ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တပ်ဖွဲ့ဝင် ၄ ဦးကို AA မှ ပြန်လွှတ်ပေး
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဇန်နဝါရီ ၂ / ၂၀၂၁
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီမှ တပ်ဖွဲ့ဝင် ၄ ဦးအား ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားရာက ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ALP ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
လွှတ်ပေးလိုက်သူ ၄ ဦးအထဲမှ ခိုင်ဝင်းလှိုင်အား ဇန်နဝါရီ ၁ ရက်နေ့က လည်းကောင်း၊ ခိုင်မင်းမြတ်စံ၊ ခိုင်မောင်လုံးနှင့် ခိုင်မောင်ခင်ဝင်းတို့အား နိုဝင်ဘာလ နောက်ဆုံးအပတ်ကလည်းကောင်း လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ခိုင်စိုးမြက “ ကျနော်တို့ လူတွေ ဘေးမတွေ့၊ ရန်မခဘဲ လွတ်လာတဲ့အတွက် ကျနော်တို့ အများကြီး ကျေးဇူးတင်ပါတယ်။ ကိုယ်တို့ အမျိုးသားအချင်းချင်း ဒီလိုပဲဖြစ်သင့်တယ်။ ဥပမာ အမျိုးသားရေး စည်းလုံးညီညွှတ်မှုကို တည်ဆောက်နေတဲ့ အချိန်ကာလမျိုးမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နားလည်မှု၊ လွှဲမှားမှုတွေ ရှိရင်လည်း မဖမ်းဆီးသင့်ဘူးလို့ ပြောချင်တယ်။ ဥပမာအားဖြင့် ဖမ်းဖို့ဆိုရင်တောင်မှ ကျနော်တို့ပါတီကို အကြောင်း ကြားပြီးတော့ ကျနော်တို့လူတွေကို ကျနော်တို့ ထိန်းသိမ်းဖို့အတွက် အပြန်အလှန်တော့ ပြောသင့်တယ်။ အဲဒီလိုမျိုး မပြောဘဲနဲ့ ဖမ်းဆီး၊ ထိန်းချုပ်ပြီး အကြာကြီး ထားတာကတော့ မကောင်းဘူး။ ဒီလိုမျိုးအဖြစ်မျိုးတို့ကို နောက်ထပ် ကျနော်တို့က မဖြစ်စေချင်ဘူး။ အခုလွှတ်လာတဲ့အတွက်လည်း ကျနော်တို့က ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA) တပ်ဖွဲ့ဝင်များဖြစ်ကြသော ရဲဘော် ခိုင်မောင်ခင်ဝင်း နှင့် ရဲဘော် ခိုင်မောင်လုံးတို့ကို ၂၀၂၀ ခုနှစ် မေ ၂၃ ရက်နေ့က ပေါက်တောမြို့နယ်၊ ရပက်ချိုင်ကျေးရွာမှလည်းကောင်း၊ ပြည်ပစည်းရုံးရေးကော်မတီအဖွဲ့ဝင် ခိုင်ဝင်းလှိုင်အား ၂၀၂၀ မေလ ၃၁ ရက်နေ့ကလည်းကောင်း AA တပ်ဖွဲ့ဝင် များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ALP ကတော့ သူက ငြိမ်းချမ်းရေး လက်မှတ်ထိုးပေးထားတဲ့ အဆင့်ရောက်နေပြီ။ AA ကတော့ နားလည်မှု အဆင့်ပဲ ရရှိထားတယ်။ ဒါပေမယ့် မြေပြင် အခြေနေမှာတော့ အေအေရဲ့ စိုးမိုးမှု၊ အေအေရဲ့ အင်အား၊ အေအေရဲ့ သြဇာ သက်ရောက်မှုက အလွန်ကြီးကျယ်တယ်။ ဒါကြောင့် ဒီဟာတွေဟာ ကိုယ့်အချင်းချင်း တခြားလူမျိုးနဲ့ ဖြစ်နေတာလည်း မဟုတ်ဘူး။ ကိုယ့်လူမျိုး အချင်းချင်း ကြားမှာ ဒီလို လွှတ်ပေးတာတွေဟာ သင့်တော်တယ်။ နောက်လည်း ပြသနာမဖြစ်ဘဲ ပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုရင် ပိုပြီး အဓိပ္ပါယ်ရှိမယ်၊ အကျိုးရှိမယ် ” ဟုပြောသည်။
ရက္ခိုင့်တပ်တော် (AA) မှ ယမန်နေ့ကလည်း တောင်ကုတ်မြို့နယ်မှ ဖမ်းဆီးသွားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲမှ ၃ ဦးကိုလည်း ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
---------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၂ / ၂၀၂၁
https://burmese.narinjara.com/.../5ff004e23f8935047dbb79af
https://www.facebook.com/narinjara.info/posts/3925288040816577
No comments:
Post a Comment