လေယာဉ်ဖြင့် တိုက်ခိုက်မှု ၇ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။
ကရင်ဒေသအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ ၏ လက်နက်ကိုင်တပ်များက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အတွက် ဒေသခံ ၉ ဦးထိမှန်ကာ ၇ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ်အတွင်း သို့ စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆောထိ(ရွှေကျင်)မြို့နယ် ကရင်လူမှုရေးရာ အဖွဲ့ တာဝန်ရှိသူ စောအယ်စတား က ပြောသည်။
၎င်းက “ကျနော်တို့ ဆောထိမြို့နယ်ပေါ့နော် ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ကျနော်တို့ နယ်နမချောင်းဖျား ကိုမိုး အောင်ရဲ့ ကုမ္ပဏီပေါ့နော် သတ္တုတွင်းတူးဖော်တဲ့ ကုမ္ပဏီပေါ့ ရွှေသတ္တုပေါ့နော် ရွှေသတ္တုတူးဖော်တဲ့ နေရာမှာ အဲမှာ သူကကြဲချတဲ့အခါကျတော့ အဲဒီမှာ ကျနော်တို့ ၉ ဦးထိတဲ့အနက်မှာ ကျနော်တို့ ၇ ဦး က သေဆုံးသွားပြီ ပေါ့နော။ ကျန်တဲ့ဒဏ်ရာရတဲ့ ၂ ယောက်ကတော့ တစ်ယောက်က တော်တော် အခြေအနေဆိုးတယ်” ဟု ပြော သည်။
စစ်ကောင်စီ တပ် မှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် နေရာသည် မဲကဒိဒေသတွင် ဖြစ်ပွားခဲ့ပြီး ဆောထိ (ရွှေကျင်)နှင့် မူတြော်(ဖာပွန်) တို့ နယ်စပ်ချင်းထိစပ်သည့် နေရာတွင်ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြော သည်။
“ကျနော်တို့ မဲကဒိဒေသ မဲကဒိဒေသရဲ့ အပေါ်ဖက်မှာ ကုမ္ပဏီတစ်ခုရှိတယ်။ ဦးမိုးအောင်ကုမ္ပဏီမှာရှိတဲ့ ရွှေစက် လမ်းပေါ့ဗျာ။ အဲဒါကို သူတို့က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ကျနော်တို့ ၇ ယောက်ထိသွားတယ်။ သေသွား တယ်။ ကျသွားတယ်ပေါ့။ ကျနော်တို့ ရွှေကျင်မြို့နယ်နဲ့ ဖာပွန်မြို့နယ်ကြားပေါ့ နယ်စပ်ပေါ့ ရွှေကျင်နဲ့ ဖာပွန် ထိစပ်တဲ့ နယ်မြေပေါ့ဗျာ။”
ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းရှိ ထီးဖဒိုရွာကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ မတ်လ ၃၀ ရက်နေ့ ညနေ ၃း၀၀ နာရီခန့် အချိန်တွင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း၊ လာရောက်ဗုံးကြဲပစ်မှုတွင် ထီးဖဒိုရွာမှ ပြည်သူ ၆ ဦးကိုထိမှန်သေဆုံးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထို့အပြင် ကေအဲန်ယူ – မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းရှိ မဲဝိုင်ဒေသကိုလည်း ယနေ့မှာပင် လေယာဉ် ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့သည်ဟု KNU က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ တပ်ဖွဲ့ ဝင်များ က စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းယူပြီး နောက်ပိုင်းတွင် နှစ်ဖက် ကြား စစ်ရေးတင်မာမှုများ မြင့်တက်ခဲ့ပြီး တိုက်ပွဲများမှာ နေ့တိုင်းနီးပါး ဖြစ်ပွားနေသည် ဟု ဆိုသည်။
မတ်လ ၂၇ နှင့် ၂၈ ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်မဟာ ၅ ဧရိယာအတွင်းသို့ လေ ယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ သည့်အပြင် လူနေအိမ်များလည်း မီးလောင်ပျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အခြေအနေများသည် လက်ရှိတွင် KNU တပ်မဟာ ၃ ဖက်တွင်ပါ ဖြစ်ပွားလာသည့်အတွက် ဒေသခံများ ၏ လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူ မှုရေးရာ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။
စောစိပတြော်က “အခုက လူမှုဘဝလုံခြုံမှုဆိုတာ ပြည်မမှာ မကပဲ ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာပဲ လူ မှုဘဝလုံခြုံမှုဆိုတာ ဘာမှမရှိတော့ဘူးပေါ့။ ဒီလိုမျိုး ဟိုအပေါ်ကနေပြီးတော့ လေယာဉ်နဲ့ လာပစ်ကြတယ်။ အခုကျနော်တို့ မြေပြန့်က ပြည်သူတွေလည်း အဲလိုပဲ ညဖက်ဆိုကြောက်နေရတယ်။ ဟိုဖက်တောင်ပေါ်ဒေသ လည်း အကုန်လုံးသူတို့ ညဖက်ဆိုကျင်းတွေ တူးပြီးတော့ အဲလိုမျိုး နေနေရတဲ့ အနေအထား ကျနော်တို့ မြေ ပြန့်ဒေသမှာလည်း အဲလိုမျိုးပဲ နားအမြဲတမ်းစွင့်ထားရတယ်။ အခြေအနေ နေ့တိုင်း ၂၇ ရက်နေ့နောက်ပိုင်း မှာ တောက်လျှောက်ဖြစ်နေတာ ကျနော်တို့ ဒီဖက် ကျောက်ကြီးဖက်မှာလည်း ပစ်ခတ်မှုတွေ လက်နက်ကြီးထုတာ တွေ ညတုန်းကလည်း ဖြစ်တယ် နေ့တိုင်းပါပဲ အဲလိုဖြစ်တဲ့အပေါ်မှာ အခုဒီနေ့ကတော့ နည်းနည်းတော့ ပိုပြီး တော့ အခြေအနေ ဆိုးရွားတာပေါ့။ ဒီ ကျနော်တို့ တပ်မဟာ ၃ ဖက်မှာ။”
စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြား ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် KNU တပ်မဟာ အသီးသီးမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် ရေနှင့် အစားအသောက်များပါသာမက အဖက်ဖက်မှ လိုအပ်မှု များရှိနေ သည်ဟု ကရင်လူမှုအသင်းအဖွဲ့များက ပြောသည်။
http://www.nmg-news.com/2021/03/30/13386
No comments:
Post a Comment