Monday, January 4, 2021

မြန်မာအပေါ် ICJ က ချမှတ်ထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားဖြတ်အမိန့် လိုက်နာမှု ရှိ၊ မရှိ ICJ က ဘယ်လို စောင့်ကြည့် စိစစ်တော့မလဲ

 မြန်မာအပေါ် ICJ က ချမှတ်ထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားဖြတ်အမိန့် လိုက်နာမှု ရှိ၊ မရှိ ICJ က ဘယ်လို စောင့်ကြည့် စိစစ်တော့မလဲ

By ရန်ကုန်ခေတ်သစ်
အပြည်ပြည်ဆိုင်ရာ တရားရုံးICJ က ၎င်းတို့ချမှတ်ထားသော ကြားဖြတ်အမိန့်များကို အကောင် အထည်ဖော်ခြင်းရှိ၊ မရှိစောင့်ကြည့်စိစစ်မည့် ကော်မတီတစ်ရပ် (ad Hoc committee) ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကြားဖြတ်အမိန့်ကို လိုက်နာခြင်းရှိ၊ မရှိ စိစစ်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ICJ တရားရုံး ဆိုင်ရာ Article 11 အရ ယင်းသို့ ဖွဲ့စည်းခြင်းဖြစ်ပြီး ယင်းကော်မတီတွင် တရားသူကြီး ၃ ဦးပါဝင်ကြောင်း၊ အဆိုပါ ကော်မတီက တရားရုံးက ချမှတ်ထားသော ကြားဖြတ်အမိန့်များ အကောင်အထည်ဖော်ခြင်းများကို စောင့်ကြည့်လေ့လာခြင်းဖြင့် တရားရုံးကို ထောက်ကူပေးမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ဘက်ပေါင်းစုံက ပေးလာသော သတင်းအချက်အလက်များ စိစစ်ပြီး တရားရုံးတော်သို့ တင်ပြမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ဆုံးဖြတ်ချက်များကို တရားရုံးတော်က ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ICJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Article 11 အရ ကော်မတီသည် နှစ်ဖက်စလုံးက တင်ပြလာသည့် သတင်းအချက်အလက်များအပေါ် အခြေခံ စိစစ်၍ ကြားဖြတ် အကောင်အထည်ဖော်မှုရှိ၊ မရှိ စိစစ်မည်ဖြစ်ကြောင်း၊ ကော်မတီသည် ICJ တရားရုံးသို့ ပုံမှန် အစီရင်ခံမည်ဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်များအတွက် အထောက်အကူပြုနိုင်သော အကြံပြုချက်များ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ်အမိန့် တစ်ရပ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ချမှတ်ထားခဲ့ပြီးဖြစ်သည်။
ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်းရှိ ရိုဟင်ဂျာလူမျိုးစုများကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ကျူးလွန်သူများကို ထိရောက်သော ဟန့်တားမှုများ မလုပ်ဆောင်နိုင်ခဲ့သဖြင့် အောက်ပါ အမိန့် ၄ ချက်ပါ အမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂)အရ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်အောင် ဆောင်ရွက်ရန်
(၂) မြန်မာစစ်တပ်၊ပြည်သူ့စစ်နှင့် တခြား လက်နက်ကိုင်တပ်ဖွဲများက ဂျီနိုဆိုက် ထပ်မကျုးလွန်နိုင်စေရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားရန်
(၃) ဂျီနိုဆိုက်သက်သေများကို ဖျက်ဆီးမှုများမရှိစေရန် မြန်မာအစိုးရက ဆောင်ရွက်ရန်
(၄) ယခု အမိန့်ချမှတ်သည့်နေ့မှစ၍ ၄ လအတွင်း ဆောင်ရွက်မှုများအားလုံးကို အစီရင်ခံစာတင်ပြရန်နှင့် နောက်ဆုံးအမိန့်မချမှတ်မီ ၆ လတိုင်း အစီရင်ခံစာ တရားရုံးသို့ တင်သွင်းရန်တို့ဖြစ်သည်။

https://www.facebook.com/khitthitnews/posts/1100914370345908?__cft__[0]=AZWCARo4nip7pA2fSxgrUFzscBtM_Amcpdc_zjekE9ZrptfSzSWEEIFgCWJGvb62Jqxwx2b3pta82MqP6ietnCwnefudHBOohqwnn66KJNvnZcevTWIrBGZif8B5ifg9bU3QWPXSuTx7aeMpc4qCSWQW&__tn__=%2CO%2CP-R

No comments:

Post a Comment