ကိုးကန့်ဒေသတိုက်ပွဲမှာ ပျောက်ဆုံးသွားတဲ့ မန်ကျူးကျေးရွာသား ၃ ဦးထဲက ၁ ဦးကို MNDAA တပ်ဖွဲ့ထဲ ပြန်တွေ့၊ မိသားစုဝင်တွေက တွေ့ဆုံလို
မိုင်းအနိုင်၊ ရွှေဖီမြေ
ဇန်နဝါရီ ၃၁ ရက်၊ လောက်ကိုင်
လွန်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ် တပ်မတော်နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လောက်ကိုင်မြို့အနီးရှိ မန်ကျူးရွာဟောင်းကျေးရွာသား ၃ ဦးပျောက်ဆုံးသွားခဲ့ပြီး ၁ ဦးကို MNDAA တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြောင်း သိရှိရပြီး မိသားစုဝင်တွေက ၎င်းနဲ့ တွေ့ဆုံလိုကြောင်း ပြောပါတယ်။
MNDAA တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူမှာ အမန့်ဆိုသူဖြစ်ပြီး ၎င်းနဲ့အတူ ပျောက်ဆုံးသွားတဲ့ အမောင်နဲ့ ကွန့်ယေးတို့ကိုတော့ မိသားစုဝင်တွေဘက်က ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ ပြောပါတယ်။
၎င်းတို့ ၃ ဦးဟာ လောက်ကိုင်မြို့အနီးတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အိမ်စောင့်အဖြစ် နေထိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
အမန့်ဆိုသူဟာ MNDAA တပ်ဖွဲ့ထဲမှာ ရှိနေပြီး လက်ရှိမှာတော့ လားရှိုးမြို့နယ် မိုင်းယော်ဒေသမှာ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
အမန့်ရဲ့ မိသားစုဝင်တစ်ဦးက “အမန့်က တစ်ခါထွက်ပြေးပြီးတော့ အိမ်နဲ့အဆက်အသွယ် လုပ်တယ်။ မိသားစုတွေကလည်း သူနဲ့ပြန်တွေ့တယ်ဆိုပြီး ဝမ်းသာတုန်း ရှိသေးတယ်။ သူပြန်ဖို့လုပ်တဲ့အချိန်မှာ တရုတ်တစ်ယောက်နဲ့တွေ့ပြီး အဲတရုတ်က သူ့ကို MNDAA လက်ထဲပဲ ပြန်ပို့ပြီး ဖမ်းသွားလိုက်တယ်” လို့ ပြောပါတယ်။
မိသားစုဝင်ဘက်ကတော့ ၆ နှစ်ကျော်ကြာ ပျောက်သွားဆုံးသွားတဲ့ ၎င်းတို့ရဲ့သားကို တွေ့ဆုံလိုတယ်လို့ ပြောပါတယ်။
“မိသားစုဝင်ဘက်ကတော့ သူ့ကို ဒီအတိုင်းပဲ ပြန်တွေ့ချင်နေတယ်။ စစ်ထဲနေလည်း ဘာမှမဖြစ်ဘူး။ အကုန်လုံးက သူတို့ ၃ ယောက်လုံး သေပြီပဲ ထင်နေတာလေ။ ပြီးတော့ ကျန်တဲ့ နှစ်ယောက်လည်း ဘယ်ရောက်နေလဲ မသိဘူး။ အမန့်က ထွက်ပြေးလာဖို့ လုပ်နေတာဆိုတော့ စကားကောင်းကောင်းတောင် မပြောရသေးဘူး။ သူနဲ့တွေ့ရရင်တော့ ကျန်တဲ့ နှစ်ယောက်အကြောင်းကိုလည်း မေးလို့ရမယ်” လို့ ၎င်းမိသားစုဝင်တစ်ဦးက ဆက်ပြောပါတယ်။
အမန့်နဲ့အတူ ပျောက်ဆုံးသွားတဲ့ အမောင်နဲ့ ကွန့်အယေးတို့လည်း MNDAA တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေရတယ်လို့ ယူဆကြောင်း ပြောပါတယ်။
၆ နှစ်ကျော်ကြာ ပျောက်ဆုံးသွားတဲ့ အမန့်ကို မိသားစုဝင်တွေနဲ့ တွေ့ဆုံနိုင်ဖို့ MNDAA တပ်ဖွဲ့နဲ့ ညီနောင် မဟာမိတ်ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထံ အကူအညီတောင်းထားတယ်လို့ သိရပါတယ်။
အမန့်ဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ၎င်းရဲ့ မိဘနဲ့ အမျိုးသမီးတို့ဟာ လောက်ကိုင်မြို့နယ် မန်ကျူးရွာဟောင်းမှာ နေထိုင်ကြပါတယ်။
No comments:
Post a Comment