Monday, January 4, 2021

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကို တွေ့ဆုံဆွေးနွေးရန် အစိုးရ ကမ်းလှမ်း

 ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း လုံးဝတွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့သည့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့အား တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရန် အစိုးရက ကမ်းလှမ်းထားကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွန်ဂျာက မြန်မာတိုင်းမ်ကို အတည်ပြုပြောဆိုသည်။

အစိုးရ၏ ကမ်းလှမ်းချက်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်ရန် ကြားဝင်စေ့စပ်ပေးနေသည့် PCG ထံ ဒီဇင်ဘာ ၁၆ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းကမ်းလှမ်းချက်အား မြောက်ပိုင်းအဖွဲ့များထံ ပေးပို့ထားကြောင်း ၎င်းကပြောသည်။

“သူတို့တွေ့ချင်တဲ့ ဘယ်နေ့ ဘယ်ရက် ဘယ်နေရာကို နှစ်သစ်ကူးပြီးရင် အကြောင်းပြန်မယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ပြောထားပါတယ်။ အခုထိတော့ အကြောင်းမပြန်သေးပါဘူး။အစိုးရဘက်က ကမ်းလှမ်းထားတာကတော့ ကျိုင်းတုံနဲ့ မြစ်ကြီးနားလို့ ပြောထားတယ်” ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
အစိုးရဘက်က မြောက်ပိုင်း လေးဖွဲ့နှင့် ဇန်နဝါရီလ ဒုတိယပတ်အတွင်းတွေ့ဆုံရန် ဆန္ဒရှိကြောင်း အဆိုပြုချက်ပြုလုပ်ထားသောကြောင့် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ဖွယ်ရှိသည်ဟု  ၎င်းက သုံးသပ်ပြောဆိုသည်။

“ ကျွန်တော်တို့လည်း အစိုးရ ကမ်းလှမ်းထားတဲ့ စာကို လက်ခံရရှိထားပါတယ်။ ဆွေးနွေးရေးနဲ့ ပတ်သတ်လို့ ကျွန်တေ်ာတို့ အမြဲတမ်း အဆင်သင့်ရှိပါတယ်။” ဟု တအာင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်က မြန်မာတိုင်းမ်ကိုပြောသည်။

မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။ အစိုးရနှင့်မြောက်ပိုင်း (၄)ဖွဲ့အကြား Bilateral Ceasefire Agreement  လက်မှတ် ရေးထိုးနိုင်ရေးညှိနှိုင်းနေခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် NCA လက်မှတ်ရေးထိုးလာရန် အစိုးရက ရည်မှန်းထားသည်။

ပြည်တွင်း၌ Covid-19 ကူးစက် ပျံ့နှံ့မှု လျော့ကျသွားပြီးနောက် အစိုးရက လူချင်းတွေ့ဆုံသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကမ်းလှမ်းမှုများ ပြုလုပ်ထားသည်။

https://myanmar.mmtimes.com/news/149338.html

No comments:

Post a Comment