Friday, January 1, 2021

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး လွတ်မြောက်လာရန်ကြိုးပမ်းမှုမှာ ရွေးကောက်ပွဲ မကျင်းပခဲ့ရသည့်မြို့နယ်များတွင် ကျင်းပနိုင်ရန်အတွက်ဦးတည်ဆောင်ရွက်ခြင်းဟုဆို

 NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး လွတ်မြောက်လာရန်ကြိုးပမ်းမှုမှာ ရွေးကောက်ပွဲ မကျင်းပခဲ့ရသည့်မြို့နယ်များတွင် ကျင်းပနိုင်ရန်အတွက်ဦးတည်ဆောင်ရွက်ခြင်းဟုဆို

ဆောင်းဇာခြည်၊ အိမ်စိုးဖြူ

နိရဉ္စရာ၊ ဇန်နဝါရီ ၂/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ပြန်လည် လွတ်မြောက်လာရန် တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှုမှာ ရခိုင်မှ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ ခလရ (၂ဝ)၊ ဗန္ဓုလရိပ်သာတွင် ၎င်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးအား ပြည်နယ်အစိုးရထံ လွှဲပြောင်းပေးအပ်စဉ် ဗိုလ်ချုပ်ထင်လတ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 “အေအေအဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတဲ့ တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ် သုံးယောက်တို့ကို ပြန်လည်လွတ်မြောက်လာတာကို လွှဲပြောင်း ပေးအပ်တာကို ဆောင်ရွက်ခြင်း  ဖြစ်ပါတယ်။ ဒီလိုအခြေနေတစ်ရပ်ကို တပ်မတော်က အေအေအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးသွားခဲ့ရတဲ့ အခြေနေ ရှိပါတယ်။ လက်ရှိအခြေနေလို့ ဒီလိုမျိုးကြုံတွေ့/မြင်တွေ့ရဖို့ဆိုတာ လွယ်လွယ်ကူကူ မဟုတ်ဘူး ဆိုတာတော့ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့အနေနဲ့ ဒီလိုဖြစ်ဖို့အတွက်ကို လူပုဂ္ဂိုလ် တစ်ဦးချင်းအနေနဲ့ ဒီလွှတ်တော်ကိုယ်စားလှယ်လောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပါဝင် ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအားလုံးကို အသိမှတ်ပြုတဲ့အနေနဲ့ တစ်ဦးချင်းကို တန်ဖိုးထားတဲ့ အနေနဲ့ ဒီလိုစနစ်တကျ ကျွန်တော်တို့ အပ်နှံ လွှဲပြောင်း ပေးပြီး ဆောင်ရွက်ထားတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ အခုလို ဆောင်ရွက်နေခြင်း ကတော့ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသေးတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက်ကို ဦးတည် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ထင်လတ်ဦးက ပြောကြားသည်။

၎င်းပြင် တိုင်းမှူးက ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် အတွက် NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးအား လွှတ်ပေးရန် လိုအပ်ကြောင်း တောင်းဆိုနေမှုများ အပေါ် လေးစားတန်ဖိုးထားပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ရွေးကောက်ပွဲကျင်းပခြင်း၊ မကျင်းပခြင်းကိစ္စရပ်တွေကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အဆုံးအဖြတ်ပဲ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲများဆောင်ရွက်ပေးဖို့အတွက်ကို အခုရောက်ရှိနေတဲ့ NLD ပါတီဝင် ၃ ဦး ပြန်လည်လွတ်မြောက်စေဖို့ လိုအပ်တယ်ဆိုတာကိုလည်း ပါတီဝင်များကနေ တောင်းဆိုနေကြတာကို အားလုံးလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒါတွေကို လေးစားတန်ဖိုးထားပြီး တပ်မတော်အနေနဲ့ ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။”

ပြန်လည်လွတ်မြောက်လာသူ ၃ ဦးမှာ ဦးမင်းအောင်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်ချစ်ချစ်ချော (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း) နှင့် ဒေါ်နီနီမေမြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့ ဖြစ်သည်။

၎င်းတို့ သုံးဦးကို ရက္ခိုင့်တပ်တော်(AA ) က မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာမှတဆင့် မင်းပြားမြို့နယ် တိုင်းဗဟို(၉)ကျောင်းအုပ်ကြီးထံသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပြန်လွတ်လာသည့် ကိုယ်စားလှယ်လောင်း ၃ ဦးအား ကိုဗစ်-၁၉ ရောဂါအပါအဝင် အထွေထွေရောဂါ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တောမြို့နယ်အပါအဝင် နောက်ထပ် မြို့နယ် ၄ ခုတို့မှ ရပ်ကွက်/ကျေးရွာ အုပ်စု ၁၅၂ ခုတို့၌ လုံခြုံရေးအခြေနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

--------------------------------

Unicode -



နိရဉ်စရာ၊ ဇနျနဝါရီ ၂/ ၂ဝ၂၁











https://burmese.narinjara.com/.../5ff00f803f8935047dbb79b4


https://www.facebook.com/narinjara.info/posts/3925367474141967

No comments:

Post a Comment