Sunday, January 3, 2021

တွေ့မယ့်နေရာညှိနှိုင်းမှု မပြေလည်လို့ NLD နဲ့ MUP တွေ့ဆုံပွဲပျက်

 မြန်မာဌာန | သတင်းများ

တွေ့မယ့်နေရာညှိနှိုင်းမှု မပြေလည်လို့ NLD နဲ့ MUP တွေ့ဆုံပွဲပျက်

မင်းခိုင်စိုးလင်း၊ ကျော်လွင်ဦး

2021-01-04

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်


ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အာဏာရပါတီ (NLD) က အစိုးရသစ် မဖွဲ့ခင်မှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ မော်လမြိုင်မြို့မှာ ဒီနေ့ တွေ့ဆုံဖို့ သဘောတူထားပေမယ့် တွေ့ဆုံမယ့်နေရာကို ညှိနှိုင်းမရတာကြောင့် နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမယ့်ကိစ္စ ပျက်သွားခဲ့ပါတယ်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်နယ်ပါတီရုံးမှာတွေ့ဖို့ ပါတီဗဟိုက ဆုံးဖြတ်ထားတာကြောင့် ပါတီရုံးမှာ စောင့်နေပြီး မွန်ညီညွတ်ရေးပါတီ (MUP) မလာရောက်တာကြောင့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။


"ဒီမှာလည်းပဲ တွေ့မယ်ဆိုတော့ကာ သူတို့က မွန်ပြည်နယ်၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ရုံး ဒီရုံးမှာ လာပြီး မတွေ့နိုင်ပါဘူးတဲ့၊ တခြားတစ်နေရာမှာ တွေ့ရအောင်လို့ ကျွန်တော်တို့ကို ပြောတယ်။ အဲ့ဒါမျိုးက ကျွန်တော်တို့က ဒီမှာပဲတွေ့ဖို့ ဆုံးဖြတ်ထားတယ်။ အထက်ကလည်း ဒီမှာပဲတွေ့ဖို့ ညွှန်ကြားတယ်။ အဲ့ဒါကြောင့် ဒီမှာပဲစောင့်နေတယ်။ သူတို့က အစိုးရ ဧည့်ရိပ်သာမှာ လာပြီးတွေ့မယ်၊ အဲလိုနေရာမျိုးမှာ တွေ့လို့မရဘူး။ လူကြီးတွေက ဒီနေရာမှာတွေ့ဖို့ ဆုံးဖြတ်ထားလို့ ဒီနေရာမှာပဲ စောင့်နေတယ်။ ၉ နာရီခွဲ အထိ ချိန်းထားတယ်။ ၁၀ နာရီအထိ ကျွန်တော်တို့စောင့်တယ်။ အဲတော့စောင့်ပါတယ်။ မွန်ညီညွတ်ရေး ပါတီ MUP အဖွဲ့ရောက်မလာပါဘူးလို့ အစီရင်ခံတင်ပြပါ့မယ်"


မော်လမြိုင်မြို့က မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးမှာ နှစ်ဘက်တွေ့ဆုံဖို့ NLD ပါတီက အကြောင်းကြားထားပေမယ့် မွန်ညီညွတ်ရေးပါတီက ကြားနေရာတစ်ခုမှာ တွေ့ဆုံကြဖို့ မေတ္တာရပ်ခံထားပြီး နှစ်ဘက်ကြားမှာ နေရာညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် တွေ့ဆုံပွဲ အထမမြောက်ခဲ့ ပါဘူး။


နိုင်ငံရေးပါတီ တစ်ခုနဲ့တစ်ခုကြား အပြန်အလှန် အလေးထားမှု၊ တန်းတူသဘောထားမှုအပေါ် အခြေခံပြီး ကြားနေရာတစ်ခုမှာ တွေ့ဆုံဖို့ မွန်ညီညွတ်ရေးပါတီက မေတ္တာရပ်ခံခဲ့ပေမယ့် အကြောင်းမပြန်သေးဘူးလို့ မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောပါတယ်။


"လက်ရှိအချိန် (မနက် ၈ နာရီ) အထိက တတိယနေရာ တစ်နေရာမှာ တွေ့ဖို့ ကျွန်တော်တို့က သုံးကြိမ်အထိ မေတ္တာရပ်ခံခဲ့တယ်။ မေတ္တာရပ်ခံတဲ့အပေါ်မှာ NLD က တတိယနေရာမှာ တွေ့မလား။ မတွေ့ဘူးလား ဆိုတာကတော့ ဒီကနေ့အထိ ကျွန်တော်တို့ကို တရားဝင်အကြောင်းပြန်လာခြင်း မရှိသေးဘူး။"


နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ NLD နဲ့ မွန်ညီညွတ်ရေးပါတီ တွေ့ဆုံပွဲပျက်သွားတဲ့အပေါ် စိတ်မကောင်းကြောင်းနဲ့ အနိုင်ရပါတီ NLD အနေနဲ့ ဒီထက် သဘောထားကြီးဖို့လိုကြောင်း ထောက်ပြ ကြပါတယ်။


တိုင်းရင်းသားပါတီတွေနဲ့ တွေဆုံဆွေးနွေးတာဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်ရော၊ ငြိမ်းချမ်းရေးအတွက်ပါ အရေးကြီးပြီး အလွတ်သဘောဖြစ်ဖြစ် အလုပ်သဘောဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။


