တိုက်ပွဲကြောင့် ထွက်ပြေးလာနေတဲ့ ဒေသခံတွေကို ကျေးရွာအထိ သွားကြိုဖို့တောင်းခံခဲ့တဲ့ ပရဟိတအဖွဲ့တွေကို RCSS တပ်ဖွဲ့က ခွင့်မပြု
လွေးပိုးဆငယ်၊ ရွှေဖီမြေ
ဒီဇင်ဘာ ၃၀ ရက်၊ ကျောက်မဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု ကောင်းခါးနဲ့ မန်စံကျေးရွာခံတွေဟာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ထွက်ပြေးလာနေကြပြီး ဒေသခံတွေကို ကျေးရွာအထိ ကြိုဖို့လုပ်နေတဲ့ ပရဟိတအသင်းတွေကို RCSS တပ်ဖွဲ့က ကြိုခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိ ကျေးရွာကနေ ထွက်ပြေးဖို့ လုပ်နေတဲ့ ကောင်းခါးရွာခံ (၄၀)ဦးနဲ့ မန်စံကျေးရွာခံ (၂၀)ဦးကျော် ကျန်ရှိနေတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “မနေ့က ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီး လာကြိုဖို့ အကူညီတောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပရဟိတအသင်းတွေက ရွာထိတက်လို့ မရဘူးဗျ။ RCSS က ပေးမတက်တာပါ။ ရွာသားတွေကတော့ ရွာကနေ ထွက်လာလို့ရတယ်။ ကျွန်တော်တို့ ပရဟိတအသင်းတွေကတော့ တက်လို့မရဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် ကောင်းခါးကျေးရွာခံအချို့ကတော့ မိုင်းတင်းကျေးရွာအထိ ရောက်လာကြပြီဖြစ်ပြီး ပရဟိတအသင်းတွေလည်း သွားရောက်ခေါ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ မန်စံရွာခံတစ်ဦးက “ကောင်းခါးရွာခံတွေကတော့ မိုင်းတင်းရွာအထိ ရောက်ပြီ။ ကျွန်တော်တို့ မန်စံရွာက ရွာသားတွေပဲ ကျန်တော့တာဗျ။ အခုလည်း ကျွန်တော့်ရွာမှာ ကျန်တဲ့ရွာသားတွေကို ပြန်သွားကြိုနေတယ်” လို့ ပြောပါတယ်။
RCSS တပ်ဖွဲ့နဲ့ TNLA တို့အကြား ဒီဇင်ဘာလ ၂၅ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့အထိ စစ်ရေးတင်းမာမှု ရှိနေဆဲဖြစ်ပါတယ်။
ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ (၇၃၀)ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#ကျေးရွာခံ #တိမ်းရှောင်လာ #ပရဟိတအသင်း #ကျောက်မဲ #RCSS #TNLA
#ဓာတ်ပုံ- Shar Htat Paing, အိုမ်တမာဝ် လူမှုကူညီရေးအသင်း (ကျောက်မဲမြို့ပေါ် ရောက်ရှိလာကြတဲ့ တိုက်ပွဲရှောင်)
https://www.facebook.com/451214215694715/posts/869521547197311/
https://www.facebook.com/shwepheemyaynews/posts/869521547197311
No comments:
Post a Comment