မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့နေသူတွေအပေါ် စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတဲ့အတွက် ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ သေဆုံးရတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA၊ ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ တအာင်းလက်နက်ကိုင် TNLA တို့က အကြမ်းဖက် ပစ်သတ်နေတာတွေကို မရပ်ရင် နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘဝတူညီနောင်တွေဘက်က မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် ရပ်တည်သွားမယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေတာတွေကို ရှုတ်ချပြီး တိုင်းရင်းသားပြည်သူတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရခိုင်လက်နက်ကိုင် AA၊ တအာင်း လက်နက်ကိုင် TNLA၊ ကိုးကန့်လက်နက်ကိုင် MNDAA တို့ပေါင်းထားတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။ ခုလို ပြည်သူတွေ သတ်ဖြတ်ခံနေရတာ ကာကွယ် ပေးသွားမယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“အပြစ်မဲ့ ပြည်သူတွေကို မြန်မာစစ်တပ်က ဆက်ပြီးတော့ သတ်ဖြတ်နေမယ်ဆိုရင် ကျနော်တို့ကတော့ ကျနော်တို့ရဲ့ အဖိနှိပ်ခံ ပြည်သူတွေကို... ဒီလိုမျိုးဆက်ပြီးတော့ အသတ်ဖြတ်မခံရဖို့အတွက် အကောင်းဆုံးခုခံကာကွယ်နိုင်အောင် ကျနော်တို့အားလုံး ညီညီညွှတ်ညွှတ်နဲ့ အားလုံးဝိုင်းဝန်းပြီးတော့မှ ဒါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဆက်ပြီးတော့ လုပ်ဆောင်သွားရမယ့် အနေအထားဖြစ်တယ်ဗျာ။”
တပ်မတော်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ AA နဲ့ TNLA တို့ပါတဲ့ မဟာမိတ်ညီနောင် ၃ ဖွဲ့ဟာ ၂၀၁၉ စက်တင်ဘာလ ၉ ရက်ထဲက မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေကို တဘက်သတ်ရပ်စဲထားတာဖြစ်ပါတယ်။ မနက်ဖြန် မတ်လ ၃၁ ရက်နေ့မှာ အပြစ်အခတ်ရပ်စဲထားတဲ့ ကာလသက်တမ်းပြီးဆုံးမှာ ဖြစ်တာမို့ ဆက်ရပ်ထားသင့် မသင့်ဆိုတာ ပြန်လည်သုံးသပ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး တာအိုက်ကျော်ကလည်း ပြောပါတယ်။“အကုန်လုံးခြုံငြံုပြီး သုံးသပ်ရမယ်ဆိုရင်လည်း တပ်က အာဏာသိမ်းတယ်။ အဲဒါကို ပြည်သူလူထုက မကျေနပ်လို့ ဆန္ဒပြတာကို တပ်ဘက်က အကြမ်းဖက် ဖြိုခွင်းတယ်။ အဲဒီလိုဖြိုခွင်းတာကို ကျနော်တို့က ရှုတ်ချတယ်။ အသက်စွန့်ကြတဲ့ လူထုနဲ့အတူ ကျနော်တို့ ဝမ်းနည်းတယ်။ အဲဒီလိုမျိုး အကြမ်းဖက် ပစ်တာနေတာတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ နဂိုကတည်းက ထုတ်ပြန်နေတဲ့ ထုတ်ပြန်တာကို ပြန်ပြီးတော့မှ ကျနော်တို့က စက်တင်ဘာ ၉ ရက်နေ့ကတည်းက ဒီလအထိ ထုတ်ပြန်လာတာရှိတယ်။ မနက်ဖြန်ဆိုရင်လည်း ကုန်တော့ အဲဒီလိုမျိုးထုတ်တဲ့ဟာကို ဆက်ထုတ်မထုတ်ဆိုတာကတော့ ဆွေးနွေးနေတယ်။ တပ်က အကြမ်းဖက်တာတွေကို မရပ်မချင်းတော့ ကျနော်တို့က ဒီဘဝတူ ညီနောင် တိုင်းရင်းသားတွေနဲ့ အတူရှိနေမယ်... အဲဒီလိုမျိုးပေါ့နော်။”
အာဏာသိမ်းအဖွဲ့စစ်တပ်နဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ လက်ရှိဖြစ်နေသလို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်မဖြစ်ဆိုတာ စစ်တပ်အပေါ်မှာ မူတည်နေတယ်လို့ AAအဖွဲ့ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“ကျနော်တို့ တောက်လျှောက်နေပြီးတော့မှ တိုက်ပွဲတွေ ဖြစ်လာတယ်ဆိုတာကလည်း မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဖြစ်လာတာဖြစ်တယ်။ အခုလည်းပဲ အခြေအနေဆိုးရွားနေတဲ့ အခြေအနေမျိုးမှာ တိုက်ပွဲဖြစ်မလားဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ကျနော်တို့ ဒေသခံပြည်သူတွေကို ဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်တာတွေလုပ် လာမယ်။ ထိုးစစ်တွေ လုပ်လာမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူတွေရဲ့ အသက်အိုး အိမ်စီးစိမ်တွေကို ကာကွယ်ဖို့အတွက် ကျနော်တို့ကလည်း အကောင်းဆုံးခုခံ ကာကွယ်သွား ရမှာဖြစ်တယ်။”
စစ်အာဏာသိမ်းပြီးနောက် မတ်လ အစောပိုင်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်အဖြစ်ကနေ န.စ.က စစ်ကောင်စီက ဖယ်ရှားထားပါတယ်။ စစ်တပ်ရဲ့ရက်စက်တဲ့ လုပ်ရပ်တွေကို မရပ်ရင် ကိုယ့်ကိုယ်ကို ခုံခံကာကွယ်နိုင်ဖို့အတွက် နွေဦးတော်လှန်ရေးဆင်နွဲနေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘဝတူညီနောင်တွေဘက်က ရပ်တည်မယ်ဆိုတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်ကို ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကလည်း ကြိုဆိုခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အတူလက်တွဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
https://burmese.voanews.com/a/myanmar-military-coup-protest-aa-tnla-mndaa/5833654.html
No comments:
Post a Comment