက်ကမ်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။
ယမန်နေ့ နှင့် ယနေ့တွင် မြန်မာဖက်ခြမ်းမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၂၄၀၀ ကျော် ကို ထိုင်းအစိုးရဖက်က လက်မခံပဲ နေရပ် ပြန်ခိုင်းခဲ့သည် ဟု ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်များကို ထိုင်းဖက်က ပြန်လည်ပို့ဆောင်ခဲ့သော်လည်း စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့ နေထိုင်ရာ နေရပ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက လေယာဉ်များဖြင့် လာ ရောက် ပစ်ခတ်နေသည့်အပေါ် စိုးရိမ်သည့်အတွက် တောတောင်များထဲတွင် နေထိုင်နေရသည်ဟု ဆိုသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါက “သူတို့ပြန်တာကတော့ အီးသူးထ IDP Camp ကိုပဲ ဟိုဖက်ကမ်း ဒီဖက်ကမ်းပဲဆိုတော့ သူတို့သွားနေတဲ့ နေရာပဲ ပြန်ရတာပေါ့။ ဒါပေ မယ့် ဘယ်လိုမှ နေလို့မရတော့ မောင်းထုတ်ခံရတော့ သူတို့ ပြန်ရတာပေါ့။ ဒါပေမယ့် သူတို့ အနေနဲ့ ကတော့ တ ကယ့် ငရဲရောက်နေသလို ဖြစ်သွားတာပေါ့။ နေလို့မရတဲ့နေရာမှာ ပြန်နေရတယ်။ ကိုယ့်အသက်ကို ဖက်နဲ့ထုပ် ထားရတဲ့ အနေအထားမျိုးပေါ့နော်” ဟု ပြောသည်။
နော်ကညောဖောကလည်း “ဒီနေ့ ပြန်မောင်းထုတ်တာတော့ အပြတ်အသတ်ပဲ အီသူးထကို ပြန်သွားတဲ့သူ တွေက ရွာထဲမှာ မနေရဲတော့ အဲဒီအနီးအနားမှာရှိတဲ့ တောတွေတောင်တွေထဲမှာ နေနေကြတယ်။ ရွာသားတွေက သူတို့ ကို လေယာဉ်နဲ့ လာပစ်မှာ ကြောက်လို့ အတင်းမောင်းထုတ်တော့ ပြန်ရတာပဲလေ။ ကျမတို့အမြင်တော့ ထိုင်းက ဗမာနဲ့အတူတူပဲ ထိုင်းဖက်က ဘယ်လိုပြောသလဲဆိုတော့ အီသူးထရွာဆိုတာ ပြည်သူတွေပဲနေတဲ့ နေရာ ဖြစ်တဲ့ အတွက် စစ်တပ်က လေယာဉ်နဲ့ ပြည်သူတွေကို လာမပစ်ဘူးဆိုပြီးတော့ သူတို့က ထွက်ပြေးလာတဲ့သူတွေကို ပြန်ခိုင်းတယ်” ဟု ပြောသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေးသူ ငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ဆို သည်။
ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ၊ မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှာ သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေးရွာများ ဖြစ်သည့်အတွက် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။
ထို့အပြင် တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ စသည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူများ သည်လည်း တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
မတ်လ ၂၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ အရေး ပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်မာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
http://www.nmg-news.com/2021/03/30/13389
No comments:
Post a Comment