Monday, January 4, 2021

အအေးဒဏ်ပိုလာ၍ မြောက်ဦး-စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် မွေးကင်းစကလေးငယ်များ၊ မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်နေ

 အအေးဒဏ်ပိုလာ၍ မြောက်ဦး-စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် မွေးကင်းစကလေးငယ်များ၊ မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်နေ

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ ဇန်နဝါရီ ၅/၂၀၂၁

နတ်တော်လဆန်းမှ စပြီး အလွန်ချမ်းအေးလာသဖြင့် လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ မွေးကင်းစကလေးငယ်များ၊ မွေးကင်းစကလေးမိခင်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် စောင်နှင့်အနွေးထည်များ အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

စင်းဘောကိုင်း စခန်းတာဝန်ခံ မဥမ္မာနွယ်က “ ဒီဒေသ လေးမြို့ချောင်း စင်းဘောကိုင်းက ချောင်းဖျားဆိုတော့ တစ်ခြား ဒေသထက် အချမ်းကြီးပါတယ်။  ဒီနှစ်မှာတစ်ခါ တော်တော်လေး ပိုပြီးနှစ်တိုင်းထက် ချမ်းနေပါတယ်။ တအားချမ်းတော့ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစကလေးတွေ၊ ကလေးအမေတွေ၊ နောက်ပီးရင် သက်ကြီး ရွယ်အိုတွေက တစ်ခြားလူတွေထက် ပိုအဆင်မပြေ ဖြစ်နေပါတယ်။ မနက် ၄ နာရီဆို တအားချမ်းတယ်ဆိုပြီး မီးလှုံနေကြတယ်။ စောင်တွေ၊ အနွေးထည်တွေ အလုံအလောက်မရှိတော့ အများကြီး အခက်အခဲ ခံနေကြရတယ်” ဟု ပြောဆိုသည်။ 

တချို့ သက်ကြီးရွယ်အိုများမှာ အချမ်းဒဏ်ကြောင့် ခန္ဓာကိုယ် အဆစ်များ ထုံကျင် ကိုက်ခဲမှုများ ဖြစ်ပေါ် နေကြောင်း၊ သက်ကြီးရွယ်အို နှစ်ဦးသုံးဦးမှာ ချမ်းအေးသဖြင့် လက်များနှင့် ခြေများ ထုံကျင်ကိုက်ခဲ၍ မသွားနိုင်၊ မလာနိုင်ဖြစ်နေကြောင်း စခန်းတာဝန်ခံ မဥမ္မာနွယ်က ဆက်လက် ပြောဆိုသည်။

လက်ရှိတွင် စင်းဘောကိုင်း စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၀၊ ကျား ၁၉၂၃ ဦး၊ မ ၁၉၆၅ ဦး၊ စုစုပေါင်း ၃၈၈၈ ဦးရှိကြောင်း၊ ထိုအထဲတွင် ပလက်၀ မြို့နယ် မီးဝ၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်းစုံမှ လူများပါဝင်ကြောင်း သိရသည်။

စခန်းကော်မတီဝင် ကိုတင်မြင့်က “ အခု အရမ်းချမ်းလာပါတယ်။ နတ်တော်လကနေ ပိုချမ်းလာပါတယ်။ ချမ်းလွန်းအားကြီးတော့ မအိပ်နိုင်ဘူး။ မီးထလှုံရတယ်။ အဓိက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် စောင်နဲ့ အနွေးထည် လိုအပ်နေပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

အထူးသဖြင့် ဆင်းရဲသော မိသားစုများတွင် မိသားစုတစ်ခုလုံး၌ စောင်နှစ်ထည်၊ သုံးထည်သာရှိ၍ ညအိပ်ရာဝင်ချိန်တွင် အခက်အခဲဖြစ်နေကြရကြောင်း၊ ညအချိန် ချမ်းအေးဒဏ်ကို မခံနိုင်၍ မီးထလှုံကြနေကြကြောင်း ၎င်းက ဆိုသည်။

“ အခု ဒီစခန်းမှာရှိတာက ပလက်၀ မြို့နယ် မီးဝက မိသားစု ၁၇ စုလောက်ရှိတယ်။ ကျန်တာတွေက မြောက်ဦးမြို့နယ် အလယ်ရွာ၊ ဘုရားကြီး၊ သာပေါင်၊ မော်ရွာသစ်၊ မော်ရွာဟောင်း၊ ကုန်းရွာ အစုံပါပဲ။ ရွာကို ပြန်ချင်ကြပေမယ့် ရွာတွေမှာ ရိက္ခာဘာမှ မရှိတော့သလို လုံခြုံရေးကလည်း မကောင်းဘူး။ မိုင်းတွေကလည်း စိုးရိမ်နေကြရတော့ ဘယ်သူမှ ကိုယ့်ရွာကိုယ် မပြန်နိုင်ကြဘဲ ဖြစ်နေကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

၎င်းစခန်းတွင် ဆန်ရိက္ခာကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တစ်ခုတည်းကသာ လက်ရှိ အကူအညီ ရရှိပြီး အစိုးရထံ (လူကယ်ပြန်) မှ ၉ လပိုင်း (စက်တင်ဘာလ တစ်ကြိမ်) နှင့် ၁၁ လပိုင်း (နိုဝင်ဘာ ၂၈ ရက်) နေ့ တစ်ကြိမ် ရောက်ရှိပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီအတွက် မရောက်ရှိသေးဟု စခန်း တာဝန်ရှိသူများက ပြောကြားသည်။ 

------------------------- 

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၅/၂၀၂၁









https://burmese.narinjara.com/.../5ff435d83f8935047dbb79d8


https://www.facebook.com/narinjara.info/posts/3933477706664277

No comments:

Post a Comment