ဖမ်းဆီးခံရပြီးအလောင်းဖျောက်ဖျက်ခံရသည့်ကျောက်တော်မြို့မှ ဦးကျော်လိူင်အတွက် ရဲဦးထုပ်ကိုသက်သေခံပစ္စည်းအဖြစ်တင်သွင်း
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဇန်နဝါရီ၄/၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ ဖမ်းဆီးခံရပြီး အလောင်းဖျောက်ဖျက်ခံရသည်ဟု မိသားစုများက ယုံကြည်ထားသူ ဦးကျော်လိူင်၏ အမှုအတွက် သက်သေခံပစ္စည်းဖြစ်သည့် ရဲဦးထုပ်ကို ဇန်နဝါရီ ၃ ရက်နေ့က ကျောက်တော်မြို့မရဲစခန်းတွင် သက်သေခံ အဖြစ် တင်သွင်းလိုက်သည်ဟု အမှုမှန် ပေါ်ပေါက်ရေး အတွက် လိုက်ပါ ကူညီပေးနေသူ ဦးကျော်လှမြင့်က ပြောကြားသည်။
“ ဟုတ်ပါတယ်။ မနေ့ကတော့ အဲဒီ ဦးကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ကျောက်တော် မြို့မ ရွှေကျောင်း ဓမ္မာရုံအနီးကရတဲ့ ရဲဦးထုပ်ကို မနေ့က သက်သေခံ အဖြစ်တင်သွင်းခဲ့ပါတယ်” ဟု ပြောကြားသည်။
၎င်းအမှုနှင့် ပတ်သက်ပြီး လူသတ် အလောင်းဖျောက်မှုနှင့် ကျောက်တော် ရဲစခန်းတွင် အမှုဖွင့်ထားပြီး ဒီဇင်ဘာ ၃၁ ရက်နေ့က မျက်မြင်သက်သေများကို စစ်ဆေးခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ ဦးကျော်လှိုင်သည် ပုလင်းခွံ၊ ဗူးခွံ၊ သံဆိုး၊ သံပျက်များကို လိုက်လံကောက်ယူရောင်းချပြီး လုပ်ကိုင် စားသောက်နေသူ တစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလှိုင် ၂ ရက်နေ့က ကျောက်တော်မြို့ ဦးအောင်ကျော်ဦးဆိုင်ရှေ့သို့ ရောက်ရှိနေစဉ် တပ်မတော်စစ်ကြောင်းတစ်ခုမှ ၎င်းအား ဖမ်းဆီးပြီး ရွှေကျောင်းသို့ ခေါ်ယူ သွားခဲ့ပြီး သုံးရက်ခန့် အကြာတွင် ၎င်း၏ အစိတ်စိတ်ပိုင်းပြတ်နေသည့် ခန္ဓာကိုယ်အား အထုပ်များဖြင့် ကုလားတန်မြစ်ကမ်းစပ်တွင်တွေ့ခဲ့ရသည်ဟု ကိုယ်တိုင်မြင်တွေ့လိုက်ရသူ ဦးအောင်ကျော်ဦးက ရဲစခန်းတွင် ဒီဇင်ဘာ ၃၁ ရက်နေ့က ထွက်ဆိုထားသည်။
“ ကျနော်ကို သက်သေထွက်ဆိုဖို့ ခေါ်တဲ့အတွက် ဒီဇင်ဘာ ၃၁ ရက်နေ့က ရွှေကျောင်းဓမ္မာရုံက ဆရာတော် ဦးစန္ဒိမာနဲ့အတူ ကျောက်တော်မြို့မ ရဲစခန်းကို ခေါ်တဲ့ အတွက်သွားရောက်ထွက်ဆိုခဲ့ပါတယ်။ ဒီနှစ် ဇူလိုင် ၂ ရက် ညနေ ၄ နာရီမှာ ဦးကျော်လိူင်က ကျနော်ဆိုင်ရှေ့မှာ ပလင်းခွံ၊ ဗူးခွံတွေရောင်းဖို့ ရောက်နေချိန်မှာ စစ်ကြောင်းတစ်ခုက သူ့ကို ဖမ်းဆီးပြီး မြို့မ ရွှေကျောင်းကို ခေါ်ယူသွားခဲ့တယ်။ စစ်ကြောင်းဝင်လာတော့ လူတွေက ကြောက်ပြီး အိမ်ခြံထဲကို ဝင်နေကြတယ်။ သူ့ကို ၅ မိနစ်လောက်မေးပြီး အဲဒီကျောင်းထဲကို ခေါ်သွားတယ်။ ကျောင်းက ကျနော်ဆိုင်နဲ့ဆို ကိုက် ၂၀၀ လောက်ဘဲ ဝေးပါတယ်။ ညကျရင်သူ့ကို နှိပ်စက်တဲ့အတွက် သူအော်သံတွေကို ကြားရပါတယ်။ ကျောင်းထဲမှာရှိတဲ့ ဆရာတော်တွေရော၊ သီလရှင်တွေရော သူ့ရဲ့ အော်သံကို ကြားကြပါတယ်။ ဆရာတော် ဦးစိန္ဒိမာဆိုရင် ကိုယ်တိုင်မြင်ရတော့ အကြောင်းစုံကို ပိုသိပါတယ်။ သုံးရက်လောက်အကြာမှာတော့ သူ့အလောင်းကို တစ်စစီ အပိုင်းပိုင်းဖြတ်ပြီး ပီနံအိတ်နဲ့ထုတ်ပြီး ကုလားတန်မြစ်ကမ်းစပ်တွေ့ခဲ့ကြရပါတယ်။ ဒါတွေကို ရဲက မေးမြန်းတဲ့ အတွက် သက်သေထွက်ဆိုခဲ့ပါတယ်။ ရဲကလည်း မှတ်တမ်းယူပါတယ်” ဟု ဦးအောင်ကျော်ဦးက ပြောကြားသည်။
အလားတူ ရွှေကျောင်းဓမ္မာရုံမှ ဆရာတော် ဦးစန္ဒိမာအား စစ်ဆေးရာတွင်လည်း ဆရာတော်မှ သူမြင်တွေ့ခဲ့ရသည်များကို ထွက်ဆိုခဲ့သည်ဟု သိရသည်။
