မြတန်ဆောင်းဖောင်ဒေးရှင်းမှ ရခိုင်အကျဉ်းထောင် ၃ ခုမှ နိုင်ငံရေး အကျဉ်းသား ၁၃၀ ကျော်အတွက် စားနပ်ရိက္ခာနှင့်အသုံးအဆောင်များ သွားရောက်ထောက်ပံ့ကူညီ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဇန်နဝါရီ၃/၂၀၂၁
ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင် ၃ ခုမှ နိုင်ငံရေး အကျဉ်းသား ၁၃၆ ဦးအတွက် စားနပ် ရိက္ခာနှင့် လိုအပ်နေသည့် အသုံးအဆောင်ပစ္စည်းများကို မြတန်ဆောင်းဖောင်ဒေးရှင်းမှ မြတန်ဆောင်းဆရာတော်ကိုယ်တိုင်ဦးစီးပြီး ဇန်နဝါရီ ၂ ရက်နေ့က သွားရောက်ကူညီ လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
မြတန်ဆောင်း ဆရာတော်က “ စစ်တွေထောင်၊ ကျောက်ဖြူထောင်နဲ့ သံတွဲထောင်က အဓိက နိုင်ငံရေး အကျဉ်းသားတွေ သက်တောင့် သက်သာ နေနိုင်အောင် ရည်ရွယ်ပြီး ထောက်ပံ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားဆိုတာက ရာဇဝတ်မှုနဲ့ ကျတာ မဟုတ်ဘူး။ ယုံကြည်ချက် တစ်ခုခုကြောင့်ကျတယ်။ အဲဒါကြောင့် သူတို့တွေ ထောင်ထဲမှာ နေထိုင်တဲ့ အခါ အဆင်ပြေပြေ နေနိုင်အောင် သွားရောက် ထောက်ပံ့ကူညီတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။
လက်ရှိ ရခိုင်ပြည်နယ်မှ စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးသမား ၆၅ ယောက်၊ ကျောက်ဖြူ အကျဉ်းထောင်တွင် နိုင်ငံရေးသမား ၆၂ ယောက်နှင့် သံတွဲအကျဉ်းထောင်တွင် ၉ ယောက်ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။
“ ဒီနိုင်ငံရေး အကျဉ်းသားတွေကို အပြင်က လူတွေက ဂရုမစိုက်တဲ့အခါမှာ၊ ဂရုစိုက်တဲ့ လူတွေမရှိ တဲ့ အခါ သူတို့ကို ဂရုစိုက်ထောက်ခံတဲ့ လူမရှိဆိုပြီးတော့ သူတို့ရဲ့ နဂိုက ရှိပြီးသား ယုံကြည်မှုနဲ့ ရပ်တည်ချက်တွေဟာ ပျက်ပြယ်သွားတာကို တွေ့ရပါတယ်။ ဦးဇင်း ထောင်ကနေ ပြန်ထွက်လာတဲ့ အခါမှာ နဂိုအလုပ်ကို မလုပ်ပဲနဲ့ ရပ်တန့်လားတဲ့သူတွေကို တွေ့ရပါတယ်၊ အဲသလို မျိုး မဖြစ်ရအောင်၊ စိတ်ပျက်မှုတွေ မဖြစ်ရအောင် အဲဒီနိုင်ငံရေး အကျဉ်းသားတွေရဲ့ နောက်မှာ ပြည်သူ လူထုတွေ ရှိနေတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ဆက်လက် မိန့်ကြားသည်။
ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင် သုံးခုမှ ပစ္စည်းများ ကူညီရာတွင်လည်း အကျဉ်းထောင်အလိုက် လိုအပ်ချက် အပေါ်တွင် မူတည်ပြီး ကူညီထောက်ပံ့ပေးသည်ဟု သိရသည်။
“ အဓိက လှူတာက အကျဉ်းသားတွေ လိုအပ်တာတွေ ဘာတွေလဲ အရင် စုံစမ်းပါတယ်။ စစ်တွေ ထောင်အတွက်ဆိုရင် မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ငပိ ဦးစားပေး ပို့ပေးပါတယ်။ ကော်ဖီ၊ မုန့်၊ အနွေးထည်တွေလည်း ထောက်ပံ့ပေးခဲ့တယ်။ ကျောက်ဖြူထောင်နဲ့ သံတွဲထောင် အတွက်ဆိုရင် ငနီတူ အကျော်၊ အင်္ကျီ၊ လုံချည်၊ ဖိနပ်၊ ကော်ဖီ၊ မုန့် စတာတွေကို ထောက်ပံ့ခဲ့ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ထောက်ပံ့ကူညီမှုအား လစဉ် ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်လတွင်လည်း ဆက်လက် လှူဒါန်းထောက်ပံ့နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
-------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ၃/၂၀၂၁
(Photo by Mrata Zaung Saradaw Post)
https://burmese.narinjara.com/.../5ff168283f8935047dbb79c0
https://www.facebook.com/narinjara.info/posts/3927755430569838
No comments:
Post a Comment