ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားပြည်သူများ ပူးပေါင်းရန် သမ္မတတိုက်တွန်း
04-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၄
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး တက်ကြွစွာပူးပေါင်း ပါဝင်ပေးရန် နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ထည့်သွင်းတိုက်တွန်းပြောဆိုခဲ့သည်။
အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်လည်းကောင်း၊ နိုင်ငံတော်၏ ပကတိအခြေအနေအရလည်းကောင်း၊ ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စု ပုံစံနှင့်လည်းကောင်း ကိုက်ညီစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။
ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
"စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်စေဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေးဆိုတဲ့ လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်ကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြဖို့ လိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
တိုင်းရင်းသားအားလုံး၏ ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်းညီညွတ်စွာ ကြိုးပမ်းပါက အနာဂတ်ကာလတွင် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် လူမှုဆက်ဆံရေး တရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းအခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို တန်းတူရည်တူရရှိရန်မှာ အလွန်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
"နိုင်ငံတော်အစိုးရအနေနဲ့က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအားလုံး အမြန်ဆုံးချုပ်ငြိမ်းအောင်၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိအောင်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်နိုင်အောင် ရည်ရွယ်ပြီးတော့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာအောင် ပြန်လည်တည်ဆောက်နိုင်တာနဲ့အမျှ တစ်နိုင်ငံလုံးရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုအားစိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁ ရာစု ပင်လုံ) စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော သဘောတူညီချက်များကိုလည်းကောင်း၊ ၂၀၂၀ အလွန်ဆက်လက်ဆောင်ရွက်မည့် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကိုလည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများကိုလည်းကောင်း သဘောတူလက်မှတ်ရေးထိုးထားသည်။
ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ယခုကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ပြီး ရင်ဆိုင်ကျော်လွှားကြရမည်ဟု နိုင်ငံတော်သမ္မတ ကဆိုသည်။
http://thevoicemyanmar.com/news/45333-llo
No comments:
Post a Comment