Sunday, January 31, 2021

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နေရာ ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း PCG ပြော

 အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နေရာ ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း PCG ပြော

၂၀၁၉ ခုနှစ်  စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
PUBLISHED 31 JANUARY 2021
 
မင်းနိုင်စိုး

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းအကြား နေရာညှိနှိုင်းနေဆဲသာဖြစ်ကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) တို့အကြား Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် နှစ်ဖက် ညှိနှိုင်းနေခြင်းဖြစ်သည်။

“လက်မှတ်ထိုးဖို့ဆိုတာက ဒီမှာက တွေ့တောင်မတွေ့ရသေးဘူး။ တွေ့မှပဲ အဲဒီလက်မှတ်ထိုးဖို့အတွက် ညှိနှိုင်း ရဦးမယ်လေ။ ဆွေးနွေးရဦးမယ်။ ဒါတွေအားလုံး အဆင်ပြေပြီဆိုမှ လက်မှတ်ထိုးမှာကိုး။ အခုက တွေ့တောင် မတွေ့ရသေးဘူး။ အခုက နေရာတောင် (ညှိနှိုင်း) မရသေးဘူး”ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့မဟုတ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တို့တွင် ပြုလုပ်ရန် မြောက်ပိုင်းလေးဖွဲ့ထံ အဆိုပြုထားပြီး မြောက်ပိုင်း လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် အဆင်သင့်ရှိနေပြီဖြစ်ကြောင်းလည်း အစိုးရဘက်က ပြောကြားထားသည်။

အစိုးရနှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့တို့သည် တရားဝင်တွေ့ ဆုံမှုအဖြစ် ၂၀၁၉ ခုနှစ် စက်တင်ဘာတွွင် ကျိုင်းတုံမြို့၌ပင်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် Bilateral Ceasefire Agreement ရေးထိုးနိုင်ရန် ရည်မှန်း၍ အစိုးရဘက်မှ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော်မှ အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့သော်လည်း မြောက်ပိုင်းအဖွဲ့များဘက်မှ ဆွေးနွေးမှုများအား အဖွဲ့အသီးသီး ခေါင်းဆောင်များထံ တင်ပြရမည်ဟုဆိုကာ ရွှေ့ဆိုင်းခဲ့သဖြင့် Bilateral Ceasefire Agreement ကို ရေးထိုးနိုင်ခဲ့ခြင်းမရှိပေ။

ထို့နောက် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား တရုတ်နိုင်ငံတွင် အလွတ်သဘောတွေ့ဆုံမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းမှုများရှိသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက်အစိုးရဘက်တွင် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး မြောက်ပိုင်းလေးဖွဲ့၏ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော်တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

အစိုးရအနေဖြင့် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့နှင့် တစ်ဖွဲ့ချင်းအလိုက် ရေးထိုးမည်ဖြစ်ပြီး ထိုသို့တစ်ဖွဲ့ချင်း အလိုက်ဆောင်ရွက်ရာတွင် စစ်ဘေးရှောင်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သေးသောဒေသများ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စများလည်း ပါဝင်လာမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားထားသည်။

ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပတ်သက်၍ ထိရောက်ခိုင်မာသော အပစ်အခတ်ရပ်စဲရေး ဖြစ်ရေးအတွက် မည်သို့လုပ်ဆောင်ကြမည်ဆိုသည့် အကြောင်းအရာသည်လည်းBilateral Ceasefire Agreement တွင် ပါဝင်လာမည်ဖြစ်ပြီး နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုမှ ရှောင်ရှားနိုင်ရေးအတွက် သဘောတူညီချက်များရရှိအောင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ သဘောတူညီချက်များကို တစ်ဖက်ဖက်က ချိုးဖောက်မှုများရှိလာခဲ့ပါက မည်သို့ဆောင်ရွက်ကြမည်ဆိုသည့် ပဋိပက္ခဖြေရှင်းရေးများသည်လည်းBilateral Ceasefire Agreement တွင် ပါဝင်လာမည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောကြားထားသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့်Bilateral Ceasefire Agreement ရေးထိုးပြီးပါက NCA ရေးထိုးနိုင်ရေး ညှိနှိုင်းမှုအဆင့်နှင့် ညှိနှိုင်းမှုအဆင့်ပြီးပါက NCA လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

https://news-eleven.com/article/203622

No comments:

Post a Comment