RCSS နဲ့ TNLA တို့အကြား လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ် တိုက်ခိုက်မှုကြောင့်တော့ဆန်ကျေးရွာပြည်သူတွေ နီးစပ်ရာဆွေမျိုးထံ ထွက်ပြေးတိမ်းရှောင်နေရ
ကျောက်မဲ | မားနဂါး ။
ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးမှာ မနက် ၅နာရီကနေစပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာရှိ ဆွေမျိုးတွေထံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော့ဆန်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီနေ့မနက် ဇန်နဝါရီလ ၄ရက်နေ့မှာ မားနဂါးသတင်းဌနကိုပြောပါတယ်။
အဆိုပါအနီးအနားတစ်ဝိုက်မှာ မနေ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မနက် ၅နာရီကျော်မှ စတင်ပြီး လက်နက်ကြီး ၅လုံးပစ်ခတ်ပြီး လက်နက်ငယ်တွေလည်း ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။
ဒီမနက်ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး တော့ဆန်ကျေးရွာ ဒေသခံတစ်ဦးက
"ဒီနေ့မနက် အစောကြီးကတည်းက တိုက်ပွဲဖြစ်နေတာ။ မနေ့ကတော့ တကြဲတကြဲဖြစ်တယ်။ မနက် ၅နာရီ ကျော်ကျော်လေးစဖြစ်ပြီး ခုထိပါပဲ၊ ရွာကလူတော့ နည်းနည်းပါးပါးထွက်ပြေးတိမ်းရှောင်တာရှိတယ်။ တချို့ ကအနီးအနားရွာတွေမှာ သွားရောက်ခိုလှုံကြတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
တိုက်ပွဲကြောင့် ကျောက်မဲမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီး အိုမ်တမာဝ်လူမှု ကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး(၁) မိုင်းအိုက်နွေကိုမေးမြန်းရာမှာတော့
"တော့ဆန်ဘက်က တိုက်ပွဲဖြစ်တာတွေ့ကြားတယ်။ ကျောက်မဲမြို့ကို ထွက်ပြေးလာတာမရှိသေးဘူး။ ခုလောလောဆယ်ကျောက်မဲမြို့ပေါ်မှာ လွယ်အံ၊ ခိုငင်း၊ ကောင်းခါး၊ ပန်းမခံ၊ ကုန်းသာ၊ မန်စက်၊ ပန်လော့ ကျေးရွာ (၇)ရွာက တိုက်ပွဲရှောင်ပြည်သူ ၁ထောင်နီးပါးရှိနေပါတယ်။သူတို့ရဲ့ စားဝတ်နေရေးအတွက်တော့ ရက်သတ္တပတ်အတွက်တော့အဆင်ပြေတယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေအတွက်တော့ စခန်းတိုင်းမှာ ကျန်းမာရေးဌာနတွေလာထိုင်ပေးတာရှိတယ်။ ကျန်းမာရေးဆရာ/ဆရာမတွေမလာနိုင်ရင် ကျနော်တို့ အသင်းက ဆေးရုံဆေးခန်းကို လိုက်ပို့ပေးတာတွေရှိတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဖြစ်လာတာ နှစ်ပေါင်း ရဝကျော်ရှိနေပြီ တိုက်ပွဲဖြစ်ပြီဆိုရင် ပြည်သူတွေအတွက်စိတ်ပူရပြီး ပရဟိတအနေနဲ့လည်း အရမ်းပင်ပန်းနေတဲ့အတွက်ကြောင့် အမြန်ဆုံးဆွေးနွေးပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ် စေချင်ပြီ ဒါမှသာ ပြည်သူတွေ သူတို့ရပ် သူတို့မြေကိုပြန်နိုင်မှာဖြစ်ပြီး ကောင်းကောင်းမွန်မွန်လုပ်ကိုင်စား သောက်လို့ရမှာဖြစ်တယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
ကျောက်မဲမှာဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကိုမေးမြန်းရာ မှာတော့
"ကျောက်မဲဖြစ်ပွားတဲ့တိုက်ပွဲတွေကို အဓိက ရွာထဲဖြစ်တာမဟုတ်ဘူး။ တောစခန်းတွေကို RCSS တပ်ဖွဲ့မှ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။ RCSS တပ်ဖွဲ့မှ ကျေးရွာတွေမှာ နေရာယူပြီး ခြိမ်ခြောက်မှု တွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ " မားနဂါးသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကျောက်မဲမြို့နယ်မှာဆိုရင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA) တို့အကြား ဒီဇင်ဘာလအတွင်းထိတွေ့တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁ရက်နေ့ ကနေ မနေ့ ၃ရက်နေ့ထိကိုတော့ ရကြိမ် စုစုပေါင်း ၁၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်ထံသိရှိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4148147608547766?__cft__[0]=AZXAcjrCrRAIu9Ut0WsscVQH5aZN7cMEcTcrv0DmKzUewM9atUdwTLVAR_fiw7nc4w5IXzjJIgZw9urhXbQSh90yanTKqwuH6Vl9_McFUZmbS_iILn3clj8SlncObvnBSGWZBsRSRs8cqjRthbf3VHw5&__tn__=%2CO%2CP-R
No comments:
Post a Comment