ဒီလို နေရာကိစ္စမှာတောင် ပြောင်းလွယ်ပြုလွယ် မရှိဘူးဆိုရင် ဒီထက်ကြီးမားတဲ့ ပြဿနာတွေဆို ဘယ်လိုညှိနှိုင်းဆွေးနွေးမလဲ ဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။


"တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ နေရာကိစ္စမှာတောင် ညှိနှိုင်းဆွေးနွေးလို့မရဘူး၊ ပြောင်းလွယ်ပြင်လွယ်ပေါ့လေ။ လိုက်လျောညီထွေအောင် ဆောင်ရွက်နိုင်မှုမရှိဘူးဆိုရင် ဒီထက်ပိုပြီးတော့ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံရေး ပြဿနာတွေ၊ ဖက်ဒရယ်အရေး ပြဿနာတွေ၊ ဒီမိုကရေစီအရေး ပြဿနာတွေကို ဘယ်လိုညှိနှိုင်းဆွေးနွေးမလည်းဆိုတဲ့ မေးခွန်းထုတ်စရာတော့ရှိတယ်"


အာဏာရပါတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ဗဟိုချုပ်ကိုင်မှု ကြီးမားနေပြီး တစ်ပါတီ အာဏာရှင်စနစ်ကလို ဗဟိုချုပ်ကိုင်မှုပုံစံ ဖြစ်နေတာဟာ ဒီမိုကရေစီနိုင်ငံရေးနဲ့ လိုက်လျောညီထွေမှု မရှိဘူးလို့လည်း ဒေါက်တာ ရန်မျိုးသိမ်း က သုံးသပ်ပါတယ်။


တွေ့ဆုံပွဲပျက်တာကို စိတ်မကောင်းကြောင်းနဲ့ ဒီလိုကိစ္စလေးနဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ တွေဆုံပွဲပျက်တာ မဖြစ်သင့်ဘူးလို့ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုအဖွဲ့က ဦးမြအေးက သုံးသပ်ပါတယ်။


"တွေ့ဆုံပွဲပျက်တာ နံပါတ် ၁ ပြောချင်တာက စိတ်မကောင်းဘူး၊ တကယ်တမ်းကျတော့ မတွေ့ခင်ကတည်းက တွေ့မယ်နေရာကိစ္စက ညှိနှိုင်းသင့်တာပေါ့၊ ကျနော့်သဘောထား ပြောရရင်တော့ဗျာ၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို ကျနော်တို့က ကောက်ခံမှာဆိုရင်တော သဘောထားဆန္ဒကို လိုက်လျောပြီးတော့မှ အင်အားကြီးတဲ့သူက လိုက်လျောပြီးတွေ့သင့်တယ်လို့ မြင်တယ်၊ အမှန်တကယ်က တော့ဗျာ ဒီလိုကိစ္စလေးနဲ့ တကယ်ကို တိုင်းပြည်အတွက်အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုကြီးတစ်ခု ပျက်သွားတာမျိုးတော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်"


NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ တွေ့ဆုံပွဲပျက်သွားတာကြောင့် နောက်ထပ်တွေ့ဆုံပွဲ ထပ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာကို မေးကြည့်ရာမှာတော့ ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကိုတင်ပြပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။


မွန်ညီညွတ်ရေးပါတီဘက်ကတော့ NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆန္ဒရှိပြီး ကြားတစ်နေရာမှာဆိုရင် တွေ့ဆုံဖို့ အမြဲရှိတယ်လို့ MUP ပါတီက နိုင်လယီတမက ဆိုပါတယ်။


၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အများစု ထပ်မံအနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က တိုင်းရင်းသားပါတီတွေဖြစ်တဲ့ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ဒီမိုကရေစီပါတီသစ် (ကချင်) က အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ မြစ်ကြီးနားမြို့ NLD ပါတီ ပြည်နယ်ရုံးမှာ ဇန်နဝါရီ ၁ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။


ဒီတွေ့ဆုံပွဲကို တရားဝင်ဖိတ်စာနဲ့ ဖိတ်ကြားလာတာ မဟုတ်ဘဲ ဖုန်းဆက်ချိန်းဆိုခဲ့တာ ဖြစ်တဲ့အပြင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံခဲ့တယ်ဆိုပြီး KSPP ပါတီက ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။


NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံရာမှာ အနိုင်ရ ကိုယ်စားလှယ်တွေရော ပါတီကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး လက်ရှိ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေကို ကိုယ်စားလှယ်အဖွဲ့က အစီရင်ခံစာ မတင်ပြသေးတာကြောင့် တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း ပြောပါတယ်။


NLD ပါတီ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ နောက်ထပ် ဘယ်ပြည်နယ်က ဘယ်တိုင်းရင်းသားပါတီနဲ့ တွေ့ဆုံဖို့ရှိမလဲ မေးမြန်းရာမှာတော့ လက်ရှိမသိရသေးဘဲ ပါတီ ဗဟို အလုပ်အမှုဆောင်အစည်းအဝေးပြီးမှ သိရမယ်လို့ ဆိုပါတယ်။


တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန် တို့ပါဝင်တဲ့ သုံးဦးကော်မတီအဖွဲ့ကို NLD ဗဟိုက ဒီဇင်ဘာလ ၁၂ ရက်နေ့ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။


https://www.rfa.org/burmese/news/nld-mup-meeting-cancel-01042021004248.html

No comments:

Post a Comment