ဆရာတော်၏ ထွက်ဆိုချက်ထဲတွင် ၂၀၂၀ ခုနှစ်၊ ဇူလှိုင် ၃ ရက် နံနက်ပိုင်း၌ ဓမ္မာရုံတောင်ဘက် နံဘေးသို့ ရေချိုးရန် ထွက်လာစဉ် လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုတ် ချည်နှောင်ပြီး ထိုးကြိတ်ရိုက်နှက်ထားသော မျက်နှာရောင်ရမ်းဖုညို ဒဏ်ရာများနှင့် ပိန္နဲပင်အနီးတွင်တွေ့ရှိခဲ့ကာ ယင်းချည်နှောင်ခံထားရသူမှာ “ဆရာတော်”“ဆရာတော်” အော်ခေါ်ရာ ရိုက်နှက်ထားသော ဒဏ်ရာများကြောင့် အသံက မသဲကွဲ၍ နဂို အသံနှင့် မတူသဖြင့် ဦးပဇင်းလည်း မမှတ်မိခဲ့ကြောင်း၊ အော်ခေါ်၍ အကူအညီတောင်းသော်လည်း တပ်မတော်သားများက ဝိုင်းကြည့်နေသည့် အတွက် စိုးရွံ့မိ၍ ရေချိုးသန့််စင်ပြီးလျှင် ဓမ္မာရုံသို့ ပြန်ဝင်ခဲ့ပါကြောင်း ဖော်ပြသည်။
အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ဓမ္မာရုံတွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ နေထိုင်လျက်ရှိပြီး ၎င်းတို့မှာ ဓမ္မာရုံတွင် သုံးညအိပ်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် ထိုးကြိတ် ရိုက်နှက်ခံရသူမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ အသက် ၃၁ နှစ်အရွယ် ဦးကျော်လိူင်ဟု သိရှိရကြောင်း၊ ဇူလှိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ဓမ္မာရုံ၏ အရှေ့ဘက် ကုလားတန် မြစ်ကမ်းစပ်တွင် ဦးကျော်လှိုင်၏ ခန္ဓာကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတစ်စီကို ပီနံအတ်ခွံထဲတွင် ထည့််ကာ အလောင်းအား ဖျောက်ဖျက်ထားသည်ကို တွေ့ရှိရပါသည်ဟု ဖော်ပြထားသည်။
ဦးကျော်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်စုချေမှ သူ့လင်သေဆုံးမှုအတွက် အမှုဖွင့်နိုင်ရန် ဒီဇင်ဘာ ၃၁ ရက်နေ့က ပြန်တင်ခဲ့သည်ဟု ပြောဆိုသည်။
“ ရဲကတော့ အမှုကို လုပ်ပေးမယ်လို့ ပြောပါတယ်။ အမှုကို အသစ်ပြန်သွားတင်တာပါ။ ကျွန်မတို့ကတော့ လင်ယောကျ်ားတစ်ယောက် အသတ်ခံရတယ်။ အလောင်းဖျောက်ခံရတယ်။ ဒီအတွက် ဥပဒေကြောင်းအရ တရားမျှတမှုကို လိုချင်ပါတယ်။ အခု ဆိုရင် ယောကျ်ားဆုံးသွားတဲ့ အတွက် ၂ နှစ်အရွယ် သမီးငယ်နဲ့ ဘဝကို ပင်ပင်ပန်းပန်း ဖြတ်သန်းနေရပါတယ်။ အမှုမှန် ပေါ်ပေါက်ပြီး ကျူးလွန်သူတွေကို အရေးယူပေးစေချင်ပါတယ်” ဟု ပြောကြားသည်။
ယင်းကဲ့သို့ ဦးကျော်လှိုင် သတ်ဖြတ်ဖျောက်ဖျက်ခံရမှုနှင့် ကျောက်တော်မြို့မ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ အမှုအမှတ် ၃၁/၂၀၂၀ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် ထားကြောင်းနှင့်တပ်ရင်း/တပ်မ အမည်များကို မသိရသေးသဖြင့် ပြစ်မှု ကျူးလွန်သူအဖွဲ့အား အထက်သို့ အဆင့်ဆင့်တင်ပြပြီး စုံစမ်းမည်ဖြစ်ကြောင်း ရဲစခန်းတာဝန်ရှိသူမှ ပြောကြားခဲ့သည်ဟု ဦးကျော်လှမြင့်က ပြောကြားသည်။
ကျောက်တော်မြို့မ ရဲစခန်းမှူးသို့ ယနေ့ နံနက် ၁၀ နာရီမိနစ် ၂၀ က ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
(ဓာတ်ပုံများ- ဦးကျော်လှမြင့်)
----------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ၄/၂၀၂၁
https://burmese.narinjara.com/.../5ff292d43f8935047dbb79c6
https://www.facebook.com/narinjara.info/posts/3930145316997516
No comments:
Post a Comment