Friday, January 1, 2021

ရခိုင်မှဖမ်းဆီးထိန်းသိမ်းခံထားသူများကိုပြန်လွှတ်ပေးရန် AA လိုလား၊ ရခိုင်တွင်အကြမ်းဖက်မှုခေါင်းစဉ်တပ် ဖမ်းဆီးခံထားရသူ ၂၄၉ ဦးရှိ

 ရခိုင်မှဖမ်းဆီးထိန်းသိမ်းခံထားသူများကိုပြန်လွှတ်ပေးရန် AA လိုလား၊ ရခိုင်တွင်အကြမ်းဖက်မှုခေါင်းစဉ်တပ် ဖမ်းဆီးခံထားရသူ ၂၄၉ ဦးရှိ

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ ဇန်နဝါရီ၂/၂၀၂၁

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၂၄၉ ဦးရှိပြီး ၎င်းသူများအပါအဝင် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသော ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများ၊ AA တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် လိုလား ပါကြောင်း AA ထုတ်ဖော်ပြောဆိုလိုက်သည်။ 

တောင်ကုတ်မြို့မှ NLD အဖွဲ့ဝင်သုံးဦးနှင့် ကျန်းမာရေး မကောင်းသူ တပ်မတော်သား သုံးဦးကို ပြန်လွှတ်ပေးလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့စွဲဖြင့် AA၏ ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။ 

“ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်မှ NLD အဖွဲ့ဝင်များကို ကောင်းမွန်စွာ ပြန်လည် လွှတ်ပေးသည့် နည်းတူ NLD အစိုးရလက်ထက်တွင် အမှန်တကယ် ပြစ်မှုမကျူးလွန်ပါဘဲနှင့် ပုဒ်မ အမျိုးမျိုး တပ်၍ ဖမ်းဆီး ထိန်းသိမ်းခံနေရသော ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် အခြေအနေအမျိုးမျိုးတွင် ဖမ်းဆီးခံနေရသော မိမိတို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ အားလုံးကိုလည်း NLD အစိုးရမှ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အပြန်အလှန် တုံ့လှယ်သော မေတ္တာတရားတို့နှင့် သဘောထား ကြီးမားစွာဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ရခိုင်တမျိုးသားလုံးမှ လိုလားပါကြောင်း” ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ရခိုင်ရှေ့နေများကောင်စီအတွင်းရေးမှူး ဦးဇော်မင်းက ရခိုင်ပြည်နယ်တွင် AA နှင့် ဆက်စပ်သံသယဖြင့် အကြမ်းဖက်ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီး ခံထားရသူ ၂၄၉ ဦးရှိပြီး အများစုမှာ မြောက်ဦးခရိုင်က ဖြစ်ကြောင်း၊ ဤစာရင်းတွင် ရခိုင်ပြည်နယ်ပြင်ပတွင် ဖမ်းဆီးခံထားရသူများ မပါဝင်ကြောင်း ပြောဆိုသည်။

“ သူတို့ကို အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုထားပေမယ့် နိုင်ငံရေးအရ အစိုးရကလွှတ်ပေးမယ်ဆိုရင် လွှတ်ပေးလို့ရတယ်လို့ သိရပါတယ်။ သူတို့ကို တရားစွဲဆိုတဲ့ အခါမှာလည်း သက်သေအထောက်အထားတွေ ပါမလာတာတွေကိုတွေ့ရပါတယ်။ လွှတ်ပေးမယ်ဆိုရင် လွှတ်ပေးလို့ ရနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ပြောဆိုသည်။ 

အကြမ်းဖက် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးသင့်ကြောင်း၊ ပြန်လွှတ်ပေးခြင်းအားဖြင့် ရှေ့ကို ဆက်သွားမည့် ငြိမ်းချမ်းရေး ခရီးစဉ်ကိုရော၊ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုကိုရော၊  အမျိုးသားရင်ကြားစေ့ရေးကိုရော အထောက်အကူများစွာပြုနိုင်မည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ ဒီဘက်က ဖမ်းထားတဲ့သူတွေကို လွှတ်သလို စင်္ကာပူက လူငယ်တွေဆိုရင် မိသားစု လုပ်ကျွေးနေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေက အကြမ်းဖက်မှုနဲ့ တစ်ခြားနိုင်ငံကနေ ဒီကိုရောက်တာနဲ့ အဖမ်းခံရတယ်။ မိသားတွေ တော်တော်များများ သောကရောက်နေတာတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်ရတယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ပုဒ်မတွေနဲ့ အဖမ်းခံထားရတာတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် တင်းမရွာက ၁၈ ယောက် ကိစ္စ။ သူတို့ အပါအဝင် အားလုံးကိုတော့ ကိုယ့်အိမ် ကိုယ်အတူတူ ပြန်နိုင်အောင် တစ်ဖက်က လွှတ်ပေးသလို ဒီဖက်ကလည်း ဦးစားပေးပြီး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟုသူမက ပြောကြားသည်။

မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခြေအနေ တိုးတက်ကောင်းမွန်ရန် အတွက် ယခုလက်ရှိ အခြေအနေကနေ ရှေ့ဆက်သွားရန် အများကြီးလိုအပ်နေကြောင်း ပြောကြားသည်။

“ ဒီလို လွှတ်ပေးမှုတွေသည် တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် နားလည်မှုတည်ဆောက်နိုင်တဲ့ အခြေအနေကို ရနိုင်ပါတယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိုလည်း အထောက်အကူ ပေးနိုင်ပါတယ်။ လွှတ်ရမယ့် သူတွေကတော့ နှစ်ဖက်မှာတော့ အများကြီးကျန်ပါသေးတယ်။ ဒီတစ်ခုတည်းနဲ့တော့ မပီးနိုင်ပါဘူး။ ရှေ့ဆက်သွားဖို့ အများကြီး လိုအပ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ 

တောင်ကုတ် NLD အဖွဲ့ဝင်(၃) ဦးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ(၁)ရက် နေ့လယ်အချိန်တွင် မြေပုံမြို့နယ် ၊ မီးကျောင်းတက် ကျေးရွာတွင် ရက္ခိုင့်တပ်တော် လွှဲပြောင်းရေးအဖွဲ့မှ မြန်မာ့တပ်မတော် လက်ခံရေးအဖွဲ့ထံသို့ ကောင်းမွန်စွာ လွှဲပြောင်းပေးပြီးနောက် AA နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများ ပြန်လွတ်မြောက် လာလိမ့်မည်ဟု အများက မျှော်လင့််နေကြသည်ဟု သတင်းရရှိသည်။ 

------------------- 

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ၂/၂၀၂၁











https://burmese.narinjara.com/.../5ff052273f8935047dbb79b6


https://www.facebook.com/narinjara.info/posts/3925755860769795

No comments:

Post a Comment