ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အကြားမှာ ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းနဲ့ ဒီရက်ပိုင်းအတွင်း KIA ရဲ့ တပ်စခန်းတချို့အပေါ် တပ်မတော်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦး တင်ပြပါမယ်။
ကချင်ပြည်နယ်အတွင်းမှာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေပြန်လည်စတင်နေတာမှာ ဖားကန့်မြို့နယ် အတွင်းမှာတော့ ရက်ခြားဆိုသလို KIA က တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို စီးနင်းတိုက်ခိုက်တာတွေ ရှိခဲ့တာပါ။
ဒီကနေ့ မနက် ၁၀ နာရီလောက်ကတော့ ဖားကန့်မြို့နယ်က ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာဒေသက ရွာခံတစ်ဦးက အခုလို ပြောပါတယ်။
“အစကတော့ ကာမိုင်းဗျူဟာကနေ နမ့်ဟိုင်၊ ဂေါ်ရီဘက်ကို လက်နက်ကြီးနဲ့ ထုတယ်။ အဲဒီနောက်ပိုင်းမှာ ဒီ လီဒိုလမ်း လဝါးနဲ့ ဒွန်ဘန်ကြားမှာ တိုက်ပွဲ ၁၅ မိနစ်လောက် ပြန်ဖြစ်တယ်။ အဲဒီနောက်ပြီးရင် ကာမိုင်းနဲ့ နမ့်ယားကြားမှာ အဲဒီမှာလည်း ၁၅ မိနစ်လောက် ပြန်ဖြစ်တယ်။ အသံတွေတော့ ကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့တော့ ကျနော်တို့က ၂ မိုင်လောက်ပဲ ဝေးတယ်။”
တိုက်ပွဲဖြစ်စဉ်ဟာ မနက် ၁၀ နာရီကနေ ၁၁ နာရီအတွင်း ဖြစ်ခဲ့ကြောင်းနဲ့ တိုက်ပွဲကြောင့် ထိခိုက်မှု အခြေအနေကို မသိရကြောင်းလည်း ပြောပါတယ်။
ပထမတိုက်ပွဲဖြစ်တယ်ဆိုတဲ့ လဝါးနဲ့ ဒွန်ဘန်ဟာ ကာမိုင်းမြို့နယ်ခွဲ လီဒိုလမ်းပေါ်မှာ တည်ရှိတာပါ။ ဒုတိယ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ နမ့်ယားကတော့ ကာမိုင်းနဲ့ ဖားကန့်လမ်းမှာ တည်ရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ နမ့်ဟိုင် ခေါ် နမ့်ရှန်နဲ့ ဂေါ်ရီရွာတွေကတော့ ကာမိုင်းနဲ့ မိုးကောင်းသွားလမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ KIA က တပ်မတော် တပ်စခန်းကို မတ်လ ၁၂ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။လက်ရှိ တိုက်ပွဲဖြစ်တဲ့ ဒွန်ဘန်ရွာက ဒေသခံတွေနဲ့ နီးစပ်သူတစ်ယောက်ကတော့ တပ်မတော်စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ တစ်နေရာဖြစ်တာကိုသာ ကြားသိရကြောင်းနဲ့ အခြားနေရာတွေ ဖြစ်ပွားတာတော့ မသိရသေးကြောင်း ပြောပါတယ်။
“သူတို့ ဒွန်ဘန်ကနေ ဆင်းလာတဲ့ဟာ စစ်ကြောင်းထင်တယ်။ အင်အားက ၃၀ နဲ့ ၄၀ လောက်ရှိမယ်လို့ ပြောတယ်။ အဲဒါကို သူတို့က ခွမ်ဆိုင်ယန် ရွာထိပ်မှာ ပြောက်ကျားပစ်တာမျိုးရှိတယ်။ တကယ် တိုက်ပွဲအကြီးအကျယ် မဟုတ်ပါဘူး။ အထိအခိုက်လည်း KIA ဘက်က မရှိဘူးတဲ့။ စစ်တပ်ဘက်ကလည်း မရှိဘူးလို့ ထင်တာပဲ။ ရှိလို့ရှိရင်တော့ အဲဒီမှာ လမ်းသွားလမ်းလာလည်း များတယ်လေ။ တခြားဘာမှ မလုပ်ဘူးဆိုရင်တော့။ ခဏကျရင်တော့ လဝါးယန်ဘက်ကို ကျော်သွားကြပြီတဲ့။ ၁၀ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်တယ်လို့ ပြောတယ်။ နောက်တစ်နေရာမှာတော့ မပြောတတ်ဘူး။ အခုလောလောဆယ် ဖြစ်တာ အဲဒီနေရာမှာပဲ။”
KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲသတင်းပေးပို့လာတာ မရှိသေးကြောင်း အခုလို ပြောပါတယ်။
“ရုံးဘက်ကနေ တက်လာတဲ့သတင်းကတော့ မရဘူး။ ဒါပေမဲ့ ဆိုရှယ်မီဒီယာဘက်က တက်လာတဲ့သတင်းတော့ တွေ့ရပါတယ်။ အဲဒါကြောင့် ကျနော်က အတည်ပြုပြောလို့တော့ မရဘူး။”
ဒီလ ၂၉ ရက်နေ့ကတော့ ဟူးကောင်းဒေသမှာရှိတဲ့ တပ်ရင်း၁၄နဲ့ မိုးကောင်းမြို့နယ်အတွင်းက တပ်ရင်း ၁၁ ကို တပ်မတော်ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တာရှိကြောင်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။
“ကျနော်တို့ အောက်ခြေသတင်းအရ ဆိုရင်တော့ KIA တပ်ရင်း ၁၁ ဌာနချုပ်ကို… ၁၁ ရယ်၊ ၁၄ ရယ်... ၂ နေရာမှာဖြစ်တယ်လို့ ပြောတယ်။ ဂျက်လေယာဉ်နဲ့ တိုက်တယ်လို့ ပြောကြပါတယ်။ တင်ပြတဲ့ဟာက အဲဒီလို ပြောကြပါတယ်။ ဒါပေမဲ့ ထိခိုက်နစ်နာတာတွေကတော့ ဘာမှ မကြားရသေးပါဘူး။”
လက်ရှိ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။ ဒီလ ၂၆ ရက်နေ့ကတော့ မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်စက်ရုံတာဝန်ခံနဲ့ အလည်လိုက်ပါတဲ့ မိသားစုတို့ စီးလာတဲ့ မော်တော်ယာဉ်ကို KIA ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၇ နှစ် ကလေးအပါအဝင် ၃ ယောက် သေဆုံးကြောင်း အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီသတင်းကို မကြားသိရကြောင်းနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေက အရပ်သား မော်တော်ယာဉ်တွေ အသုံးပြုသွားလာတာတွေ ရှိတဲ့အတွက် တိကျတဲ့ သတင်းရရင် KIA က ခြုံခိုတိုက်တာတွေ ရှိခဲ့ကြောင်း တုံ့ပြန်ပါတယ်။
KIA အဖွဲ့ဟာ အစိုးရနဲ့ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်လောက်ကစပြီး တိုက်ပွဲကြီးတွေ မဖြစ်ပွားဘဲ ငြိမ်သက်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလ ၈ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် စတင်လာတာလည်း ဖြစ်ပါတယ်။
https://burmese.voanews.com/a/kachin-kamine-myanmar-military-conflict/5833665.html
No comments:
Post a Comment