စစ်ရှောင်စခန်းမှ ရွာပြန်ဖားပြိုရွာသားမိသားစု ၁၂ စုအထောက်အပံ့မရ၍ ရပ်တည်ရေးအခက်အခဲဖြစ်
နိရဉ္စရာ၊ ဇန်နဝါရီ၅/၂ဝ၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သည်ကံစစ်ဘေးရှောင်စခန်းမှ နေရပ်ရွာ ဖားပြိုသို့ ပြန်သွားကြသည့် မိသားစု ၁၂ စု၊ လူဦးရေ ၃၈ ဦးသည် အထောက်အပံ့အကူအညီ တစ်စုံတစ်ရာ မရသဖြင့် ရွာကနေ စစ်ရှောင်စခန်းသို့ တစ်ဖန် ပြန်သွားရမည့် အခြေအနေသို့ ရောက်ရှိနေကြသည်ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“ အခု ကျွန်တော်ကို သတင်းပို့တာက ရွာကို ပြန်လာကြတဲ့သူတွေ အခက်အခဲဖြစ်နေတယ်လို့ သိရတယ်။ အိမ်ထောင်စု ၂ဝ လောက်လို့ သိရတယ်။ ပြည်နယ်အစိုးရလည်း ရွာကို ပြန်တဲ့သူတွေကို လိုအပ်တာတွေ ကူညီပေးမယ်လို့ ထုတ်ဖော်ပြောကြားထားတာရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ သူတို့က အကူအညီ မရဖြစ်နေတယ်။ ရွာထဲမှာက ဘာရိက္ခာမှ မရှိတော့ဘူး။ အိမ်တွေလည်းပြို၊ အိမ်ပြတင်းမှန်တွေဆို ဂဲနဲ့ ပေါက်ထားတဲ့ အတွက် အကုန်လုံးရစရာမရှိအောင်ဖြစ်နေတယ်။ မီးကြိုးတွေလည်း အကုန်လုံးဖြတ်ပြီး ယူသွားကြတယ်” ဟု ဦးလှသိန်းအောင်က ပြောသည်။
သို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သို့ ရွာပြန်သူများ အခက်အခဲ ဖြစ်နေကြောင်းကို အကြောင်းကြားခဲ့ကြောင်း၊ ဝန်ကြီးဦးဝင်းမြင့်မှ စာရင်းကောက်ပြီး တင်ပေးပါဟု ပြောကြားလာသဖြင့် စာရင်းကောက်ပြီး ပို့ထားကြောင်း ၎င်းက ဆက်ပြောသည်။
“ အခုထိ ဘာအကူအညီမှ မရေသေးဘူး။ သတင်းကြားရတာက သူတို့လည်း ဒီအတိုင်း အထောက်အပံ့ မရဘူးဆိုရင် ရွာမှာဆက်မနေနိုင်ဘူး။ စစ်ဘေးရှောင်စခန်းကို ပြန်မယ်လို့ ပြောနေကြတယ်။ ဘာဘဲဖြစ်ဖြစ် လက်ရှိ ရွာပြန်ကြတဲ့သူတွေကို ပြည်နယ် အစိုးရရဲ့ အနေနဲ့ ပြောဆိုထားတဲ့ အတိုင်း ကူညီသင့်တယ်။ ရွာတွေမှာ ဘာရိက္ခာမှ မရှိဘူး။ စစ်ဘေးရှောင် စခန်းမှာ မနေတဲ့အတွက် စခန်းက အကူအညီမရသလို၊ ရွာကို ပြန်လာတဲ့ အတွက် အကူအညီလည်း မရဘူးဆိုတော့ သူတို့ အခက်အခဲဖြစ်နေကြတယ်” ဟု ဦးလှသိန်းအောင်က ပြောကြားသည်။
သည်ကံ အုပ်ချုပ်ရေးမှူးက အိမ်ထောင်စု ၁၂ စု၊ လူပေါင်း ၃၈ ဦး ဖားပြိုရွာသို့ ပြန်သွားကြသော်လည်း လူပေါင်း တစ်ထောင်ကျော်မှာ သည်ကံစစ်ရှောင်စခန်းတွင် ဆက်လက်ရှိနေကြတုန်းဟု ပြောကြားသည်။
“ သည်ကံရွာ စစ်ဘေးရှောင် စခန်းမှာနေထိုင်တဲ့ ဖားပြိုရွာသားတွေအထဲက မိသားစု ၁၂ စုက ရွာကို ပြန်သွားကြတယ်။ လူဦးရေ ၃၈ ဦးပြန်သွားကြတယ်။ ကျန်တဲ့ လူပေါင်း တစ်ထောင်ကျော်ကတော့ မပြန်နိုင်ကြသေးဘူး။ အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု ၎င်းအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
သည်ကံရွာ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသူပေါင်းမှာ အိမ်ထောင်စု ၂ဝဝ ကျော်၊ လူပေါင်း ၁၂၆၆ ဦးရှိသည်ဟု သိရသည်။
“ ပြန်တဲ့လူတွေက ဒီလိုပဲ ရှိတာလေးနဲ့ ပြန်သွားကြတာ။ အခုအချိန်ထိ ရိက္ခာမရတာကလွှဲလို့ ပြဿနာ တစ်စုံတစ်ရာဖြစ်တာတော့ မရှိသေးဘူး။ ကျန်တဲ့ရွာသားတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြတယ်။ ပြန်ချင်ကြပေမယ့်လည်း ပြဿနာဖြစ်မှာကို ကြောက်တော့ မပြန်ရဲကြဘူး။ စားရေးသောက်ရေးကလည်း ရှိသေးတယ်” ဟု ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ယနေ့ ည ၄ နာရီ မိနစ် ၂ဝ ခန့်က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။
----------------------------
Unicode -
နိရဉ်စရာ၊ ဇနျနဝါရီ၅/၂ဝ၂၁
https://burmese.narinjara.com/.../5ff456b33f8935047dbb79da
https://www.facebook.com/narinjara.info/posts/3933717783306936
No comments:
Post a Comment